အောက်တိုဘာ-၁၊၂၀၂၆။ရွှေပြည်စိုး/People’s Spring
တနင်္သာရီတိုင်းအတွင်းရေဘေးနဲ့ မြေပ်ြိမှု ဘေးကြုံတွေ့နေတဲ့ ဒေသတွေကို စစ်တပ်က ပြည်သူအသွင်ယူပြီး စိမ့်ဝင်နေတဲ့အတွက် ကယ်ဆယ်ရေးအဖွဲ့အစည်းတွေအနေနဲ့ အလံဖြူထောင်သွားလာခြင်းမပြုကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ တနင်္သာရီတိုင်းစစ်ဌာန၊နည်းဗျူဟာ(၃၃)က ထုတ်ပြန်ပါတယ်။
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်နဲ့ သရက်ချောင်းမြို့နယ်အတွင်းရှိ ဘေးသင့်ဒေသတွေဆီ အနယ်နယ် အရပ်ရပ်မှ ပရဟိတအဖွဲ့တွေ လူမှုကယ်ဆယ်ရေး အဖွဲ့တွေနဲ့ ထောက်ပံ့မှုပြုလုပ်ပေးနေတဲ့ ပြည်သူ့အဖွဲ့အစည်းတွေက ကုန်းလမ်း၊ ရေလမ်းနဲ့ ဝင်ရောက်ကူညီ စောင့်ရှောက်ပေးနေကြောင်းနဲ့ လာရောက်တဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေကို အလံဖြူထောင်ပြီး သွားလာကြဖို့ စစ်ကောင်စီက ဖိအားပေးထားပြီး ပြည်သူအသွင်ယူစိမ့်ဝင်နေတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အလံဖြူထောင်ပြီး သွားလာရခြင်းက တော်လှန်ရေးတပ်ဖွဲ့တွေကို ပြည်သူတွေထင်ယောင် ထင်မှားဖြစ်အောင် စစ်ကောင်စီက ဝါဒဖြန့်ချီနေတာဖြစ်ပြီးတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပြည်သူလူထုအကြား စနစ်တကျ သပ်လျှိုသွေးခွဲနေတယ်လို့ တနင်္သာရီတိုင်းစစ်ဌာနနည်းဗျူဟာ(၃၃)က ရှင်းလင်းဖော်ပြထားပါတယ်။ရေဘေးသင့် ပြည်သူတွေ့ရှိကိုလာရောက်ကူညီတဲ့သူတွေကိုလည်း စစ်ကောင်စီစစ်ဆေးဂိတ်တွေကနေ အာမခံလက်မှတ်ထိုးခိုင်းနေသလို အခက်အခဲကြုံတွေ့နေတဲ့ပြည်သူကိုအသုံးချပြီး နိုင်ငံရေး၊ စစ်ရေးအရ ပုံဖော်နိုင်ဖို့အတွက်အလံဖြူထောင်သွားလာခိုင်းနေတာလို့ ဖော်ပြထားပါတယ်။

Public Service Announcement
ဒါကြောင့် ကယ်ဆယ်ရေးအဖွဲ့အစည်းတွေအနေနဲ့ ကယ်ဆယ်ရေးနဲ့ ထောက်ပံ့ရေးယာဉ်တွေ အားလုံးမှာအောက်တိုဘာလ၁ရက်နေ့ကစပြီး အလံဖြူထောင် သွားလာခြင်းမလုပ်ဆောင်ကြဖို့ မေတ္တာရပ်ခံထားပါတယ်။
တနင်္သာရီတိုင်းအတွင်း ထိုင်းနိုင်ငံဖက်က လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မိုးကြီးပြီး စက်တင်ဘာလ၂၆ရက်နေ့ကစတင်ကာ ဘေးကြုံတွေ့ခဲ့တာပါ။ လောင်းလုံးနဲ့ သရက်ချောင်းမြို့ဟာ ရေဘေးနဲ့ မြေပြိုမှုအဆိုးဆုံးကြုံတွေ့နေရပါတယ်။တောင်ပြိုမှုနဲ့ ရေကြီးရေလျှံမှုကြောင့် ထားဝယ်ဒေသတစ်ခုလုံးမှာ သေဆုံးသူ အနည်းဆုံး ၃၂ ဦးရှိကြောင်း အတည်ပြုထားနိုင်ပြီး လူနေအိမ်နဲ့ ဘာသာရေးအဆောက်အဦးတွေ အပါအဝင် အဆောက်အဦးပေါင်း ၃၀၀ ဝန်းကျင်၊ ငါးဖမ်းလှေအစီးရေ ၅၀ ဝန်းကျင် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ထားဝယ်အမျိုးသားအဖွဲ့ချုပ်ကထုတ်ပြန်ထားပါတယ်။အပျက်အစီးစာရင်း ဆက်လက်တိုးလာနိုင်ပြီး ဒေသခံတွေအတွက်အကူအညီတွေလိုအပ်နေတယ်လို့ထုတ်ပြန်ထားပါတယ်။
