စက်တင်ဘာ-၂၆၊၂၀၂၆။ဇော်၀င်း/People’s Spring
ပြည်တွင်း SKD ကားတွေရဲ့ စက်ရုံထုတ်ဈေးနဲ့ ပြင်ပပေါက်ဈေးဟာ ကျပ်သိန်းနှစ်ထောင်ကျော်ကွာဟနေပြီး စရံငွေကြိုပေးထားသူတွေ တစ်နှစ်ကျော်တဲ့အထိ ကားမရသေးတဲ့အခြေအနေဖြစ်နေပါတယ်။
လို့ စရံငွေကြိုပေးထားပြီးကားမရသေးသူတွေနဲ့ ကားဈေးကွက်ထဲက သိရပါတယ်။
ပြည်ပမှ ကားအစီးလိုက်တင်သွင်းမှုထက် အခွန်စရိတ်သက်သာတာကြောင့် တဝက်တပျက် တပ်ဆင်ပြီးသားအဖြစ် တင်သွင်းလာပြီး ပြည်တွင်း စက်ရုံတွေမှာအပြီးသတ်တပ်ဆင်တဲ့ (Semi-Knocked Down-SKD )ကားဈေးတွေတွေဟာ ပြင်ပဈေးကွက်မှာ အနည်းဆုံး ကျပ်သိန်း ၁၅၀၀ ကနေ ကျပ်သိန်း ၂၂၀၀ အထိရှိပိုများနေတယ်လို့မော်တော် ကား ရောင်း၀ယ်သူတချို့က ပြောပါတယ်။

Public Service Announcement
တိုယိုတာ၊ ဟွန်ဒိုင်း ၊ ဆူဇူကီး ၊ဖို့ဒ် နဲ့ တရုတ်ကားဘရန်း တွေဖြစ်တဲ့ Changan ၊Soueast ၊Dongfeng နဲ့ Leap motor တွေဟာ SKD စနစ်နဲ့ မော်တော်ကားထုတ်လုပ်နေတာဖြစ်ပါတယ်။
“Toyota Travo ဆို စက်ရုံထုတ်ဈေးက ၂၈၀၀ ဆိုရင်ဈေးကွက်ထဲမှာ ၅၀၀၀ လောက်ဖြစ်နေတာပေါ့။SKD စက်ရုံ နဲ့ ကား Showroom တွေရဲ့ နှစ်ဦးသဘောတူပူးပေါင်းရိုက်ချက်တွေ”လို့ ဝါရင့် ကား၀ယ်ရောင်း အကျိုးဆောင်တစ်ဦးက ပြောပါတယ်။
“နိုင်ငံတစ်ဝန်းလက်ရှိ Toyota Travoကားတွေရဲ့ ရရှိမှုအခြေအနေကို ကြည့်မယ်ဆိုရင် အများစုကအမှန်တကယ်အသုံးပြုမယ့် Customer တွေလက်ထဲကို မရောက်ဘဲ ဝယ်ရောင်းလုပ်ကိုင်သူတွေ နဲ့ Car Showroom တွေရဲ့ လက်ထဲမှာပဲ ရှိနေတယ်လို့ တွေ့မြင်နေရပါတယ်”လို့ SKD နဲ့ကားဝယ်ဖို့ ကျပ်သိန်း ၂၀၀ ငွေကြိုသွင်းထားပေမယ့် တစ်နှစ်ကျော်ကြာတဲ့အထိကားဝယ်ခွင့်မရသေးသူတဦးကပြောပါတယ် ။
ကားဝယ်စီးလိုတဲ့ပြည်သူတွေက Pre-Order တင်ပြီး အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရတဲ့အချိန်မှာ ကားအသစ်တွေက ကားအရောင်းပြခန်း( Car Showroom ) တွေမှာ အများအပြားရောက်ရှိနေတာကို တွေ့နေရတယ်လို့လည်းသူကဆက်ပြောပါတယ်။ ဒါကြောင့် SKD နဲ့ကားဆင်ပေးတဲ့စက်ရုံတွေရဲ့ကားခွဲဝေမှုစနစ်နဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာဖြစ်စေချင်တယ်လို့လည်းသူကပြောပါတယ်။
SKD စနစ်နဲ့ ကားတွေကသုံးစွဲသူတွေကိုတကယ်အကျိုးမဖြစ်ဘဲ ကားဈေးကွက်ကိုပါ ကမောက်ကမ ပိုဖြစ်စေတယ်လို့လည်း မော်တော်ယာဉ်ဈေးကွက်စောင့်ကြည့်သူတစ်ဦးက အသိပေးပါတယ်။
“နိုင်ငံခြားငွေ မထုတ်ပေးနိုင်လို့ ကားသွင်းခွင့် မရကြဘူး။အဲ့ဒါကြောင့် ရောက်ပြီးသား အသစ်တွေက ထိုးတက်တယ်။နောက် အခု SKD ကားခွဲတမ်းကပါ ရှုပ်ထွေးပြီး အမှန်တကယ် စီးမယ့်သူတွေဆီ လိုတဲ့သူတွေဆီ မရောက်တော့ ဈေးကွက်က တနေ့တခြားပိုပိုဆိုးလာတယ်”လို့ သူ့အမြင်ကိုရှင်းပြပါတယ်။
လက်ရှိ ပြည်တွင်းကားဈေးကွက်မှာလည်း ဂျပန်တပတ်ရစ်ကားတွေအပါအ၀င်မော်ဒယ်လ်အမျိုးအစားအလိုက်ကျပ်သိန်းရာဂဏန်းမှ ထောင်ဂဏန်းအထိ ဈေးတက်နေတယ်လို့လည်း ဆိုပါတယ်။
“လက်ထဲ ကားတွေ အများကြီး လှောင်ထားတဲ့ သူတွေ အကျိုးအမြတ်ရနေတယ်”လို့ ဒေါပုံမြို့နယ်က ကား၀ယ်ရောင်းတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် စစ်တပ်ရဲ့ နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော် မတီ (FESC) က ကားတင်သွင်းခွင့်ပါမစ်အားလုံးကို ရက်အကန့် အသတ်မရှိ ယာယီရပ်ဆိုင်းခဲ့တာကြောင့်လည်း အရည်ကြိုကားအပ်ပြီး EV သွင်းဖို့ စောင့်နေသူတွေ အခက်အခဲ ဖြစ်နေတယ်လို့ သိရပါတယ်။
ရွေးကောက်ခံအရပ်သားအစိုးရလက်ထက်မှာလူတန်းစားတွေလက်လှမ်းမီခဲ့တဲ့ကားဈေးကွက်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ပိုင်း ကစပြီး ကျပ်သိန်း ၁၀၀ ၀န်းကျင် ပရိုဘောက်ကားက အနည်းဆုံး သိန်း ၆၀၀ ဖြစ်နေပြီး သိန်း ၁၅၀ နဲ့ ၀ယ်လို့ရခဲ့တဲ့ ၂၀၀၈ ဟွန်ဒါဖစ် ကားတွေက သိန်း တစ်ထောင်၀န်းကျင်အထိဖြစ်နေပါတယ်။ဒါကြောင့်ငွေကြေတက်နိုင်သူတွေဘဲ ကားဝယ်စီးနိုင်တော့ပြီး ကားဝယ်စီးနိုင်သူတွေ ပိုနည်းလာပါတယ် ။


















































