အောက်တိုဘာ-၂၂၊၂၀၂၆။People’s Spring
ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေအတွက်မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးတဲ့စင်တာမှာ အာဏာသိမ်း မြန်မာစစ်တပ်က ခန့်အပ်တဲ့ အာဏာပိုင်တွေ ခြယ်လှယ် ကြီးစိုးနေသလို ၊စစ်ခေါင်းဆောင်မိသားစုနဲ့ နီးစပ်သူတွေလုပ်ခွင့်ရထားကြောင်း ထိုင်းသတင်းထောက်တဦးကထပ်မံဖော်ထုတ်ရေးသားပါတယ်။
ထိုင်းအလွတ်တမ်းသတင်းထောက်တဦးဖြစ်တဲ့ ပေါ့ဒ် နာသက်ဟော့ဘ်ဟာ ဆမွတ်ပရာကန်မှာရှိတဲ့ CI စင်တာမှာ သတင်းရယူစဥ်မြန်မာစစ်တပ် အာဏာပိုင်ဆိုသူ တချို့က သူ့ကို ခြိမ်းခြောက် ဟန့်တားခဲ့တဲ့ ဖြစ်ရပ်ကို အောက်တိုဘာ၂၁ ရက်နေ့တုန်းကလူမှုကွန်ရက်ပေါ် အကျယ်တဝင့် ရေးသားခဲ့ပါတယ်။ Facebookပေါ်မှာ ထိုင်းဘာသာနဲ့ ရေးသားထားတဲ့ပို့စ်ဟာလူအများရဲ့ အာရုံစိုက်မှုကိုခံခဲ့ရသလို ထိုင်းပိုင်နက်ထဲမှာ ထိုင်းနိုင်ငံသား တစ်ယောက်ကို မြန်မာ အရာရှိတွေက ခြိမ်းခြောက်ခဲ့တဲ့အပေါ် ထိုင်းအာဏာပိုင်တွေက လက်ပိုက်ကြည့်နေသလားဆိုတဲ့ မေးခွန်းတွေပါ ထွက်ပေါ်လာပါတယ်။
အောက်တိုဘာ ၂၂ ရက်နေ့မှာတော့ ပေါ့ဒ်က သူ့ရဲ့စုံစမ်းမှု နောက်ဆက်တွဲ အချက်အလက်တွေကို ရေးသားဖော်ပြခဲ့ပါတယ်။ CI စင်တာတွေမှာ တာဝန်ထမ်းဆောင်ဖို့ ရောက်လာမယ့် မြန်မာဖက်က အရာရှိတွေအတွက် ဗီဇာရရှိအောင် ထိုင်းအလုပ်အကိုင် ဦးစီးဌာနက တာဝန်ယူ ဆောင်ရွက်ပေးနေတာလို့ သူက ဆိုပါတယ်။ ထိုင်းမှာရှိတဲ့ CI စင်တာ ၅ ခုမှာ တာဝန်ထမ်းဆောင်ဖို့ စစ်ကောင်စီကစေလွှတ်တဲ့အရာရှိ ၃၃ ဦးကို အလုပ်အကိုင်ဦးစီးဌာနက ဗီဇာရယူပေးခဲ့တယ်လို့ ယုံကြည်ရကြောင်း ပေါ့ဒ်က ရေးသားထားပါတယ်။

Public Service Announcement
ဒီလုပ်ထုံးလုပ်နည်းနဲ့ ပတ်သက်လို့ ဌာနကို အပြစ်တင်စရာ မရှိကြောင်း၊ ဒါပေမဲ့ CI စင်တာထဲမှာ မြန်မာ စစ်တပ်က ခန့်အပ်တဲ့ အရာရှိတွေကို စိတ်တိုင်းကျ ခြယ်လှယ် ကြီးစိုးခွင့် ပေးလိုက်တဲ့အခါ ဘယ်လို ဆိုးကျိုးတွေ ဖြစ်လာစေသလဲ ဆိုတာကိုတော့ ထိုင်းအာဏာပိုင်တွေက သိဖို့လိုကြောင်း၊ မြန်မာစစ်တပ်ဟာ နီးစပ်သူတွေ၊ဆွေမျိုးသားချင်းတွေကို CI စင်တာတွေမှာ ကိုယ်ကျိုးရှာဖို့ ထိုင်းပိုင်နက်ထဲ ခေါ်သွင်းလာပြီး မာဖီးယားတွေလို ပြုမူနေကြောင်း ပေါ့ဒ်က ရေးသားထားပါတယ်။
