တရုတ်ရဲ့ နယ်စပ်မြို့ တစ်ခုကို သွားရောက်ခဲ့ပြီးတဲ့နောက် မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းဟာ နေရပ်ကို ပြန်ရောက်နေပြီ ဖြစ်ပါတယ်။
အောက်တိုဘာ ၂၄ ရက်နေ့တုန်းက ကင်မ်ဟာ နှစ်နိုင်ငံ နယ်စပ်မှာရှိတဲ့ တရုတ်ပိုင် တန်တောင်မြို့ကို သွားရောက်ခဲ့ကြောင်း တရုတ် အစိုးရ သတင်းဌာနတွေက ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ ကြိုတင် ကြေညာမှု မရှိတဲ့ အဲဒီခရီးစဉ်ရဲ့ အဓိက ရည်ရွယ်ချက်ကိုတော့ မထုတ်ပြန်ပါဘူး။
ကင်မ်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကမှ ဖွင့်လှစ်ထားတဲ့ နှစ်နိုင်ငံ နယ်စပ်တံတား အသစ်ကြီးကို ဖြတ်သန်းပြီး တရုတ်ပိုင်နက်ထဲ ဝင်ရောက်ခဲ့ပါတယ်။ ၁၂ နှစ်ကြာ အချိန်ယူ တည်ဆောက်ခဲ့တဲ့ အဲဒီ တံတားဟာ တရုတ်နဲ့ မြောက်ကိုရီးယားကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေ အရှိန်အဟုန် မြှင့်တင်လာမှုကို ထင်ဟပ်စေပါတယ်။
ကင်မ်ရဲ့ တစ်ရက်ကြာ နယ်စပ်ခရီးစဉ်နဲ့ ပတ်သက်လို့ မြောက်ကိုရီးယားရော၊ တရုတ်ကပါ ကြိုတင် ကြေညာတာမျိုး မရှိခဲ့ပါဘူး။ တောင်ကိုရီးယား လွှတ်တော်အမတ် ယွန်ကွန်ယောင်းကတော့ ကင်မ်ဟာ တန်တောင်မြို့မှာ တရုတ် ဝန်ကြီးချုပ် လီကျန်းနဲ့ တွေ့ဆုံခဲ့တယ်လို့ ယုံကြည်ရကြောင်း ပြောပါတယ်။

Public Service Announcement
ဒါပေမဲ့ တရုတ်အစိုးရပိုင် ရှင်ဟွာသတင်းဌာနရဲ့ ဖော်ပြမှုမှာတော့ ကင်မ်ဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်၊ ဒါမှမဟုတ် ဝန်ကြီးချုပ် လီတို့နဲ့ တွေ့ဆုံခဲ့သလား ဆိုတာမျိုး ဘာမှ ဖော်ပြမထားပါဘူး။ တန်တောင်ကို ကင်မ်ရောက်ရှိနေချိန်မှာ တရုတ် အစိုးရ ထိပ်တန်း နိုင်ငံရေး အကြံပေး အရာရှိ ဝမ်ဟူနင်းနဲ့ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိတို့က အဖော်ပြုပေးခဲ့တယ်လို့ပဲ ရှင်ဟွာက ဆိုပါတယ်။
အခု ခရီးစဉ်ဟာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု၊ နိုင်ငံရေးအရ အပြန်အလှန် ယုံကြည်မှုတွေကို ပိုမိုအားကောင်းလာစေမယ်လို့ ဝမ်က ချီးကျူးစကား ဆိုခဲ့ကြောင်း ရှင်ဟွာသတင်းမှာ ပါရှိခဲ့ပါတယ်။
ကိုရီးယား ကျွန်းဆွယ်စစ်ပွဲ ကာလတုန်းက တရုတ်တပ်တွေ မြောက်ကိုရီးယားဖက်က ပါဝင် တိုက်ခိုက်ပေးခဲ့တဲ့ နှစ်ပတ်လည် ကာလနားမှာ ကင်မ်က အခုခရီးစဉ်ကို သွားရောက်ခဲ့တာ ဖြစ်ပါတယ်။ ကင်မ်ဟာ ကျဆုံးစစ်သည်တွေအတွက် အောက်မေ့မှု အခမ်းအနား တစ်ခုကို တက်ရောက်ခဲ့သလို နယ်စပ်မှာရှိတဲ့ မော်တော်ကား စက်ရုံတစ်ခုကိုလည်း လည်ပတ်ကြည့်ရှုခဲ့ကြောင်း ရှင်ဟွာက ဖော်ပြခဲ့ပါတယ်။
အောက်တိုဘာ ၂၄ ရက်နေ့တုန်းကတော့ နယ်စပ်တံတား အသစ်ကြီးဟာ လူသူကင်းမဲ့နေခဲ့ပြီး နယ်စပ်မှာလည်း နှစ်ဖက်စလုံး တိတ်တိတ်ဆိတ်ဆိတ် ရှိနေခဲ့ပါတယ်။ ယာလူ မြစ်ကူးတံတားကို ၂၀၁၄ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ပြီး မြောက်ကိုရီးယားဖက်က ချဉ်းကပ်လမ်းနဲ့ အကောက်ခွန် အဆောက်အအုံတွေ မပြီးစီးတာကြောင့် ဖွင့်လှစ်ဖို့ နောက်ကျနေခဲ့တာ ဖြစ်ပါတယ်။
ကိုးကား: AFP



















































