စက်တင်ဘာ-၄၊၂၀၂၆။နေ့သစ်/People’s Spring
KNU/KNLA တပ်မဟာ(၆)၊တပ်ရင်း(၂၈)ဒုတိယဗိုလ်မှူးကြီး စောဒါဘော က ဒီကနေ့မှာစစ်တပ်ထံက အလင်းဝင်လာတဲ့စစ်သား ၊ဖမ်းမိတဲ့စစ်သုံ့ပန်း ၊ပေါ်တာဆွဲခံရပြီးစစ်တပ်ထဲပါသွားရာကထွက်ပြေးလွတ်မြောက်လာတဲ့သူ စုစုပေါင်း ၂၅ ဦးနဲ့ စကားဝိုင်းပြုလုပ်ခဲ့ပါတယ်။
“သေချာတာကတော့ ဘယ်လိုနည်းနဲ့မှ အသက်မရှင်နိုင်ဘူး။ ဒါကျွန်တော်ရဲရဲကြီး ကျွန်တော့် ဘဝ အတွေ့အကြုံနဲ့ အာမခံပြီး ပြောရဲတယ်။ ဒါကြောင့်မိုလို့ ခင်ဗျားအသက်ရှင်ချင်ရင် ခင်ဗျားမိသားစုနဲ့ တစ်ချိန်ချိန်ကျ နွေးနွေးထွေးထွေးပြန်နေချင်ရင် ခင်ဗျားရုန်းထွက် ၊ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်ရုန်းထွက်။သေချာတာတစ်ခုကတော့တော်လှန်ရေးဘက်ထဲရောက်လာရင်တော့ခင်ဗျားအတွက် အာမခံချက်အပြည့်အဝပေးနိုင်တယ်ဆိုတာတော့ ကျွန်တော်ရဲရဲကြီး အာမခံတယ်” လို့ ဒုတိယဗိုလ်မှူးကြီး စောဒါဘော ကစစ်သားတွေအနေနဲ့ အလင်းမဝင်ရင် အသက်ဆက်မရှင်နိုင်ဘဲမိသားစုနဲ့သိုက်သိုက်ဝန်းဝန်းပြန်နေချင်ရင်အလင်းဝင်ကြဖို့ စကားဝိုင်းကတဆင့်တိုက်တွန်းပါတယ် ။
အဓိကက ဒီလိုလေ။ ကျွန်တော်တို့က ဆိုရှယ်မီဒီယာမှာကြည့်မယ်ဆိုရင်လည်း ဝါဒဖြန့်တာတွေ အများကြီးတွေ့ရတယ်။ အထူးသဖြင့်က တပ်ထဲမှာရောက်လာတဲ့ ပစတိုင်း တပ်သားတိုင်း ၊ အကြောင်း အမျိုးမျိုးကြောင့် ဖမ်းဆီးတာပဲဖြစ်ဖြစ် ထွက်ပြေးလာတာပဲဖြစ်ဖြစ် ကျွန်တော်တို့က သူတို့နှုတ်မှာထွက်လာတဲ့ စကားတစ်ခွန်းအမြဲတမ်း ကြားရတယ်။ မင်းတို့က ဟိုကိုရောက်သွားရင် သတ်ပစ်မယ်။ သတ်တာတောင် ရိုးရိုးသတ်တာမဟုတ်ဘူး။ နှိပ်စက်ပြီးတော့မှသတ်မှာ ။ ဒါတွေက ကျွန်တော်အမြဲတမ်းကြားနေရတာ။

Public Service Announcement
နွေဦးတော်လှန်ရေးမှာ ကော်ဘရာစစ်ကြောင်းနဲ့အတူ လူသိများလာတဲ့ ဗိုလ်ဒါဘောက ဆက်လက်ပြီး “ကျွန်တော်တို့တော်လှန်ရေးလုပ်တာကလူသတ်ဖို့တော်လှန်ရေးလုပ်တာမဟုတ်ဘူး။ စနစ်ကိုမကြိုက်လို့ တော်လှန်တာ။ ကျွန်တော် ဒီကနေ့ ဒီအချိန်အထိ သစ္စာဆိုရဲတယ်။ ကျွန်တော်တိုက်ပွဲမှာ တိုက်ပွဲပေါင်းကို မရေတွက်နိုင်တော့ဘူး။ ငါးနှစ်အတွင်း တိုက်ပွဲတွေက အကြိမ်ကြိမ်မရေနိုင်တော့ဘူး။ ဒါပေမယ့် ကျွန်တော်ဖမ်းမိတဲ့ သုံ့ပန်းတိုင်း နောက်ဆုံး သုံ့ပန်းတောင်မဟုတ်ဘူးဗျာ၊ တိုက်ပွဲမှာ သူသေကိုယ်သေတိုက် ကျွန်တော်လက်နဲ့ ကျွန်တော့်အမိန့်နဲ့ သတ်ခိုင်းတာတို့ နှိပ်စက်ခိုင်းတာတို့ မတရားချုပ်နှောင်ခိုင်းတာတို့ အခုချိန်အထိမရှိဘူး။ တိုက်ပွဲမှာရှိနေတဲ့ တပ်မှုး တပ်ဗိုလ်တစ်ယောက်အနေနဲ့ကတိသစ္စာဆိုရဲတယ်”လို့ပြောပါတယ်။
