Connect with us

Hi, what are you looking for?

အတွေးအမြင်

“ဒီနေ့အဆင်ပြေရဲ့လား”မှာပဲရုန်းကန်နေရပြီး အနာဂတ်ကို မမျှော်နိုင်သေးတဲ့လူငယ်တွေ

ကလေးတွေကို ကြီးလာရင် ဘာဖြစ်ချင်လဲ၊ လူငယ်တွေကို အနာဂတ်မှာ ဘာဖြစ်ချင်လဲ။ ဘာလုပ်ဖို့ရည်ရွယ်ထားလဲ ဆိုတာမျိုး မေးတတ်ကြပါတယ်။ ဆရာဝန်ဖြစ်ချင်သလား။ အင်ဂျင်နီယာဖြစ်ချင်သလား။ စီးပွားရေးလုပ်ငန်းရှင်ဖြစ်ချင်သလား။ နိုင်ငံခြားမှာ ပညာသင်ချင် သလား။ တစ်ခါတလေမှာတော့ လူငယ်တစ်ယောက်ကို အနာဂတ်မှာ ဘာဖြစ်ချင်လဲ လို့ မေးလိုက်တာဟာ လွယ်ပါတယ်။

အေးခိုင်ဦး ရေးသားသည်။

ကလေးတွေကို ကြီးလာရင် ဘာဖြစ်ချင်လဲ၊ လူငယ်တွေကို အနာဂတ်မှာ ဘာဖြစ်ချင်လဲ။ ဘာလုပ်ဖို့ရည်ရွယ်ထားလဲ ဆိုတာမျိုး မေးတတ်ကြပါတယ်။ ဆရာဝန်ဖြစ်ချင်သလား။ အင်ဂျင်နီယာဖြစ်ချင်သလား။ စီးပွားရေးလုပ်ငန်းရှင်ဖြစ်ချင်သလား။ နိုင်ငံခြားမှာ ပညာသင်ချင် သလား။ တစ်ခါတလေမှာတော့ လူငယ်တစ်ယောက်ကို အနာဂတ်မှာ ဘာဖြစ်ချင်လဲ လို့ မေးလိုက်တာဟာ လွယ်ပါတယ်။

အရင်ကဆို ဒီမေးခွန်းတွေဟာ လူငယ်တွေရဲ့ အိပ်မက်တွေကို သိချင်လို့ မေးတဲ့မေးခွန်းတွေ ဖြစ်ခဲ့ပါတယ်။အဓိပ္ပါယ်နဲ့လည်း ပြည့်စုံပါတယ်။ဒါပေမယ့်ဒီနေ့ မြန်မာနိုင်ငံမှာ လူငယ်တစ်ယောက်ကို “အနာဂတ်မှာ ဘာဖြစ်ချင်လဲ” လို့ မေးမိတဲ့အခါ အဲဒီမေးခွန်းက အရမ်းဝေးလွန်းနေပါတယ်။ လက်ရှိအခြေအနေနဲ့ မသက်ဆိုင်သလိုလည်း ဖြစ်နေရပါတယ်။

သူတို့ ရင်ဆိုင် စဉ်းစားနေရတာက“မနက်ဖြန် ဘာစားဖို့” ၊“ဒီနေ့ လုံခြုံအောင်နေဖို့” ၊“အိမ်က မိသားစုအတွက်လုပ်ပေးနိုင်ဖို့” ၊“ကိုယ့်ဘဝဟာ ဆက်ရှိ‌နေဖို့”၊”​ပေါ်တာအဆွဲမခံရဖို့ “ဆိုတာတွေ ဖြစ်နေပါတယ်။ ဒါဟာ သူတို့မှာ အိပ်မက်မရှိတော့လို့ မဟုတ်ပါဘူး။ အိပ်မက်မက်ဖို့ထက် အသက်ရှင်ဖို့က ပိုအရေးကြီးလာလို့ပါ။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံမှာ ယနေ့ လူငယ်တွေရင်ဆိုင်နေရတဲ့ အခြေအနေဟာ ခက်ခဲတယ်ဆိုတာထက် အများကြီး ကျော်လွန်နေပါပြီ။ “အခက်အခဲ” ဆိုတဲ့ စကားလုံးတစ်လုံးတည်းနဲ့ ဖော်ပြဖို့မလုံလောက်တော့ပါဘူး။ အလုပ်အကိုင်မတည်ငြိမ်မှုတွေ၊ ပညာရေးပြတ်တောက်မှုတွေ၊ စီးပွားရေးအခက်အခဲတွေ၊ ကုန်ဈေးနှုန်းမြင့်တက်မှုတွေ၊ စစ်ဘေးတွေ၊ နေရပ်စွန့်ခွာရမှုတွေ၊ လုံခြုံရေးအန္တရာယ်တွေ၊ စစ်မှုထမ်းအတွက် ပေါ်တာဆွဲခံရမှာတွေ၊ ဒါတွေ ဟာ တစ်ခုချင်းစီ မဟုတ်ဘဲ လူတစ်ယောက်ရဲ့ဘဝထဲမှာတချိန်တည်း တစ်ပြိုင်နက်တည်းမှာ ရောက်လာကြတာပါ။

