အီရန်ကို အဆုံးစွန်ထိ ချေမှုန်းပစ်နိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းအပြီး အီရန်နဲ့ အမေရိကန် ကိုယ်စားလှယ် အဖွဲ့တွေ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။
အထွေထွေ ညီလာခံ တက်ရောက်ဖို့အတွက် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ကို ရောက်နေတဲ့ အီရန် ကိုယ်စားလှယ် အဖွဲ့ဟာ ထရမ့်ရဲ့ မိန့်ခွန်းအပြီး မကြာခင်မှာပဲ စတိဗ်ဝစ်ကော့ဖ်၊ ဂျရတ်ကူရှ်နာတို့ ဦးဆောင်တဲ့ အမေရိကန် ကိုယ်စားလှယ် အဖွဲ့နဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။
သူ့ရဲ့ မိန့်ခွန်းထဲမှာတော့ ထရမ့်က အီရန်အနေနဲ့ စစ်ရပ်စဲရေးအတွက် အမေရိကန်နဲ့ သဘောတူညီမှု တစ်ခုခုကို ရှာဖွေမလား၊ အဆုံးစွန်ထိ ပြတ်ပြတ်သားသား ချေမှုန်းတာကို ခံမလားဆိုပြီး ခြိမ်းခြောက်ထားခဲ့ပါတယ်။
ဒါပေမဲ့ နိုင်ငံခြားရေး ဝန်ကြီး အဘက်စ် အာရက်ချီ ဦးဆောင်တဲ့ အီရန် ကိုယ်စားလှယ် အဖွဲ့နဲ့ ဝစ်ကော့ဖ်တို့က ၃ နာရီကြာ ဆွေးနွေးခဲ့ပြီးနောက် ထရမ့်က အဲဒီတွေ့ဆုံမှုဟာ အင်မတန် ကောင်းမွန်ပြီး အပြုသဘော ဆောင်ခဲ့ကြောင်း ပြောင်းလဲ မှတ်ချက်ပေးခဲ့ပါတယ်။

Public Service Announcement
ကြားဝင် စေ့စပ်ပေးသူတွေကလည်း နယူးယောက်မှာ ရှိနေခဲ့ကြောင်း၊ အဲဒီဆွေးနွေးမှုဟာ အမြင့်ဆုံးအဆင့် တွေ့ဆုံမှုမျိုးတော့ မဟုတ်ပေမယ့် အဓိပ္ပါယ် တစ်ခုခု ရှိခဲ့ကြောင်း၊ ကောင်းမွန်တဲ့ အတွေးတွေ၊ ကောင်းမွန်တဲ့ ကိစ္စတွေ အများကြီး အလုပ်ဖြစ်ခဲ့ကြောင်း ထရမ့်က ဆိုပါတယ်။
ဝစ်ကော့ဖ်ကလည်း အီရန် ကိုယ်စားလှယ် အဖွဲ့နဲ့ တွေ့ဆုံမှုအတွက် အတော်လေး ကျေနပ်မိကြောင်း ပြောပါတယ်။ ထရမ့်ရဲ့ ခြိမ်းခြောက်စကားအတွက် စိုးရိမ်မှုတွေ မြင့်တက်ခဲ့တဲ့ ရေနံစျေးကွက်ဟာ နှစ်နိုင်ငံ ကိုယ်စားလှယ်တွေ တွေ့ဆုံမှု သတင်းကြောင့် စိတ်သက်သာရာ ရခဲ့သလို ရေနံစျေးကလည်း နည်းနည်းပြန်ပြီး ကျရိပ်ပြလာပါတယ်။
ထရမ့်က ဆွေးနွေးမှုဟာ ကောင်းမွန်ခဲ့ကြောင်း၊ နောက်ဆက်တွဲ ရလဒ်တွေ ဘာဖြစ်မလဲ ဆိုတာကိုတော့ စောင့်ကြည့်ဖို့လိုကြောင်း အထွေထွေ ညီလာခံနဲ့ တိုက်ရိုက် မပတ်သက်တဲ့ အခမ်းအနားတစ်ခု တက်ရောက်လာချိန်မှာ ထရမ့်က သတင်းထောက်တွေကို မှတ်ချက်ပေးခဲ့ပါတယ်။
ဒီကိစ္စဟာ သဘောတူညီမှု တစ်ခုခုကို ရှာဖွေဖို့ အီရန်ဖက်က တစ်ဆင့်တက် ကြိုးစားမှုလို့ သူရှုမြင်ကြောင်း၊ ဖြစ်နိုင်မယ်ဆိုရင် အမေရိကန်ကလည်း အဲဒီလမ်းကြောင်းကို ပိုပြီး လိုလားကြောင်း ထရမ့်က ပြောကြားသွားပါတယ်။
အမေရိကန်နဲ့ ဆွေးနွေးခဲ့တဲ့ အကြောင်းကို အီရန် အစိုးရ ကိုယ်စားလှယ် အဖွဲ့ကတော့ လောလောဆယ် ဘာမှတ်ချက်မှ မပေးသေးပါဘူး။
အီရန် သမ္မတ မာဆုဒ် ပက်ဇက်ရှ်ခန်းဟာလည်း လက်ရှိမှာ UN ညီလာခံ တက်ရောက်ဖို့အတွက် နယူးယောက်ကို ရောက်ရှိနေပြီး စက်တင်ဘာ ၂၃ ရက်နေ့ကျရင် မိန့်ခွန်းပြောဖို့ စီစဉ်ထားပါတယ်။
ကိုးကား: Politico



















