CI စင်တာတွေထဲမှာ ဖြစ်ချင်တိုင်း ဖြစ်နေတာတွေကို စိစစ်ဖို့ ပျက်ကွက်တာ၊ လျစ်လျူရှုထားတာနဲ့ ပတ်သက်လို့ မှားယွင်းကြောင်း ထိုင်းအာဏာပိုင်တွေ အနေနဲ့ ကိုယ်တိုင် ဝန်ခံဖို့ လိုတယ်လို့လည်း သူက ပြောပါတယ်။ ပြီးတော့ ပွင့်လင်းမြင်သာမှုရှိရှိ လုပ်ငန်းလည်ပတ်တယ် ဆိုတာ သေချာတဲ့ထိ CI စင်တာတွေကို ဆိုင်းငံ့ထားဖို့လည်း ပေါ့ဒ်က တောင်းဆိုခဲ့ပါတယ်။
ဆမွတ်ပရာကန်မှာရှိတဲ့CI စင်တာထဲမှာ သူ့ကို မြန်မာစစ်တပ်လက်အောက်ခံဝန်ထမ်းတွေက ခြိမ်းခြောက်တဲ့ကိစ္စကို Facebookပေါ် ရေးတင်ခဲ့တဲ့နောက်အမည်မဖော်ဖို့ မေတ္တာရပ်ခံထားတဲ့ မြန်မာ အလုပ်သမား တစ်ဦးက သူ့ဆီ ဖုန်းဆက်ခဲ့ကြောင်း၊ CI စင်တာထဲမှာ မြန်မာလုပ်သားတွေဟာခံရခက်လောက်စရာ ခေါင်းပုံဖြတ်မှုတွေ ကြုံနေပေမယ့် ဘယ်သူ့ကိုမှ တိုင်ကြားလို့ မရဘဲ ဖြစ်နေတယ်လို့ အဲဒီ သတင်းရင်းမြစ်က ပြောပြခဲ့ကြောင်း ပေါ့ဒ်က ပြောပါတယ်။ဒါအပြင် အဲဒီ CI စင်တာမှာ အောက်တိုဘာ ၂၂ ရက်မှာပြင်ပကနေ လေ့လာခွင့်မပြုတော့ဘူးလို့ ထပ်မံ သိရကြောင်းသူကပြောပါတယ်။
လုပ်သားတွေဟာမြန်မာအာဏာပိုင်တွေထုတ်ပေးမယ့်ပြေစာရတဲ့ထိထမင်းစားဖို့ကိုတောင် စောင့်နေရလေ့ရှိပြီး CI စင်တာက စီစဉ်ပေးတဲ့ ထမင်းကိုသာ စားရတယ်လို့လည်း သူ့ရဲ့ပို့စ်မှာဖော်ပြထားပါတယ်။
နောက်ထပ်ပို့စ်တစ်ခုမှာတော့ ပေါ့ဒ်က ဆမွတ်ပရာကန်က CI စင်တာကို ဦးဆောင်နေသူဟာ အာဏာသိမ်း မြန်မာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဆွေမျိုးတော်စပ်သူ ခင်မောင်ကျော်ဆိုတဲ့ ပုဂ္ဂိုလ်ဖြစ်ကြောင်း ရေးသားထားပါတယ်။ ပြီးတော့ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်မှု အခမ်းအနား တစ်ခုမှာ ရိုက်ထားတဲ့ ခင်မောင်ကျော်ရဲ့ ဓာတ်ပုံကိုလည်းသူက ပို့စ်မှာဖော်ပြထားပါတယ်။
