စက်တင်ဘာ ၂၃၊ ၂၀၂၆။ဇေအောင်/People’s Spring
ခရီးသွားပြည်သူတွေရဲ့ ဖုန်းတွေမှာ စစ်တပ်စစ်ဆေးရေးဂိတ်တွေက စစ်ဆေးမေးမြန်းနိုင်တဲ့ ဓာတ်ပုံနဲ့ ရုပ်သံတွေ ထည့်မလာဖို့ တားမြစ်ထားတဲ့ အချက်တွေ ပါဝင်တဲ့ ကြေညာချက်ကို ပြည်တွင်းဘုရားဖူးနဲ့ ခရီးသွားဝန်ဆောင်မှုအသင်းက ထုတ်ပြန်လိုက်ပါတယ်။
ခရီးသွားများတဲ့ရာသီဖြစ်တဲ့ သီတင်းကျွတ်ကာလ ရောက်ကာနီးအချိန်မှာ ပြည်တွင်းဘုရားဖူးနဲ့ ခရီးသွားဝန်ဆောင်မှုအသင်းကနေ ဘုရားဖူးယာဉ်တွေ ဘေးကင်းလုံခြုံစွာထွက်ခွာနိုင်ရေးနဲ့ လမ်းခရီးစဉ်အတွင်း လိုက်နာရှောင်ကြဉ်ရမည့်အချက်အလက်တွေဆိုပြီး စက်တင်ဘာ ၂၁ ရက်က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီကြေညာချက်မှာ ခရီးသည်တွေရဲ့ ဖုန်းထဲမှာ ဥပဒေနဲ့ မညီညွတ်တဲ့ ဓါတ်ပုံနဲ့ ဗွီဒီယိုတွေ မပါရှိစေရန်ဆိုတဲ့ ညွှန်ကြားချက်ကို ထည့်သွင်းရေးသားထားပါတယ်။ ဘယ်လို ဥပဒေနဲ့မညီညွတ်တာတွေဆိုတာကိုတော့ ရှင်းပြထားခြင်း မရှိပါဘူး။

Public Service Announcement
ဒါ့အပြင် ခရီးသည်အားလုံး နိုင်ငံသားစိစစ်ရေးကတ်နဲ့ ရဲစခန်းကနေ ခရီးသွားထောက်ခံစာကိုလည်း ယူဆောင်လာဖို့ ညွှန်ကြားထားပါတယ်။
စစ်တပ်ရဲ့စစ်ဆေးရေးဂိတ်တွေဟာ ယခင်ကတည်းက ၎င်းတို့မသင်္ကာသူတွေရဲ့ ဖုန်းတွေကို ယူစစ်လေ့ရှိကြောင်း၊ ဒီထုတ်ပြန်ချက်တွေဟာ စစ်ကောင်စီအလိုကျ ခရီးသွားတွေကို ပိုမိုကျပ်တည်းအောင် စီစဥ်နေတာသာဖြစ်ကြောင်း ခရီးသွားလာနေကျ ပြည်သူအချို့က ပြောပါတယ်။
“ဒီထုတ်ပြန်ချက်တွေ မတိုင်ခင်ကလည်း တော်တော်လေးကိုကျပ်တယ်။ ခုနောက်ပိုင်းဆိုရင် မျက်လုံး Scan ဖတ်တာတွေ မန္တလေး၊ စစ်ကိုင်း၊ မုံရွာ၊ ရွှေဘို သွားတဲ့ ကားတွေမှာလည်း လာသမျှ လူတွေကို
မျက်လုံး Scan တွေဖတ် မှတ်ပုံတင်တွေဖတ် စာရင်းတွေသွင်းနေတာ။ တဖြည်းဖြည်းနဲ့ လူထုကို ချုပ်ကိုင်လာတဲ့ သဘောပေါ့ဗျာ”လို့ စစ်ကိုင်းနဲ့ မန္တလေးတိုင်း ခရီးသွားလာနေသူတစ်ဦးက ပြောပါတယ်။
ပြည်တွင်းဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှုအသင်းကတော့ Guide ဧည့်လမ်းညွှန်တွေကိုလည်း လမ်းခရီးစစ်ဆေးရေးအဖွဲ့တွေနဲ့ အဆင်ပြေစွာ ပြောဆိုဆက်ဆံပြီး ပူးပေါင်းဆောင်ရွက်ဖို့ ထပ်မံညွှန်ကြားထားပါတယ်။
ယာဉ်ထွက်ချိန် မနက်(၅)နာရီနဲ့ နောက်ပိုင်းစတင်ထွက်ခွာဖို့နဲ့ ည ၈ နာရီကနေ ၁၀ နာရီအတွင်း စုရပ်သို့ ပြန်ရောက်ဖို့၊ ခရီးသွားစဉ် လမ်းခရီးထူးခြားဖြစ်စဉ်တွေကို အသင်းဝင်ဂိတ်အချင်းချင်း အသိပေးတာနဲ့ DPTOA Member Group ထဲစာရေးသားပို့ပြီး အသိပေးဖို့ ထပ်မံညွှန်ကြားထားပါတယ်။
ဒါ့အပြင် အသင်းဝင်ကတ်နဲ့ လုပ်ငန်းလိုင်စင်တွေကို မိတ္တူဆွဲပြီး ထွက်ခွာမယ့် ယာဉ်ပေါ်ယူဆောင်သွားဖို့၊ လုပ်ငန်းရှင်တွေအားလုံး ဟိုတယ်ခရီးရဲ့ ခရီးလှည့်လည်ရေး လိုင်စင် DPTOA ရဲ့ထောက်ခံချက်နဲ့ တိုင်းဒေသကြီးက ထုတ်ပေးတဲ့ လိုင်စင်ရယူထားဖို့၊ လုပ်ငန်းလိုင်စင်တွေ၂လအတွင်းလျှောက်ထားကြဖို့၊ ခရီးသည်တွေ အိမ်အပြန် အငှားယာဥ်ငှားပေးဖို့နဲ့ အဆက်အသွယ်လုပ်ဖို့ ညွှန်ကြားထားပါတယ်။



















































