Connect with us

Hi, what are you looking for?

သတင်း

စက်သုံးဆီဈေး တစ်လီတာ ကျပ် ၆၀၀ကျော်အထိ မြင့်တက်

ရန်ကုန်မြို့ စက်သုံးဆီ ဈေးကွက်မှာ အမျိုးအစားအလိုက် တစ်လီတာကို ကျပ် ၆၀၀ ကျော်မြင့်တက်ခဲ့ပြီး ဓာတ်ဆီဈေးတွေ လေးထောင်ကျော်ကို ပြန်လည်ရောက်ရှိခဲ့တယ်လို့ ယာဉ်ပိုင်ရှင်တွေကပြောပါတယ်။

(စစ်တပ်မြို့တော် ပြင်ဦးလွင်မြို့မှာစက်သုံးဆီဝယ်ဖို့တန်းစီ​နေသူ​တွေကို ၂၀၂၆ မတ်လဒုတိယပတ်က တွေ့ရစဥ်။ ဓါတ်ပုံ-CJ)

စက်တင်ဘာ-၂၅၊၂၀၂၆။ဇော်ဝင်း၊ရောင်နီ/People’s Spring

ရန်ကုန်မြို့ စက်သုံးဆီ ဈေးကွက်မှာ အမျိုးအစားအလိုက် တစ်လီတာကို ကျပ် ၆၀၀ ကျော်မြင့်တက်ခဲ့ပြီး ဓာတ်ဆီဈေးတွေ လေးထောင်ကျော်ကို ပြန်လည်ရောက်ရှိခဲ့တယ်လို့ ယာဉ်ပိုင်ရှင်တွေကပြောပါတယ်။

ဒီ‌နေ့(စက်တင်ဘာ၂၅) ထုတ်ပြန်တဲ့ စစ်တပ်ရဲ့ စက်သုံးဆီရည်ညွှန်းဈေးတွေအရ ရန်ကုန်မြို့မှာ ဓာတ်‌ဆီ ၉၂ တစ်လီတာ ၄၄၅၀ ကျပ် ၊ ဓာတ်‌ဆီ ၉၅ တစ်လီတာ ၄၆၀၀ ကျပ် ၊ ဒီဇယ်တစ်လီတာ ၄၇၉၀ ကျပ်နဲ့ ပရီမီယံဒီဇယ်တစ်လီတာ ၅၇၉၅ ကျပ် သတ်မှတ်ထားပါတယ်။

အဲဒီဈေးနှုန်းတွေက ပြီးခဲ့တဲ့တစ်ပတ်ဈေးနှုန်းတွေနဲ့ယှဉ်ရင် ဓာတ်‌ဆီ ၉၂ တစ်လီတာ ၆၂၅ ကျပ် ၊ ဓာတ်‌ဆီ ၉၅ တစ်လီတာ ၆၅၀ ကျပ် ၊ ဒီဇယ်တစ်လီတာ ၆၄၀ ကျပ်နဲ့ ပရီမီယံဒီဇယ်တစ်လီတာ ၇၄၅ ကျပ် မြင့်တက်လာခဲ့တာပါ။

Public Service Announcement

Public Service Announcement

“ပြည်တွင်းဈေးနဲ့ပြောရရင်တစ်လီတာ ဈေးအတော်အတက်ကြမ်းတယ်ပြောရမယ်။အရှေ့အလယ်ပိုင်း စစ်ရေးနဲ့အရေးယူမှုတွေကြောင့်လည်းကမ္ဘာ့ရေနံစိမ်းလည်း အတက်ပြနေတဲ့ အခြေအနေရှိတယ်။မြန်မာ ယူနေရတဲ့ စင်ကာပူ ရေနံဈေးကွက်မှာလည်း ဓာတ်ဆီ ဈေးတွေ တက်နေတယ်”လို့ ရေနံစည်ဈေးကွက်ကို လေ့လာသူတစ်ဦးက ပြောပါတယ်။

စက်သုံးဆီဈေးတွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းက အမေရိကန်-အီရန် ပဋိပက္ခတွေကြောင့် တရှိန်ထိုးတတ်ခဲ့ပြီး ဧပြီလအထိ တစ်လကျော်အတွင်းမှာ စက်သုံးဆီအမျိုးအစားအလိုက် တစ်လီတာကို ငွေကျပ် နှစ်ထောင်ကျော် ကနေ ငါးထောင်အထိ တက်ခဲ့တာပါ။ ပရီမီယံဒီဇယ်ဆိုရင် ရန်ကုန်ဈေးကွက်မှာ သမိုင်းတစ်လျှောက် အမြင့်ဆုံးဈေးဖြစ်တဲ့ တစ်လီတာ ၇,၇၅၅ ကျပ်အထိ မြင့်တတ်ခဲ့တာပါ။

အဲဒီနောက် ဧပြီလလယ်ကစတင်ပြီး စက်သုံးဆီဈေးတွေ ပြန်လည်ကျဆင်းလာခဲ့ပေမယ့် ဖေဖော်ဝါရီက ရည်ညွန်းဈေးအထိတော့ ရောက်ရှိလာခြင်းမရှိသေးပါဘူး။

ဧပြီလလယ်ကနေ ဇူလိုင်လလယ်အထိသုံးလအတွင်း ကျဆင်းလာတဲ့ စက်သုံးဆီဈေးက ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းမှာ ဈေးပြန်တက်လာခဲ့ပြီး စက်တင်ဘာအထိ အတက်အကျအနည်းငယ်သာအပြောင်းအလဲရှိခဲ့တာပါ။

“ဈေးကတက်ရင် ရာနဲ့ ထောင်နဲ့ချီတယ်။ ကျရင်တော့ ဆယ်ဂဏန်းတောင် ခပ်လှုပ်လှုပ်ရယ်” လို့ ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။

ဆက်စပ်သတင်းများ

Facebook