ခင်မောင်ကျော်ဟာ United K.M.K ကုမ္ပဏီရဲ့ မန်နေးဂျင်းဒါရိုက်တာလည်းဖြစ်ပြီး အဲဒီကုမ္ပဏီကစင်တာတွေအတွင်း နည်းပညာပိုင်းဆိုင်ရာ အထောက်အပံ့ပေးသူအဖြစ် လုပ်ကိုင်ခွင့်ရရှိထားတယ်လို့ သိရတယ်လို့ဆိုပါတယ်။ သူဟာမင်းအောင်လှိုင်ရဲ့ ဇနီး ဒေါ်ကြူကြူလှနဲ့ ဆွေမျိုးတော်စပ်ပြီး OTS အမှတ်စဉ် ၇၁ ကနေ သင်တန်းဆင်းခဲ့တဲ့ စစ်အရာရှိဟောင်းတစ်ဦးလည်း ဖြစ်တယ်လို့ လည်း ၂၀၂၃ ခုနှစ်မှာဧရာဝတီသတင်းဌာနကို ကိုးကားပြီးသူကရေးထားပါတယ်။
စီးပွားရေးလုပ်ငန်းရှင်ဖြစ်သလို စစ်တပ်အတွက် လက်နက်နဲ့ စစ်ဘက်ဆိုင်ရာနည်းပညာတွေဝယ်ပေးနေသူဖြစ်ပြီး Dynasty International ကုမ္ပဏီအပါအဝင်စစ်တပ်အတွက်လက်နက်တွေဝယ်ပေးတဲ့ ကုမ္ပဏီတွေနဲ့ ဆက်စပ်လုပ်ကိုင်သူဖြစ်တယ်လို့ရေးထားပါတယ်။
ဒါ့အပြင်မင်းအောင်လှိုင်ရဲ့သားဖြစ်သူ အောင်ပြည့်စုံနဲ့ ဆက်စပ်တဲ့ နောက်ထပ်ကုမ္ပဏီတစ်ခုဟာလည်း CI စာရွက်စာတမ်းလုပ်ငန်းနဲ့ ဆက်နွှယ်နေနိုင်တယ်ဆိုတဲ့ အချက်အလက်တွေကို တွေ့ရှိထားတယ်လို့သူကဆိုပါတယ်။
နိုင်ငံတစ်ဝန်းရှိ CI စင်တာ ၅ ခုဖြစ်တဲ့ စမုဒ်ဆာခွန်၊ စမုဒ်ပရာကန်၊ ဆူရတ်ဌာနီ၊ ချင်းမိုင်နဲ့ ချွန်ဘူရီတို့ဟာ မြန်မာစစ်ခေါင်းဆောင်မိသားစုအတွက် မိသားစုစီးပွားရေးလုပ်ငန်းသစ်တွေ ဖြစ်လာနေပြီး ထိုင်းနိုင်ငံအတွင်းက ရွှေ့ပြောင်းအလုပ်သမားတွေကို အရှက်အကြောက်မရှိ ခေါင်းပုံဖြတ်အမြတ်ထုတ်နေကြတာလို့ သူကရေးထားပါတယ်။
“ကျွန်တော့်အမြင်အရ ဒီကိစ္စမှာ လူ့အခွင့်အရေးလှုပ်ရှားသူဖြစ်စေ၊ ရှေးရိုးစွဲဝါဒီဖြစ်စေ၊ အမျိုးသားရေးဝါဒီဖြစ်စေ၊ ဘယ်လိုနိုင်ငံရေးအယူအဆရှိသူဖြစ်စေ အရေးမကြီးပါဘူး။ ထိုင်းနိုင်ငံသားတွေအနေနဲ့ ကိုယ့်နိုင်ငံအတွင်းမှာ နိုင်ငံတကာရဲ့ ပိတ်ဆို့အရေးယူမှုခံထားရပြီး ပွင့်လင်းမြင်သာမှုမရှိတဲ့ လူတွေက သူတို့ရဲ့ အလုပ်သမားတွေကို လာရောက်ခေါင်းပုံဖြတ်နေတဲ့အခြေအနေကို လက်မခံသင့်ပါဘူး”လို့လည်းသူကဆိုပါတယ်။
အနည်းဆုံးတော့ ဒီလိုလုပ်ရပ်တွေကို ဆန့်ကျင်ဖို့နဲ့ သွေးစွန်းနေတဲ့လက်တွေရှိသူတွေကို ထိုင်းနိုင်ငံကနေ ခြွင်းချက်မရှိ ထွက်ခွာသွားစေဖို့ တောင်းဆိုရာမှာ အားလုံး သဘောတူသင့်သလို ၊ကိုယ့်နိုင်ငံကို ဒီလိုလုပ်ငန်းတွေအတွက် အသုံးချခွင့် မပေးသင့်ဘူးလို့သူကတိုက်တွန်းထားပါတယ်။