အဲဒီအခြေအနေတွေရဲ့ အလယ်မှာ လူငယ်တစ်ယောက်ဟာသူ့အိပ်မက်ကိုဆုပ်ကိုင်ထားဖို့ဆိုတာမလွယ်ကူတော့ပါဘူး။စွန့်လွှတ်လိုက်ရတာဖြစ်နေပါပြီ။ ကျောင်းဆက်မတက်နိုင်တော့တဲ့လူငယ်‌တွေ၊အလုပ်ရဖို့အတွက် ကိုယ့်အရည်အချင်းနဲ့ မဆိုင်တဲ့အလုပ်ကို လုပ်ကြရတဲ့လူငယ်တွေ၊ မိသားစုကို ထောက်ပံ့ဖို့ ကိုယ့်အသက်ထက်စောပြီး လူကြီးတစ်ယောက်လို တာဝန်ယူကြရတဲ့လူငယ်တွေ၊ ကိုယ့်မြို့၊ ကိုယ့်ရွာ၊ ကိုယ့်မိသားစုကို ခွဲခွာပြီး တခြားနေရာကို ရွှေ့ပြောင်းကြရတဲ့လူငယ်တွေ၊ အသက်ရှင်ရုံလေးအတွက် တခြားနိုင်ငံတွေမှာရောက်နေရပြီး ပတ်စ်ပို့သက်တမ်းတိုးဖို့ ခက်ခဲနေရတဲ့ လူငယ်‌တွေ၊​ဘောပင်နဲ့ လက်ပ်​တော့​တွေအစား သေနတ်ကိုင်ပြီးရှေ့တန်းကနေ တော်လှန်နေတဲ့လူငယ်တွေ။လူငယ်တွေဟာ ကိုယ့် လူငယ်ဘဝမှာ အနာဂတ်ပျောက်ခဲ့ကြရပါပြီ။

ဒီအခြေအနေကို တခြားတနေရာအပြင်ကနေကြည့်ပြီး “လူငယ်တွေ အခွင့်အရေးရှာပြီး ရှေ့ဆက် ရမှာပေါ့” လို့ ပြောရင်လည်း ပြောနိုင်ကြမှာပါ။ဒါပေမယ့်ဒီလိုအခြေအနေ အခွင့်အရေးမရှိတဲ့နေရာမှာ ရှေ့ဆက်ဖို့ဆိုတာ လွယ်ကူတဲ့အရာမဟုတ်ပါဘူး။

တကယ်တော့ မြန်မာနိုင်ငံက လူငယ်တွေရဲ့ ဘဝမှာ အကြီးမားဆုံး ဆုံးရှုံးမှုက ငွေကြေးတစ်ခုတည်း မဟုတ်ပါဘူး။ ရွေးချယ်စရာမရှိတော့တာပါ။ဘယ်မှာနေမလဲ။ ဘာကိုလေ့လာမလဲ။ ဘာအလုပ် လုပ်မလဲ။ ဘယ်အချိန်မှာ ကိုယ့်အိပ်မက်ကို အကောင်အထည်ဖော်မလဲ။ ဘယ်အချိန်မှာ အိမ်ထောင်ပြုမလဲ။ ဒီလို ဘဝရဲ့အရေးကြီးဆုံး ဆုံးဖြတ်ချက်တွေကို ကိုယ်တိုင်ဆုံးဖြတ်ခွင့်ရှိဖို့အတွက် အခြေခံလုံခြုံမှုနဲ့ တည်ငြိမ်မှု ရှိမှသာလုပ်လို့ရမှာပါ။

