ပုပ်ရဟန်းမင်းကြီးမှာ အဆုတ်ကင်ဆာရောဂါ စစ်ဆေးတွေ့ရှိခဲ့ပေမယ့် အောင်အောင်မြင်မြင် ခွဲစိတ် ဖယ်ရှားနိုင်ခဲ့ကြောင်း ဗာတီကန် နန်းတော်က ထုတ်ပြန်ခဲ့ပါတယ်။
အသက် ၇၁ နှစ် ရှိပြီဖြစ်တဲ့ ရိုမန်ကက်သလစ် ခရစ်ယာန် ဘာသာရေးရဲ့ အထွဋ်အခေါင် သာသနာပိုင်ချုပ်ကြီးဟာ အောက်တိုဘာ ၁၃ ရက်နေ့က အီတလီနိုင်ငံ၊ ရောမမြို့မှာရှိတဲ့ ဂမ်မယ်လီ ဆေးရုံမှာ မိနစ် ၉၀ ကြာ ခွဲစိတ်မှု ခံယူခဲ့ကြောင်း ဗာတီကန်က ဆိုပါတယ်။
ဆရာဝန်တွေက ပုပ်ရဟန်းမင်းကြီးရဲ့ ညာဖက်ခြမ်း အဆုတ်ရဲ့ အောက်ပိုင်းကို ဖြတ်တောက် ဖယ်ရှားခဲ့ပြီး အဲဒီနောက် ဓာတ်ခွဲစစ်ဆေးခဲ့ရာမှာတော့ ကင်ဆာကြိတ် ဖြစ်တယ်ဆိုတာကို အတည်ပြုခဲ့ပါတယ်။
အကြိတ်ကို အရမ်းစောတဲ့ အဆင့်မှာ တွေ့ရှိခဲ့တာကြောင့် ခွဲစိတ်မှုက အပြည့်အဝ အောင်မြင်ပြီး ရှုပ်ထွေးတဲ့ ရလဒ်မျိုးလည်း မရှိဘူးလို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ ခွဲစိတ်မှု အပြီးမှာ ပုပ်ရဟန်းမင်းကြီး လီယိုဟာ ပုံမှန်အတိုင်း ပြန်လည် နိုးထလာခဲ့ကြောင်းလည်း သိရပါတယ်။

Public Service Announcement
ပုပ်ရဟန်းမင်းကြီးကို ပုံမှန်ကျန်းမာရေး စစ်ဆေးမှုတွေ လုပ်ရင်းကနေ အဆုတ်မှာ အကြိတ်ရှိနေတာကို စတင်တွေ့ရှိခဲ့တာပါ။ ခွဲစိတ်မှု အပြီးမှာတော့ ပုပ်ရဟန်းမင်းကြီးဟာ ဆေးရုံမှာ တစ်ပတ်လောက် ဆက်ပြီး နေရဖွယ် ရှိတယ်လို့ ဆိုပါတယ်။
ပုပ်ရဟန်းမင်းကြီး ခွဲစိတ်ရမယ်ဆိုတဲ့ သတင်းကြောင့် စိုးရိမ်နေတဲ့ ကက်သလစ် ဘာသာဝင် အများအပြားဟာ ဆေးရုံရှေ့မှာ စိုးရိမ်တကြီး လာရောက် စုဝေးခဲ့ကြပါသေးတယ်။ ဆေးရုံကို ပုပ်ရဟန်းမင်းကြီးရဲ့ကား ရောက်လာချိန်မှာ ဝတ်ပြု ကိုးကွယ်သူတွေက နှုတ်ဆက်ပြီး ဆုမွန်ကောင်း တောင်းပေးကြသလို ပုပ်ရဟန်းမင်းကြီးကလည်း ကားမှန်ကိုချပြီး ပြုံးပြုံးရွှင်ရွှင် လက်ဝှေ့ယမ်း တုံ့ပြန်ခဲ့ပါတယ်။
ဗာတီကန်ရဲ့ ထုတ်ပြန်ချက်မှာတော့ အကြိတ်က ပျံ့နှံ့သွားတာမျိုး မဖြစ်တာ သေချာအောင် ပုပ်ရဟန်းမင်းကြီးရဲ့ ညာဖက်ခြမ်း အဆုတ် အောက်ပိုင်းတစ်ခုလုံးကို ဖြတ်တောက် ဖယ်ရှားခဲ့တယ်လို့ ပါရှိပါတယ်။ ပြီးတော့ ကင်ဆာက ပျံ့နှံ့မှု မရှိတာ သေချာစေဖို့ နောက်ဆက်တွဲ ဆေးစစ်မှုတွေလည်း ဆက်လုပ်ထားတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က စိန့်ပီတာ ရင်ပြင်မှာ ဝတ်ပြုသူတွေနဲ့ တွေ့ဆုံချိန်မှာ ပုပ်ရဟန်းမင်းကြီးက ခွဲစိတ်မှု ခံရမယ့်အကြောင်း အသိပေးခဲ့ပါတယ်။ သူ့အဆုတ်မှာ ကြီးထွားလာနေတဲ့ အကြိတ်တစ်ခု ရှိကြောင်း၊ အရမ်းအစောပိုင်းအဆင့်ပဲ ဖြစ်နေသေးပေမယ့် ခွဲစိတ်ဖယ်ရှားဖို့ ဆရာဝန်တွေက အကြံပြုထားကြောင်း ပုပ်ရဟန်းမင်းကြီးက ဆိုပါတယ်။
ပုပ်ရဟန်းမင်းကြီးဟာ နိုဝင်ဘာလမှာ လက်တင်အမေရိက ခရီးစဉ် သွားရောက်ဖို့ စီစဉ်ထားပြီး အဲဒီကိစ္စကို ရက်မရွှေ့ချင်တာကြောင့်လည်း စောစောစီးစီး ခွဲစိတ်မှု ခံယူဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း တိုကျိုမှာရှိတဲ့ ကာဒီနယ် ရဟန်းအမတ် ကီကူချီ တာဆစ်စီယိုက လူမှုကွန်ရက် မီဒီယာမှာ ရေးသားထားခဲ့ပါတယ်။ ပုပ်ရဟန်းမင်းကြီး သာသနာပြု ခရစ်ယာန် ရဟန်းဘဝတုန်းက အချိန်အကြာကြီး နေထိုင်ခဲ့ဖူးတဲ့ ပီရူးနိုင်ငံကိုလည်း အဲဒီခရီးစဉ်အတွင်း ပြန်လည် သွားရောက်မယ်လို့ သိရပါတယ်။
ကိုးကား: BBC



















































