စက်တင်ဘာ-၁၃၊၂၀၂၆။သော်မွန်/Peopel’s Spring
ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။
၂၀၂၁ စစ်အာဏာသိမ်းချိန်ကစလို့ ကုလသမဂ္ဂမှာ ကိုယ်စားပြုခွင့် မရရှိတဲ့ အာဏာသိမ်းစစ်တပ်ဟာ သံအမတ်ကြီးဦးကျော်မိုးထွန်းကို နေရာကနေဖယ်ရှားဖို့ နှစ်စဥ်ကြိုးပမ်းခဲ့သလို ဒီနှစ်မှာလည်း သံအမတ်ကြီးဦးကျော်မိုးထွန်းရဲ့ လုပ်ဆောင်ချက်တွေဟာ တရားမဝင်ဘူးလို့ စက်တင်ဘာ ၁၃ ရက်စွဲနဲ့ ထပ်မံသတင်းထုတ်ပြန်လာခဲ့တာပါ။
အာဏာသိမ်းစစ်တပ်ဟာ သံအမတ်ကြီးဦးကျော်မိုးထွန်းကို လုပ်ကြံသတ်ဖြတ်ဖို့အထိ လူငှားရမ်းလုပ်ဆောင်ခဲ့သလိုအဲဒီလုပ်ရပ် မအောင်မြင်တဲ့နောက်ပိုင်းမှာလည်းနည်းလမ်း

Public Service Announcement
ပေါင်းစုံသုံးပြီး မြန်မာနိုင်ငံကို ကိုယ်စားပြုတဲ့ ကုလသမဂ္ဂထိုင်ခုံကနေသံအမတ်ကြီးကို ဖယ်ရှားဖို့ လုပ်ဆောင်ခဲ့တယ်လို့ သံအမတ်ကြီးဦးကျော်မိုးထွန်းကပြောပါတယ်?
“စစ်အုပ်စုက တရားစွဲဆိုမှုတွေအပါအဝင် ပုံစံအမျိုးမျိုး နဲ့ ဒီအဖွဲ့ရုံးလုပ်ငန်းလှည်ပတ်မှု ရပ်အောင် လုပ်နေတာတွေရှိတယ် ဆိုတာလည်း ဖြေခဲ့တာရှိတာရယ်၊အဖွဲ့ရုံး လည်ပတ်နိုင်ဖို့ အဖွဲ့ရုံးငွေကြေးသုံးစွဲမှု အကြမ်းဖျဉ်းကို ဖြေကြားခဲ့ဖူးတာတွေ ရှိပြီဖြစ်လို့ ထပ်ပြီး ပြောစရာ မရှိသေးပါဘူး။ အခုဟာကိုကြည့်ရင် စစ်အုပ်စု Desparation (ကြံရာမရ)ဘယ်လောက် ဖြစ်နေပြီလဲ ဆိုတာ ပြနေတာပါပဲ”လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။
ဒီမိုကရေစီနည်းကျရွေးကောက်ခံအရပ်သားအစိုးရNLDအစိုးရလက်ထက်မှာကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးအဖြစ် ၂၀၂၀ ခုနှစ်မှာ ခန့်အပ်ခံခဲ့ရတဲ့ ဦးကျော်မိုးထွန်းဟာ ၂၀၂၁ စစ်အာဏာသိမ်းမှုကို ဖေဖော်ဝါရီလထဲမှာပဲ ကုလသမဂ္ဂစင်မြင့်ကနေ ကန့်ကွက်ရှုတ်ချကြောင်း ကမ္ဘာသိ မိန့်ခွန်းပြောကြားခဲ့ပြီး မြန်မာပြည်သူလူထုနဲ့အတူ ရပ်တည်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၅ နှစ်တာမှာ သံအမတ်ကြီးဦးကျော်မိုးထွန်းဟာ ကုလသမဂ္ဂအထွေထွေညီလာခံနဲ့ ဆက်စပ်အစည်းအဝေးတွေမှာ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့အခြေအနေများ၊ အကြမ်းဖက်စစ်အုပ်စုက တရားမဝင် စစ်အာဏာသိမ်းခဲ့တဲ့အချိန်မှ စတင်၍ မြန်မာပြည်သူ လူထုတစ်ရပ်လုံးအပေါ် ကျူးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုများ၊ ချိုးဖောက်ခဲ့တဲ့ ကြီးလေးသော ရာဇဝတ်မှုများနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ လူသားမဆန်မှုများ၊ နိုင်ငံတကာရာဇဝတ်မှုများအတွက် ပြစ်ဒဏ်မှ ရှောင်တိမ်းနေခြင်းများနဲ့ ပြည်သူအများ ကြုံတွေ့ခံစားနေရမှု စသည်တို့ကို အလေးအနက်အထား ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့သီတင်းပါတ်က(၈၁)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံရဲ့ပထမအကြိမ် မျက်နှာစုံညီအစည်းအဝေးနဲ့ ဖွင့်ပွဲအခမ်းအနားကို ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပခဲ့ရာ သံအမတ်ကြီးဦးကျော်မိုးထွန်းခေါင်းဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါတယ်။အဲဒီနေ့မှာပဲ(၈၁)ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံမှာ အဖွဲ့ဝင်နိုင်ငံများရဲ့ ကိုယ်စားလှယ်များကို စိစစ်မယ့် Credentials Committee ကိုဖွဲ့စည်းခဲ့ပါတယ်။
အဲဒီလို Credentials Committee ကို ဖွဲ့စည်းအပြီးမှာ အာဏာသိမ်းစစ်တပ်က ဦးကျော်မိုးထွန်းကို အမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးအဖြစ်ကနေ ထုတ်ပယ်ပြီးဖြစ်ကြောင်းနဲ့ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုအတွက် တရားစွဲဆိုဖမ်းဝရမ်းထုတ်ထားကြောင်းထုတ်ပြန်လာခဲ့တာပါ။စစ်တပ်လက်အောက်ခံနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ ဦးကျော်မိုးထွန်းကို တရားခံပြေးအဖြစ် ကြေညာထားပြီး နိုင်ငံတကာရဲတပ်ဖွဲ့(INTERPOL)၊ အမေရိကန်ရဲတပ်ဖွဲ့တို့နဲ့ ချိတ်ဆက်အရေးယူနိုင်ရေး သံတမန်ရေးလမ်းကြောင်းကနေ ဆက်လက်ဆောင်ရွက်နေတယ်လို့ ခြိမ်းခြောက်ထားပါတယ်။

















































