စက်တင်ဘာ-၂၀၊၂၀၂၆။မေရီ/People’s Spring
ရှမ်းပြည်နယ်တောင်ပိုင်း၊ကျောက်တလုံးကြီးမြို့နယ်၊ဆောင်းဖိုးသရက်ပင်ရွာမှာ ခရုသင်း၊ သမင်ဖြူရောဂါ ဖြစ်ပွားနေတဲ့ အဘိုးအိုတစ်ဦးကို ရွာလူကြီးက ရွာကနေ နှင်ထုတ်နေကြောင်း သားဖြစ်သူက အသိပေးပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့၊နောင်ခဲကျေးရွာအုပ်စု၊ ဆောင်းဖိုး သရက်ပင်ရွာမှာ ခရုသင်း၊ သမင်ဖြူရောဂါဖြစ်နေတာကြာပြီဖြစ်တဲ့ အသက် (၇၂) နှစ်အရွယ် ဖြားဆရာဗွောဆိုသူရဲ့ နေအိမ်ကို ရွာလူကြီးနဲ့ ရွာသူရွာသားတွေ စုရုံးရောက်ရှိလာပြီး ရွာကနေ ထွက်သွားပေးဖို့ တောင်းဆိုခဲ့ကြတာပါ။
ဖြားဆရာဗွောဟာ အဲဒီရွာမှာပဲ မွေးဖွားကြီးပြင်းခဲ့သူဖြစ်ပြီး မကူးစက်နိုင်တဲ့ အရေပြားရောဂါတစ်မျိုး ဖြစ်တဲ့ ခရုသင်း (သမင်ဖြူ) ရောဂါ ခံစားနေရတာဟာ နှစ်ပေါင်း (၃၀) ကျော်ပြီဖြစ်ကြောင်း၊ ဒါ့အပြင် အိမ်ဝိုင်းအပြင်သို့ မထွက်တာလည်း နှစ်အတော်ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း ၎င်းရဲ့သားဖြစ်သူက လူမှုကွန်ရက်ကနေ ရေးသားထားပါတယ်။

Public Service Announcement
အဆိုပါရောဂါနဲ့ ပတ်သက်ပြီး အရေပြားအထူးကု ဆရာဝန်ကြီးတွေနဲ့ ပြသကုသခဲ့ပြီး ကူးစက်တတ်တဲ့ရောဂါမဟုတ်ကြောင်း ဆရာဝန်ကြီးတွေရဲ့ ထောက်ခံစာ ရှိသော်လည်း ရွာလူကြီးနဲ့ အဖွဲ့က ရွာစည်းကမ်းအရ လက်မခံနိုင်ဟုဆိုကာ ရွာပြင်သို့ မဖြစ်မနေ ထွက်ခွာပေးဖို့ ဖိအားပေးခဲ့ကြကြောင်း သိရပါတယ်။
“အဖေက ဒီရွာမှာမွေး ဒီရွာမှာဘဲကြီးပြင်းခဲ့တာပါ။အဖေက အိမ်ဝိုင်းအပြင်ဘက် မထွက်တာနှစ်အတော်ကြာပါပြီ။ရောဂါဖြစ်တာလည်း နှစ်ပေါင်း ၃၀ ကျော်ပါပြီ။ အရေပြားအထူးကုဆရာဝန်ကြီးတွေနဲ့လည်းပြသပြီးပါပြီ။ ကုသပြီးပါပြီ။ ဆရာဝန်ကြီးတွေ ဒီရောဂါက မကူးစက်တဲ့အကြောင်း လက်မှတ်လည်းထုတ်ထားပေးပါတယ်။ဒါကိုရွာလူကြီးက လုံးဝလက်မခံပါဘူး။ မင်းတို့အဖေက ဆရာဝန်နဲ့ နေမှာမဟုတ်ဘူး။ရွာသူရွာသားနဲ့နေရမှာဒါရွာရဲ့စည်းကမ်းပဲတဲ့။လက်မခံနိုင်ကြောင်း (ရွာအပြင်)ထွက်ကိုထွက်ပေးရမှာဖြစ်ကြောင်းအတင်းအဓမ္မ ဖိအားပေးနေကြတာပါ”လို့ သားဖြစ်သူက ရေးသားထားပါတယ်။
