အောက်တိုဘာ ၂၁၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်အတွင်းရှိ ခရစ်ယာန်အသင်းတော် အသီးသီးက တာဝန်ရှိသူတွေ အနေနဲ့ ပူတာအို ခရိုင်အတွင်း နယ်မြေတည်ငြိမ်လုံခြုံမှုရှိစေဖို့ ပူးပေါင်းဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေးသို့ မပျက်မကွက် တက်ရောက်ကြဖို့ စစ်တပ်လက်အောက်ခံ ခေါင်လန်ဖူးပြည်သူ့စစ်က စာပို့ ခေါ်ထားပါတယ်။
“ပြည်သူ့စစ်က ဘာသာရေးအသင်းတွေကို အစည်းအဝေးခေါ်တာဟာ တပ်သားသစ် စည်းရုံးပြောဆိုပေးဖို့လို့ သုံးသပ်ပါတယ်”လို့ ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။
အဲဒီစာကို ကချင်သတင်းရင်းမြစ်အချို့နဲ့ ပူတာအိုဒေသခံ အချို့က ဒီကနေ့မှာ လူမှုကွန်ရက်ပေါ် ဖော်ပြ အသိပေးလာတာပါ။

Public Service Announcement
လုံခြုံရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး တက်ဖို့ ဖိတ်ခေါ်တဲ့စာမှာ ပူတာအိုမြို့နယ်အတွင်းရှိ ခရစ်ယာန်သာသနာအသင်းတော်အသီးသီး မှ ဧဝံဂေလိ လုပ်ငန်းကော်မတီ သို့မဟုတ် သာသနာခရိုင် သို့မဟုတ် သာသနာပိုင်ရုံးမှ တာဝန်ရှိ ပုဂ္ဂိုလ် ၅ဦးစီ မပျက်မကွက် တက်ရောက်ဖို့ ရေးသားထားပါတယ်။
အစည်းအဝေးကို အောက်တိုဘာ ၂၂ရက် နံနက် ၁၀နာရီမှာ ပူတာအိုမြို့ ရဝမ်အမျိုးသားဥယဉ် အတွင်း ပြုလုပ်မယ်လို့ အသိပေးထားပါတယ်။
အဲဒီလို ဘာသာရေးအဖွဲ့အစည်းတွေကို စစ်ရေးနဲ့ ဆိုင်တဲ့ အစည်းအဝေးဖိတ်ခေါ်တဲ့အပေါ် ဝေဖန်မှုတွေလည်းရှိပါတယ်။
” ပူတာအိုမှာ ဌာနေ ပြည်သူ့စစ်နာမည်ခံပြီး ဒေသခံလူငယ် များကို ပုံစံ မျိုးစုံ နဲ့ စုဆောင်းရေး လုပ်နေတာ ကို မြင်တွေ့နေရတာပါ။ ဘာသာရေးဘက်ကိုပါ မြှားဉီးလှည့်လာနေတဲ့ အတွက် ဒေသခံ လူငယ်များ အထူးသတိထားနိုင်ကြဖို့ပါ” လို့ ကချင်သတင်းရင်းမြစ်တဦးက မှတ်ချက်ပြုပါတယ်။
ပူတာအိုဒေသခံ တစ်ဦးကလည်း ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဆိုတာ အာဏာသိမ်းစစ်တပ်ရဲ့ အရံအင်အားတခုသာဖြစ်ပြီး ပူတာအိုဒေသခံ ပြည်သူလူထုကို ကိုယ်စားမပြုတာကြောင့် စစ်ရေးနဲ့ မဆိုင်တဲ့ ပြည်သူလူထုကို ဒုက္ခမပေးပါနဲ့ လို့ ခေါင်လန်ဖူးပြည်သူ့စစ်ရဲ့ အစည်းအဝေးဖိတ်ခေါ်စာကို သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အကောင့်မှာ ဖော်ပြ ရေးသားထားပါတယ်။
ဒါ့အပြင် ပူတာအိုဒေသခံက “ ရဝမ်လူမျိုးတယောက်အနေနဲ့ အထူးသတိပေးလိုတာက ရဝမ်အမျိုးသားဥယဉ်ဟာ စစ်ပွဲအတွက် စုဝေးရမဲ့ နေရာမဟုတ်ဘူးဆိုတာပါ။ ပြည်သူ့စစ် (ဌာနေ)အဖွဲ့က ရဝမ်ကိုယ်စားပြု လုံး၀(လုံး၀)မဟုတ်ဘူး။ အာဏာသိမ်းစစ်တပ်ရဲ့ အရံတပ်ဖွဲ့တခုသာဖြစ်ပါတယ်” လို့လည်း ရေးသားထားပါတယ်။