လက်ရှိ ရေဘေးနဲ့ မြေပြိုမှုဘေးကြုံတဲ့ဒေသတွေဟာစစ်တပ်က မြို့ပေါ်တွေကိုသာထိန်းချုပ်ထားနိုင်ပြီး ပတ်ဝန်းကျင်ကျေးရွာတွေကိုတော်လှန်ရေးတပ်ဖွဲ့တွေကထိန်းချုပ်ထားတာဖြစ်ပါတယ်။ ဒါ့အပြင် ကူညီကယ်ဆယ်ရေးမှာလည်း စစ်ကောင်စီကာဆောင်ရွက်ခြင်းမရှိဘဲ ဘေးသင့်ဒေသတွေကိုစစ်ကြောင်းတွေဝင်ရောက်လာတဲ့အတွက် စိုးရိမ်နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒေသခံတွေဘေးကြုံတွေ့နေစဉ်မှာပဲစက်တင်ဘာ ၃၀ ရက်ညနေပိုင်း နဲ့ အောက်တိုဘာ ၁ ရက် ညနေပိုင်းမှာ စစ်တပ်က ထားဝယ်မြို့နယ်နဲ့ သရက်ချောင်းမြို့နယ်တွေထဲကိုလေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။ စစ်တပ်ကရေဘေးသင့်ဒေသတွေကို ဗုံးကြဲပြီး ကယ်ဆယ်ရေးနဲ့ပတ်သက်လို့ လုံခြုံရေးအခြေအနေအရစိတ်မချရတဲ့အတွက် ကျေးရွာတွေကိုသွားရောက်နိုင်ခြင်းမရှိဘူးလို့ဝါဒဖြန့်ထားပါတယ်။
လောင်းလုံးနဲ့သရက်ချောင်းမြို့နယ်အတွင်း ရေဘေးရင်ဆိုင်နေရတဲ့ပြည်သူတွေကို လာရောက်ကူညီကြမယ့်ကယ်ဆယ်ရေးအဖွဲ့တွေ ဒေသတွင်းမှာအဆင်ပြေပြေသွားရောက်နိုင်ဖို့အတွက်လည်း နည်းဗျူဟာ (၃၃)ကွပ်ကဲမှုအောက်ရှိတပ်ရင်း၊တပ်ဖွဲ့တွေနဲ့ နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပါဝင်ကူညီကြဖို့ တနင်္သာရီတိုင်းစစ်ဌာန၊နည်းဗျူဟာ (၃၃)က စက်တင်ဘာလ၂၈ရက်နေ့မနက်ပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။တနင်္သာရီတိုင်းအတွင်း ရေဘေးသင့်ပြည်သူတွေအနေနဲ့ လိုအပ်တဲ့အကူအညီကိုဆက်သွယ်တောင်းခံနိုင်တယ်လို့ တော်လှန်ရေးအင်အားစုတွေကထုတ်ပြန်ထားပါတယ်။
တစ်မြို့နယ်လုံးအတွက် လွှမ်းခြုံဆောင်ရွက်နိုင်ရန်ဖို့ အကန့်သတ်တွေ ရှိနေပေမယ့် အန္တရာယ်ရှိနိုင်တဲ့ ကျေးရွာတွေက ပြည်သူတွေကို ဘေးကင်းနေရာသို့ ရွှေ့ပြောင်းပေးပြီး လိုအပ်တဲ့ အကူအညီတွေပေးနေတယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။ရေကြီး၊ တောင်ပြိုအန္တရာယ်ရင်ဆိုင်နေရတဲ့ ကျေးရွာတွေမှာ အကူညီပေးနေတဲ့အဖွဲ့အစည်းတွေ၊ဒေသခံပြည်သူတွေအနေနဲ့အကူအညီလိုအပ်ရင် ဆက်သွယ်တောင်းခံဖို့လည် လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။



















