ဒါပေမယ့် တည်ငြိမ်မှု နဲ့ အေးချမ်းမှုမရှိတဲ့အခါ လူငယ်တစ်ယောက်ဟာ “ဘာဖြစ်ချင်လဲ” ဆိုတာထက် “ဘာလုပ်ရင် အသက်ရှင်နိုင်မလဲ” ကို အရင်စဉ်းစားရတဲ့ အခြေအနေဖြစ်နေတဲ့နိုင်ငံပါ။

မင်း​အောင်လှိုင်တစ်​ယောက်သမ္မတဖြစ်ဖို့အ​ရေး စစ်တပ်အာဏာသိမ်းမှုအောက်မှာ မြန်မာနိုင်ငံရဲ့အခြေအနေက သူတို့ကို အရွယ်မတိုင်ခင် ကြီးပြင်းလာစေခဲ့ပါတယ်။ဒီလိုအခြေအနေမှာ “မျှော်လင့်ချက်ရှိပါ” လို့ တခြားတနေရာ ကနေ ပြောရတာလည်း လွယ်ပါတယ်။ ဒါပေမယ့် ဆာလောင်နေတဲ့လူတစ်ယောက်ကို မျှော်လင့်ချက်အကြောင်းပဲ ပြောလို့ မရပါဘူး။ လုံခြုံမှုမရှိတဲ့လူတစ်ယောက်ကို အနာဂတ်အိပ်မက်တွေအကြောင်းပဲ ပြောလို့ မရပါဘူး။ ကျောင်းမတက်နိုင်တဲ့လူငယ်တစ်ယောက်ကို “ပညာရေးက အရေးကြီးတယ်” လို့ ပြောရုံနဲ့ မလုံလောက် ပါဘူး။ အလုပ်မရှိတဲ့လူငယ်တစ်ယောက်ကို“ကြိုးစားရင် အောင်မြင်မယ်” လို့ ပြောရုံနဲ့လည်း မလုံလောက်ပါဘူး။

မြန်မာနိုင်ငံမှ လူတစ်ယောက်လိုအပ်တာက အားပေးစကားတခုထဲမဟုတ်ဘဲ အသက်ရှင်နိုင်ဖို့ အခြေခံအခွင့်အရေး လိုအပ်နေတာပါ။ စားစရာ၊လုံခြုံရာ၊ပညာသင်ခွင့်၊အလုပ်အကိုင်အခွင့်အလမ်း၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ပြီးတော့ မိမိဘဝကို မိမိဆုံးဖြတ်နိုင်ခွင့်။

လူငယ်ဆိုတာ နိုင်ငံရဲ့အနာဂတ်လို့ ပြောတတ်ကြပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံက လူငယ်တွေ အကြောင်း ပြောတဲ့အခါမှာတော့ “သူတို့ဟာ နိုင်ငံရဲ့အနာဂတ်” ဆိုတဲ့ စကားလုံးတစ်ခုတည်းနဲ့ မလုံလောက်နိုင်တော့ပါဘူး။ သူတို့ဟာ အနာဂတ်တခုတည်းရဲ့ လူတွေမဟုတ်ပါဘူး။ သူတို့ဟာ ဒီနေ့မှာ အသက်ရှင်နေကြရတဲ့ လူတွေပါ။ သူတို့မှာလည်း ကြောက်တတ်ခွင့်ရှိပါတယ်။ ပင်ပန်းတတ်ခွင့် ရှိပါတယ်။ လမ်းပျောက်တတ်ခွင့်ရှိပါတယ်။အိပ်မက်ကို ခဏဘေးချထားတတ်ခွင့်ရှိပါတယ်။ အားနည်းသွားတဲ့အခါ အားနည်းနေတယ်လို့ ဝန်ခံခွင့်လည်း ရှိပါတယ်။