ဒါ့အပြင် ၎င်းတို့ရဲ့ နေအိမ်ကို သောက်သုံးရေနဲ့ လျှပ်စစ်မီးတွေပါ ဖြတ်တောက်သွားခဲ့ကြကြောင်း မိသားစုဝင်တွေရဲ့ရေးသားချက်အရ သိရပါတယ်။ ဖြားဆရာဗွောဟာအသက်အရွယ်ကြီးရင့်သူဖြစ်တဲ့အပြင် လေဖြတ် ဝေဒနာပါ ခံစားနေရသူဖြစ်သဖြင့် ရွာပြင်သို့ ထွက်ခွာနေထိုင်ဖို့ လုံးဝမဖြစ်နိုင်ကြောင်း၊ ဒီလိုဝေဒနာသည်တွေကို စောင့်ရှောက်တဲ့စခန်းတွေရှိရင်လမ်းညွှန်ပေးဖို့ သားဖြစ်သူကလူမှုကွန်ယက်မှာရေးသား အကူအညီတောင်းထားပါတယ်။ ယခင်ကလည်းရွာက မနေရဘူးဆိုပြီး ၂ ကြိမ် နှင်ထုတ်သေးကြောင်းသိရပါတယ်။
ဖြစ်စဥ်နဲ့ပတ်သက်ပြီး သားဖြစ်သူကို လူထုနွေဦးက ဆက်သွယ်မေးမြန်းထားပေမယ့် ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။
“ပညာမတတ်တော့ဒါတွေဖြစ်လာတာ။ပညာမတတ်အောင်လည်း ရည်ရွယ်ချက်ရှိရှိ လုပ်ထားတာပဲ။ ဒေသတွင်းမှာ တရားဥပဒေစိုးမိုးမှုလည်း မရှိတော့ လုပ်ချင်သလို လုပ်ကြတာ။ဥပဒေကြောင်းအရကတော့ဒါမျိုးတွေလုပ်လို့မရဘူး။ဒါပေမယ့်သိသိနဲ့ လွှတ်ထား(စစ်တပ်နဲ့စစ်တပ်လက်အောက်ခံအဖွဲ့အစည်းတွေကလွှတ်ထား)ပုံပါပဲ”လို့ ဆရာဝန်တဦးကပြောပါတယ်။
ကျောက်တလုံးကြီးမြို့နယ်ဟာ စစ်တပ်လက်အောက်ခံ PNO/PNA ပြည်သူ့စစမစိုးမိုးတဲ့ဒေသဖြစ်ပြီးပအိုဝ်းတိုင်းရင်းသားအများဆုံးနေထိုင်တဲ့ ဒေသဖြစ်ပါတယ် ။
ခရုသင်း/ သမင်ဖြူ (Vitiligo) ဆိုတာ မကူးစက်တတ်တဲ့အန္တရာယ်မရှိတဲ့ အရေပြားအခြေအနေတစ်ခုဖြစ်ပြီး မကုသဘဲထားလည်း နောက်ဆက်တွဲဆိုးကျိုးတွေ အထူးအထွေ မရှိကြောင်း၊ သို့သော် ဒီအရေပြားအခြေအနေနဲ့ နေကြရသူတွေမှာယုံကြည်မှုအားနည်းလာတာ၊ စိတ်အားငယ်တာ၊ နောက်ဆုံး စိတ်ကျတာတွေ အထိဖြစ်တတ်ကြောင်း၊ ကူးစက်ရောဂါတစ်ခုလို မှားယွင်းသိရှိထားကြပြီး မဖြစ်သင့်တဲ့ ခွဲခြားဆက်ဆံမှုတွေလည်း ခံရတတ်ကြောင်း NUG ရဲ့ ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထားပါတယ်။



















































