အီရန်ဖက်က ကနဦး ချဉ်းကပ် ကမ်းလှမ်းမှု တစ်ခုကို ပယ်ချထားပေမယ့် နှစ်ဖက်ကြား သဘောတူညီမှု တစ်ခုခု ရယူနိုင်မယ်လို့ ယုံကြည်ထားဆဲဖြစ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက အီရန်က အမေရိကန်ဖက်က အလျှော့ပေး လိုက်လျောမှုတွေ ရှိလာမယ်ဆိုရင် ဟောမုဇ် ရေလက်ကြားကို တစ်ပတ်အတွင်း ပြန်ဖွင့်ပေးမယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။ ဇွန်လတုန်းက နှစ်နိုင်ငံကြား သဘောတူ လက်မှတ်ရေးထိုးခဲ့တဲ့ နားလည်မှု စာချွန်လွှာ (MoU)ထဲမှာ ပါတဲ့ အချက်အလက်တွေကိုပဲ အီရန်ဖက်က တောင်းဆိုခဲ့ကြောင်း၊ အမေရိကန်ကသာ လိုက်လျောမယ်ဆိုရင် အီရန် ပိတ်ဆို့ထားတဲ့ ဟောမုဇ် ရေလက်ကြားကို ၇ ရက်အတွင်း ပြန်ဖွင့်ပေးမှာဖြစ်ကြောင်း အီရန် နိုင်ငံခြားရေး ဝန်ကြီး အဘက်စ် အာရက်ချီက ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ ထရမ့်ကတော့ ကြားဝင်ညှိနှိုင်းပေးတဲ့ နိုင်ငံတွေကနေတဆင့် အီရန်ပေးပို့တဲ့ အဆိုပြုချက်ဟာ လက်ခံနိုင်စရာ မရှိဘူးဆိုပြီး ပယ်ချခဲ့ပါတယ်။ စက်တင်ဘာ ၂၇ ရက်နေ့မှာတော့ သူက အခု သီတင်းပတ်ထဲမှာ အီရန်နဲ့ အမေရိကန်ကြား နောက်ထပ် ဆွေးနွေးမှုတွေ ပြန်စလာနိုင်ခြေ ရှိနေကြောင်း မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။
အီရန်က သဘောတူညီမှု ရချင်နေကြောင်း၊ ဒါပေမဲ့ အဲဒီသဘောတူညီမှုက သူလိုချင်တဲ့ ပုံစံတော့ မဟုတ်ကြောင်း Axios သတင်းဌာနကို ထရမ့်က ပြောပါတယ်။ လွန်ခဲ့တဲ့ တစ်နှစ်လောက်တုန်းက အခြေအနေတွေနဲ့ ဆိုရင်တော့ အီရန်ရဲ့ အဆိုပြုချက်ကို အမေရိကန်က လက်ခံကောင်း လက်ခံခဲ့မှာဖြစ်ကြောင်းလည်း သူက ဆိုပါတယ်။

Public Service Announcement
Axiosကတော့ အမေရိကန် အစိုးရရဲ့ အတွင်းပိုင်း သတင်းရင်းမြစ် တချို့ကို ကိုးကားပြီး အီရန်နဲ့ ဝါရှင်တန်ကြား ဆွေးနွေးမှုတွေဟာ အစောဆုံးအဖြစ် စက်တင်ဘာ ၂၈ ရက်နေ့လောက်မှာပဲ ပြန်စလာနိုင်တယ်လို့ ဖော်ပြခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာတော့ အီရန် နိုင်ငံခြားရေး ဝန်ကြီး အာရက်ချီက ဟောမုဇ် ရေလက်ကြားကို ပြန်ဖွင့်ပေးဖို့ဆိုရင် အီရန်ရဲ့ တောင်းဆိုမှုတွေကို ဖြည့်ဆည်းပေးဖို့ လိုမယ့်အကြောင်း အခိုင်အမာ ပြောကြားခဲ့ပါတယ်။ အီရန်ရဲ့ ရပ်တည်ချက်က ပြောင်းလဲမှာ မဟုတ်သလို အဲဒီတောင်းဆိုချက်တွေကနေ အလျှော့ပေး နောက်ဆုတ်မှာ မဟုတ်ဘူးလို့လည်း သူက ဆိုပါတယ်။
အီရန်ဟာ သံတမန်ရေးဆိုင်ရာ ညှိနှိုင်းမှုတွေကို ဘယ်တုန်းကမှ ပိတ်ဆို့မထားသလို တခြားတစ်ဖက်မှာလည်း ကိုယ့်အခွင့်အရေးတွေကို ခိုင်ခိုင်မာမာ ကာကွယ်သွားမှာဖြစ်ပြီး လုံးဝ နောက်မဆုတ်ဘူးလို့ သူက ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ် အစောပိုင်းတုန်းက ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းထဲမှာ ထရမ့်က အီရန်ဟာ အမေရိကန်နဲ့ သဘောတူညီမှု တစ်ခုခုရအောင် မညှိနိုင်ရင် အဆုံးစွန်ထိ ဖျက်ဆီးချေမှုန်းတာ ခံရနိုင်ကြောင်း ခြိမ်းခြောက်သွားခဲ့ပါတယ်။
ကိုးကား: AFP


















