လူငယ်တစ်ယောက်က ဒီနေ့ သူ့မိသားစုအတွက် ထမင်းတစ်နပ်ရအောင် ကြိုးစားနေရတယ်ဆိုရင် အဲဒါဟာလည်း သူ့ဘဝအတွက် ကြီးမားတဲ့ရုန်းကန်မှုတစ်ခုပါပဲ။ တစ်ယောက်ယောက်က ပညာရေးကို ဆက်မတက်နိုင်ပေမယ့် ကိုယ့်ဘာသာကိုယ် စာလေ့လာနေတယ်ဆိုရင် အဲဒါဟာလည်း လက်မလျှော့ သေးတဲ့ သက်သေတစ်ခုပါပဲ။ မနက်ဖြန်အတွက် ဘာဖြစ်မလဲ မသိပေမယ့် ဒီနေ့ကို ကျော်ဖြတ် နိုင်အောင်ကြိုးစားနေတယ်ဆိုရင်အဲဒါဟာလည်း သတ္တိတစ်မျိုးပါပဲ။

မြန်မာနိုင်ငံရဲ့ လူငယ်တွေကို မျှော်လင့်ချက်တွေအကြောင်းပဲ မပြောသင့်တော့ပါဘူး။ သူတို့ရဲ့ နာကျင်မှုတွေ၊ ဆုံးရှုံးမှုတွေ၊ ရွေးချယ်မှုတွေကိုနားထောင်ပေး၊ နားလည်ပေးကြရမှာပါ။ သူတို့ကို အလွယ်တကူလည်း မဝေဖန်သင့်တော့ပါဘူး။ အပြင်ကနေကြည့်ရင် “ရွေးချယ်မှု” လို့ ထင်ရတဲ့အရာ တချို့ဟာ အတွင်းမှာတော့ “ရွေးချယ်စရာမရှိတော့ခြင်း” ဖြစ်နေနိုင်လို့ပါ။ ဒီနေ့ လူငယ်တစ်ယောက်ရဲ့ အကြီးမားဆုံးအောင်မြင်မှုဟာ အလုပ်ကောင်းကောင်းရတာ၊ ငွေအများကြီးရှာနိုင်တာ ဟုတ်ချင်မှ ဟုတ်တော့မှာပါ။ တစ်ခါတလေ ဒီနေ့ကို အသက်ရှင်ကျော်ဖြတ်နိုင်တာကိုယ်တိုင်က အောင်မြင်မှု ဖြစ်နေပါပြီ။

ဒါကြောင့်မြန်မာနိုင်ငံကလူငယ်တွေကို “အနာဂတ်အတွက် ဘာတွေပြင်ဆင်ထားလဲ” လို့ မေးမယ့်အစား “ဒီနေ့ အဆင်ပြေရဲ့လား” လို့ဘဲ မေးကြည့်သင့်ပါ‌တော့တယ်။ အဲဒီမေးခွန်းလေး တစ်ခုကပဲ အခုအချိန်မှာ လူငယ်တစ်ယောက်အတွက် အိပ်မက်အကြောင်းပြောတာထက် ပိုအရေးကြီးနေတာမျိုး ဖြစ်ချင်ဖြစ်‌နေနိုင်ပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့အနာဂတ်ကို တည်ဆောက်ဖို့အတွက် အရင်ဆုံး ဒီနေ့ကို အသက်ရှင်ကျော်ဖြတ်နိုင်ဖို့ လိုအပ်တယ်မဟုတ်လား။

ဆက်စပ်သတင်းများ

သတင်း

မကွေးမြို့မှာလည်း အသက်(၁၉)နှစ်အရွယ် လူငယ် ၁ဦး ပျောက်ဆုံးသွားလို့ လူမှုကွန်ရက်ကနေ အကူအညီတောင်းခံကာ ရှာဖွေနေရပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။

သတင်း

ရန်ကုန်မှာအခုရက်ပိုင်းအတွင်းပေါ်တာဆွဲတာတွေပိုဆိုးလာတာကြောင့် လူငယ်တွေဟာ အလုပ်သွား၊အလုပ်ပြန်ဖို့ကို​တောင် စိုးရိမ်​နေကြရပါတယ် ။

သတင်း

ပုဇွန်တောင် ၅၇ လမ်းမှာ လူငယ် ၂ ဦးကို အရပ်ဝတ်တွေက ရိုက်နှက်ဖမ်းပြီး ကားပေါ်တင်သွား

Facebook