ထိုင်းအစိုးရက ဒီကိစ္စကို ဆက်လက်လျစ်လျူရှုနေမယ်ဆိုရင်ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ လာမယ်ြနိုဝင်ဘာ ၂၃ ရက်မှ ၂၅ ရက်၊ အထိ ကျင်းပမယ့် ကုလသမဂ္ဂ စီးပွားရေးလုပ်ငန်းများနှင့် လူ့အခွင့်အရေးဆိုင်ရာဖိုရမ် မှာ ဒီကိစ္စကို နိုင်ငံတကာရှေ့မှောက် တင်ပြလာမယ်ဆိုရင်နိုင်ငံအတွက် အတော်လေး အရှက်ရစရာဖြစ်လာနိုင်တယ်လို့သူကဆိုပါတယ်။
ထိုင်းနိုင်ငံမှာအလုပ်သမားအုပ်စုနဲ့ပတ်သက်တဲ့ အချက်အလက်တွေ ရှိပြီးသားဖြစ်ပြီး လူဝင်မှုကြီးကြပ်ရေးဌာနက ကောက်ယူထားတဲ့ ကိုယ်ရေးအချက်အလက်နဲ့ ဇီဝအမှတ်အသားဆိုင်ရာ အချက်အလက်တွေ၊ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပေးတဲ့ ထိုင်းနိုင်ငံသားမဟုတ်သူများအတွက် ပန်းရောင်ကတ်(Pink Card) အချက်အလက်တွေနဲ့ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနရဲ့ကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းတွေ ရှိနေပြီးသားဖြစ်တယ်။ဒါတွေကိုကြည့်ရင် ဒီအလုပ်သမားအုပ်စုကိုမှတ်ပုံတင်ပေးဖို့ထိုင်းနိုင်ငံရဲ့အချက်အလက်စနစ်ဟာ မြန်မာစစ်အုပ်စုထက် ပိုမိုပြည့်စုံအဆင်သင့်ဖြစ်နေတယ်ဆိုတာ ထင်ရှားတယ်လို့ဆိုတယ်။ ဒါပေမဲ့ ထိုင်းအစိုးရက ဒီလမ်းကို မရွေးချယ်ဘဲ ကိုယ့်အိမ်ထဲကို သူခိုးဝင်လာပြီး အလုပ်သမားတွေဆီ လာလုယက်ခွင့်ပေးထားသလို ဖြစ်နေတယ်လို့လည်းသူကဝေဖန်ပါတယ်။
CIစင်တာတွေဟာ ထိုင်းနိုင်ငံရဲ့ ပိုင်နက်ထဲမှာ ရှိနေပြီး မြန်မာ အကျဉ်းထောင် မဟုတ်ဘူးလို့လည်း သူက ပြောပါတယ် ။
ဒါကြောင့် CI စင်တာတွေကို ရပ်ဆိုင်းပေးဖို့နဲ့မြန်မာစစ်ခေါင်းဆောင်နဲ့ပတ်သက် ဆက်နွှယ်သူတွေက ဗိုလ်ကျ အနိုင်ကျင့်၊ ငွေညှစ်နေတာတွေကို အမြန်ဆုံး ရပ်တန့်စေရေး ကူညီ ဆောင်ရွက်ပေးဖို့ ထိုင်းအာဏာပိုင်တွေကို တောင်းဆိုထားပါတယ်။
ကိုးကား: Pod Nathaphob Facebook




















































