စက်တင်ဘာ ၂၃၊ ၂၀၂၆။ ထားမြတ်/People’s Spring
စစ်ကောင်စီတပ်သားတွေ အလင်းဝင်တာ၊ တိုက်ပွဲမှာ လက်နက်ချတာတွေ စတဲ့ ဖြစ်စဉ်တွေ ဆက်လက်ဖြစ်ပေါ်လျက်ရှိရာ အခုနှစ် ၈လတာအတွင်း စစ်တပ်ကနေ အလင်းဝင်သူ၊ လက်နက်ချသူနဲ့ စစ်သုံ့ပန်း စုစုပေါင်း ၁၄၀၀ ခန့်ရှိကြောင်း ပြည်သူပန်းတိုင်က အသိပေးထားပါတယ်။
ပြည်သူ့ပန်းတိုင်က ဒီကနေ့ စက်တင်ဘာ ၂၃ရက်မှာ ထုတ်ပြန်တဲ့ ၂၀၂၆ ဇန်နဝါရီ ကနေ ဩဂုတ်လကုန်အထိ ၈လတာအတွင်း အလင်းဝင်၊ လက်နက်ချနဲ့ စစ်သုံ့ပန်း စာရင်းများ လေ့လာဆန်းစစ်ချက် အစီရင်ခံစာနဲ့ အပတ်စဉ် တင်ဆက်နေတဲ့ စစ်တပ်ရဲ့ ပြေးဟပရောဂျက် ယခုတပတ် ဖော်ပြချက်တွေအရ အခုနှစ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄၀၀ ခန့်ဟာ လက်နက်ချတာ၊ အလင်းဝင်တာ၊ စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ ဒါဟာ တော်လှန်ရေးတပ်တွေနဲ့ မီဒီယာတွေရဲ့ ထုတ်ပြန်ချက်၊ ဖော်ပြချက်တွေကို စုစည်းထားတာဖြစ်လို့ မြေပြင်မှာ အရေအတွက် ပိုများနိုင်ပါတယ်။
ပြည်သူ့ပန်းတိုင်က ထုတ်ပြန်တဲ့ အလင်းဝင်၊ လက်နက်ချနဲ့ စစ်သုံ့ပန်းစာရင်းများ လေ့လာဆန်းစစ်ချက် အစီရင်ခံစာ အရ ၈လတာအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂၄၄ ဦး ဟာ စစ်တပ်ကို နည်းလမ်းအမျိုးမျိုးနဲ့ စွန့်ခွာလာခဲ့တာ မှတ်တမ်းတင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အပတ်စဉ် တင်ဆက်နေတဲ့ ပြေးဟပရောဂျက် ယခုတပတ် ဖော်ပြချက်အရ စက်တင်ဘာ ပထမပတ်မှာ စစ်ကောင်စီ တပ်သား ၁၂၁ဦး ၊ စက်တင်ဘာ ဒုတိယပတ်မှာ စစ်ကောင်စီတပ်သာ ၃၃ဦး အလင်းဝင်၊လက်နက်ချ၊ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ ဒါကြောင့် ၈လခွဲ ကျော် ကိုးလနီးပါးအတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်က ၁၄၀၀ ဦး လက်နက်ချ၊ အလင်းဝင်၊ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံခဲ့ရတာ တွေ့ရပါတယ်။

Public Service Announcement
လအလိုက် အလင်းဝင်၊ လက်နက်ချ ဖမ်းဆီးခံရ အခြေအနေကိုလည်း ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ခဲ့ရာ အခုနှစ်အတွင်း ဇွန်လမှာ စစ်ကောင်စီတပ်သား ၄၆၇ ဦးအထိ ရှိခဲ့ပြီး ပမာဏအများဆုံးဖြစ်ပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်သား ၁၄၀၀ ခန့်အနက် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရတဲ့ ပမာဏက ပိုများပြီး စုစုပေါင်း ၉၀၀ ကျော်ရှိပါတယ်။ လက်နက်ချ၊ ဖမ်းဆီးရမိနဲ့ အလင်းဝင် တဲ့ ဦးရေ အများဆုံးက မကွေးတိုင်းဖြစ်ပြီး ၄၁၅ဦး ရှိတာကြောင့် အခုနှစ်အတွင်း လက်နက်ချ၊ အလင်းဝင်၊ စစ်သုံ့ပန်း စုစုပေါင်းရဲ့ သုံးပုံတပုံနီးပါးရှိပါတယ်။
အဲဒီလို လက်နက်ချနဲ့ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရတာဟာ တော်လှန်ရေးတပ်တွေဟာ စစ်တပ်ထောက်ပံ့ရေး လမ်းကြောင်းတွေကို ထိရောက်စွာ ဖြတ်တောက်ပိတ်ဆို့နိုင်ခြင်းကြောင့် စစ်ကောင်စီတပ်က အချိန်မီ စစ်ကူ မပို့နိုင်တော့တဲ့ အခြေအနေမှာ လက်နက်ချတဲ့ အခြေအနေတွေ ဖြစ်ပေါ်ခဲ့တာလို့ ဆိုပါတယ်။
ဒါ့အပြင် ရိက္ခာနဲ့ ဆေးဝါးပြတ်လပ်မှု၊ ခေါင်းဆောင်မှု ပြိုလဲတာ တွေကြောင့်လည်း လက်နက်ချ အညံ့ခံတာတွေ ဖြစ်ခဲ့ဟုဆိုပါတယ်။
စစ်တပ် ရှေ့တန်းစခန်းတွေမှာ ရိက္ခာ၊ သောက်သုံးရေနဲ့ ဆေးဝါးများ ပြတ်လပ်လာပြီး စိတ်ပိုင်းဆိုင်ရာ အလွန်အမင်း ယိုယွင်းပျက်စီးလာနေတယ်လို့ ဆိုပါတယ်။
အထက်အရာရှိတွေ စခန်းစွန့်ထွက်ပြေးတာတွေရှိခဲ့ပြီး အရာရှိငယ်တွေ လုပ်သက်ရင့် သန္ဓေစစ်သည် အနည်းငယ်နဲ့ စစ်မှုထမ်း ဥပဒေနဲ့ စစ်တပ်တွင်းရောက်လာတဲ့ တပ်သားသစ်တွေကို တိုက်ပွဲအတွင်း အသုံးချ နေရခြင်းကြောင့် သေဆုံးဒဏ်ရာရ မြင့်တက်ကာ အောက်ခြေအရာရှိ စစ်သည်တွေဟာ တိုက်ပွဲ ဝင်လိုစိတ် မရှိဘဲ လက်နက်ချရန် ဆုံးဖြတ်လာတာတွေ့ရကြောင်းလည်း ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြိုလဲနေတာ ထင်ရှားတာကြောင့် ရှေ့တန်းစစ်မြေပြင်အထိ အလင်းဝင်သူတွေရဲ့ အခြေအနေမှန်တွေကို ထိရောက်စွာ အသိပေးတာ၊ CDM လှုံ့ဆော်မှုတွေ မြှင့်တင်တာ၊ လုံခြုံစွာ အလင်းဝင်နိုင်ရေး လမ်းကြောင်းတွေ ထောက်ပံ့ပေးတာ၊ စစ်ကောင်စီတပ်တွင်း စိတ်ဓာတ်ပြိုလဲမှု ပိုမြန်ဆန်စေမယ့် နည်းဗျူဟာမြောက်လုပ်ငန်းတွေ ရှေ့ဆက်လုပ်ဆောင်ဖို့လည်း ပြည်သူ့ပန်းတိုင် အကြံပြု ထားပါတယ်။



















