ခေါင်လန်ဖူးပြည်သူ့စစ်ဟာ လတ်တလောမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ အဖွဲ့ဖြစ်ပါတယ်။ ခေါင်လန်ဖူးမြို့နယ်က ပြည်သူ့စစ်နဲ့ စစ်တပ် ပူးပေါင်းစခန်းအချို့ကို KIA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်တဲ့ စစ်ရေးဖော်ဆောင်မှုတွေ ရှိလာပြီးနောက် ပူတာအို၊ ခေါင်လန်ဖူး ဒေသတွေမှာ စစ်ကောင်စီနဲ့ ပြည်သူ့စစ်က လူသစ်စုဆောင်းတာ၊ ပေါ်တာဆွဲတာတွေ ပိုမိုလုပ်ဆောင်လာနေတာဖြစ်ပါတယ်။
KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကလည်း ခေါင်လန်ဖူးတိုက်ပွဲမှာ အာဏာသိမ်းစစ်တပ်က သူ့လက်အောက်ခံ ပြည်သူ့စစ်တွေကို ရှေ့တန်းက တိုက်ခိုက်ခိုင်းနေလို့ ပြည်သူ့စစ်တွေ ထိခိုက်သေဆုံးများပြားနေကြောင်းအောက်တိုဘာလဆန်းပိုင်းမှာ ပြောပြထားပါတယ်။
ရဟတ်ယာဉ်ကွင်းပါ တပ်စခန်းကို သိမ်းရတာ အပါအဝင် KIA ပူးပေါင်းတပ်က နယ်မြေတွေ ထိန်းချုပ်ထားနိုင်တဲ့ အနေအထား ရှိကြောင်းအသိပေးပါတယ်။
“ပြဿနာကတော့ ပြည်သူ့စစ်တွေများပါတယ်။ ထိခိုက်တာလည်း ပြည်သူ့စစ်များပါတယ်။ဆိုတော့ကျနော်တို့ အချင်းချင်း ပစ်ရခတ်ရတဲ့ အနေအထားပုံစံမျိုးဖြစ်ပါတယ်”လို့ ဗိုလ်မှူးကြီးနော်ဘူက ခေါင်လန်ဖူးဒေသ စစ်ရေး အခြေအနေကို ပြောပါတယ်။
ဗျူဟာမှူး၊ တပ်ရင်းမှူး အပါအဝင် စစ်တပ်ဟာ တိုက်ပွဲမှာ ရှေ့တန်းကမထွက်ဘဲ တိုင်းရင်းသား ပြည်သူ့စစ်အဖွဲ့တွေကိုပဲ ရှေ့တန်းထွက်ခိုင်းနေတာလို့လည်း ပြောပြပါတယ်။
“ဒါကြောင့် ပြည်သူ့စစ်တွေကတော့ ထွက်ပြေးသွားတာ အများကြီးရှိပါတယ်။ နောက်ထိခိုက်သွားတာ ကျသွားတာ ဒဏ်ရာရတာတွေ ဆေးရုံပြည့်နေတယ်လို့ ပြောပါတယ်။ အခု တိုက်ပွဲဖြစ်နေတဲ့ နေရာမှာ နေရာကို မလွတ်အောင် ကြိုးစားဖို့အတွက် ပူတာအိုတကြောလုံးမှာလည်း စစ်သား ပြန်ပြီးမှ ပြည်သူ့စစ်စုဆောင်းတာတွေ နောက် သူတို့ရဲ့ စားနပ်ရိက္ခာတွေ လက်နက်ခဲယမ်းတွေ ထမ်းပို့နိုင်ဖို့ အတွက် ပေါ်တာဆွဲတာတွေ အများကြီးလုပ်ပါတယ်” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်တွေဟာ ပူတာအို၊ခေါင်လန်ဖူးဒေသမှာအင်အားထောင်ချီ စစ်သားစုဆောင်းဖို့လုပ်ဆောင်နေကြောင်း ဒေသခံ လူမျိုးစုအဖွဲ့အချို့က ထုတ်ပြန်ထားတာရှိပါတယ်။ဒါကြောင့် ပူတာအို ဒေသခံ လူထုတွေအတွက် လုံခြုံမှုမရှိတဲ့ အခြေအနေမျိုးဖြစ်နေတယ်လို့လည်း ကချင်သတင်းရင်းမြစ်အချို့က ပြောပါတယ်။




















