စကားဝိုင်းမှာ စစ်တပ်ကိုအနိုင်ယူပြီးတော်လှန်ရေးအောင်ပွဲဆင်နိုင်ဖို့အတွက် အရေးကြီးဆုံးမှာ တော်လှန်ရေးအဖွဲ့တွေရဲ့ စည်းလုံးညီညွတ်စွာနဲ့ ဘုံရန်သူကိုအတူတိုက်ခိုက်နိုင်ကြဖို့ဖြစ်ကြောင်းလည်းပြောပါတယ်။ စစ်အုပ်စုကိုနိုင်အောင်တိုက်ရန်မှာ မခက်ခဲဘဲ တော်လှန်ရေးတပ်တွေစည်းလုံးဖို့က ပိုခက်ခဲခဲ့ပြီး အတိတ်ကို သင်ခန်းစာယူပြီး စည်းလုံးညိညွတ်ကြဖို့တော်လှန်ရေးတပ်တွေကိုလည်းတိုက်တွန်းခဲ့ပါတယ် ။
ဒါ့အပြင် ဇူလိုင်လမှစပြီး တိုက်ပွဲတွေပြင်းထန်နေတဲ့ ဖလူး၊မင်းလက်ပံဒေသတိုက်ပွဲတွေနဲ့ပတ်သက်ပြီးတော့လည်းပြောခဲ့ပါတယ် ။စစ်တပ်ရဲ့ အမှတ်(၁၃)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၃) အောက်ကတပ်ရင်းတွေအပါအဝင် တပ်ရင်းပေါင်း ၂၀ နဲ့စစ်တပ်ကထိုးစစ်ဆင်ပေမယ့် ဒုဗိုလ်မှူးကြီး စောဒါဘော ဦးဆောင်တဲ့ စစ်ကြောင်းတွေကို မထိုးဖောက်နိုင်ခဲ့ဘူးလို့ပြောပါတယ် ။ သူဦးဆောင်တဲ့တပ်ရင်း ၆ ရင်းကို စစ်တပ်ရဲ့ တပ်ရင်း ၂၀ က မထိုးဖောက်နိုင်ကြောင်းရှင်းပြပါတယ် ။
“စကခ ၁၃ တက်လာတဲ့တစ်လအတွင်းထဲမှာသိမ်းဆည်းရမိတဲ့လက်နက်က ၅၀ ကျော်သွားပြီ ။အလောင်းတွေဆိုရင်တော့မပြောတော့နဲ့ ဗိုလ်မှူးတွေ ၊အရာရှိတွေအတုန်းအရုန်းပဲ ။ဒီအပေါ်မှာ ကျွန်တော့ဆီကိုပြေးလာတဲ့ ပြေးတယ်ဆိုတာ တိုက်ပွဲဖြစ်ပြီးတော့မှလွတ်ရာကျွတ်ရာပြေးပြီးတော့ကျွန်တော်တို့ဆီရောက်လာတာတွေရှိတယ် ။တိုက်ပွဲမှာဖမ်းမိတာတွေရှိတယ် ။ဒီတစ်လအတွင်းမှာအမြောက်အများရှိပါတယ် ။ဒါတွေကျွန်တော်ချပြဖို့ရှိပါတယ်”လို့ ဆက်ပြောပါတယ် ။
စစ်တပ်ကိုအခုလိုတော်လှန်တိုက်ခိုက်နိုင်တာဟာ ပြည်သူတွေရဲ့ထောက်ခံမှု နဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ပြင်းပြတဲ့ စိတ်ဆန္ဒကြောင့်ဖြစ်တယ်လို့လည်း ဒုဗိုလ်မှူးကြီးစောဒါဘောပြောပါတယ် ။
စစ်တပ်က အခုနောက်ပိုင်း အဓမ္မစုဆောင်းထားတဲ့ ပြည်သူ့စစ်(ပစ)တွေကိုပဲအဓိကအားကိုးနေရပြီး မတရားဖိနှိပ်စုဆောင်းထားတဲ့ ပြည်သူ့စစ်တွေမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီမှာလို့ စိတ်ဓါတ်ပြင်းပြမှုမရှိဘူးလို့သူကပြောပါတယ် ။
ဒုဗိုလ်မှူးကြီးစောဒါဘောနဲ့ တွေ့ဆုံဆွေးနွေးခဲ့သူ ၂၅ ဦး ထဲက စစ်သားအချို့က KNU နဲ့ ပူးပေါင်းပြီးစစ်အုပ်စုကို အမြစ်ပြုတ်တဲ့အထိပြန်လည်တိုက်ခိုက်သွားမယ်လို့ ပြောကြပါတယ်။
ဒုဗိုလ်မှူးကြီးစောဒါဘောကအခုလိုစကားဝိုင်းမျိုးအရင်ကလည်းလုပ်ဖူးပြီး အခုထပ်မံလုပ်တာဖြစ်ကာ စစ်သားသစ်စုဆောင်းခံရတဲ့လူငယ်တွေရဲ့အခက်အခဲတွေ ၊စစ်တပ်လက်အောက်မှာ ကိုယ်ဘဝကိုယ်မပိုင်တော့တာတွေပိုသိလာရတယ်လို့ပြောပါတယ်။ အခုလိုဆွေးနွေးတာကနေ လူငယ်တွေရဲ့အခက်အခဲတွေပိုသိလာရသလို စကားဝိုင်းကနေတဆင့်စစ်သားတွေ စစ်အာဏာရှင်လက်အောက်ကလွတ်အောင် ရုန်းထွက်ကြဖို့ နဲ့ ပြည်သူတွေထံကသတင်းစကားတွေ မျှဝေနိုင်လို့အကျိုးရှိတယ်လို့လည်းပြောပါတယ် ။

















































