အောက်တိုဘာ ၂၅၊ ၂၀၂၆။ ကတ်သရင်း / People’s Spring
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ကနေ ဝန်းသိုမြို့နဲ့ ထီးချိုင့်မြို့ကို ထွက်လာတဲ့ စစ်တပ်စစ်ကြောင်း ၂ ကြောင်းလုံး စစ်ကြောင်းပျက်တဲ့အထိ တိုက်ခိုက်ခံရပြီး သေဆုံး၊ အလင်းဝင်သူတွေ အများအပြား ရှိတယ်လို့ တော်လှန်ရေး သတင်းအရင်းမြစ်တွေက ပြောပါတယ်။
အင်းတော်မြို့နယ်ကနေ ဝန်းသိုမြို့ကို ထွက်လာတဲ့ စစ်ကြောင်းဟာ ဂျိုးတောင်ကျေးရွာမှာ အောက်တိုဘာ ၂၁ ရက်ကတည်းက တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်ခြင်း ခံခဲ့ရတယ်လို့ သိရပါတယ်။
“ဂျိုးတောင်ဂူနားလေးမှာ အဆော်ခံရတာ။ အကောင် ၁၀၀ လောက် ကျသွားတယ်။ အဲဒီမှာ အလင်းဝင်တဲ့သူကလည်း များသွားတယ်။ အလံဖြူ ထောင်တဲ့လူကလည်း များသွားတယ်။ အဲဒီတော့မှ သူတို့ ဝန်းသိုဘက်ကနေ စစ်ကူ ၁၀၀ လောက် လွှတ်တယ်။ အဲဒီစစ်ကူ ၁၀၀ လောက်ကို ကြားထဲမှာတင် ဖြတ်တိုက်ခံလိုက်ရတာ” လို့ စစ်ရေး သတင်းအရင်းမြစ်တစ်ဦးက ပြောပါတယ်။

Public Service Announcement
စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရမှုမှာ စစ်ကြောင်း ကွပ်ကဲတဲ့ အရာရှိ ၁ ဦး သေဆုံးပြီးနောက် တပ်က ဖရိုဖရဲ ထွက်ပြေးကာ လက်နက် သိမ်းဆည်းရမိတာတွေလည်း ရှိတယ်လို့ သိရပါတယ်။
အဲဒီစစ်ကြောင်းတွေဟာ လက်ကျန် အင်အားတွေ ပေါင်းပြီး ကံကုန်းရွာအနီးမှာ တပ်ဖျောက်ထားတယ်လို့ သိရပါတယ်။
“ရှေ့ဆက် တိုးမရတော့ဘူးလေ။ အဲဒီကနေ တောလမ်းအတိုင်း ထီးချိုင့်ဘက် ပြန်တက်ပြီး အခု အတိုက်ခံနေရတဲ့ ပိန်းအင်းဘက်က စစ်ကြောင်းနဲ့ ပေါင်းနိုင်တယ်” လို့ တော်လှန်ရေး သတင်းအရင်းမြစ်တစ်ဦးက ပြောပါတယ်။
အင်းတော်မြို့ကနေ ထီးချိုင့်မြို့ကို ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းကလည်း လယ်ပြင်ကျေးရွာမှာ တိုက်ခိုက်ခံနေရပြီး မနေ့ မနက်ပိုင်းကစပြီး ဒီကနေ့အထိ လေယာဉ် ပစ်ကူ ဆက်တိုက် ယူကာ ဖောက်ထွက်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် အင်းတော်မြို့နယ်၊ ကားလမ်းဘေးမှာရှိတဲ့ နန့်သဲရွာနဲ့ အနီးတဝိုက်က ရွာတွေမှာ စစ်သားတွေရဲ့ အလောင်းတွေ ၅၀ ကျော်ကို စစ်တပ်က မြုပ်ထားခဲ့တာမှာ ပုပ်စော်နံနေလို့ ဒေသခံ ရွာသားတွေ ပြန်တူးဖော်ပြီး မီးသဂြိုဟ်ပေးခဲ့ရတယ်လို့ ဒေသတွင်း စစ်ရေးသတင်းတွေ ဖော်ပြပေးနေတဲ့ IR (Indaw Revolution) က စစ်သားရုပ် အလောင်းတွေ မီးရှို့ထားတဲ့ ဓာတ်ပုံနဲ့တကွ ဖော်ပြထားပါတယ်။
ဒါ့အပြင် ပိန်းအင်း၊ မအူကုန်း၊ ဂျူံးဂျဘက်မှာလည်း စစ်သား အလောင်းတွေ အများအပြား တွေ့ရတယ်လို့ IR က ရေးသားထားပါတယ်။
တော်လှန်ရေးတပ်တွေက ဒေသခံပြည်သူတွေကို လက်ရှိမှာ စစ်ရေး မငြိမ်သေးတာကြောင့် ပိန်းအင်းရွာ ပြန်ဝင်ခွင့်ကို ပိတ်ထားဆဲ ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်တပ်က အောက်တိုဘာ ၂၄ ရက် မနက်ပိုင်းမှာ လယ်ပြင်ရွာအနီးကို လေကြောင်းကနေ ဗုံးကြဲခဲ့သေးတယ်လို့ ဒေသခံအချို့က ပြောပါတယ်။
ဒါ့အပြင် အင်းတော်ကနေ ဝန်းသိုမြို့ကို ထွက်တဲ့ စစ်ကြောင်းကိုလည်း တော်လှန်ရေးတပ်တွေက ဆက်တိုက် တိုက်ခိုက်နေပြီး လက်ရှိမှာ ဂျိုးတောင်ရွာ အနီးမှာပဲ ရှိနေတယ်လို့ သိရပါတယ်။
အဲဒီစစ်ကြောင်း ဖြတ်သန်းလာရာ တလျှောက်မှာလည်း စစ်သားရုပ် အလောင်းတွေ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်က အင်းတော်မြို့နယ်၊ မဲဇာရွာကို အောက်တိုဘာလဆန်းမှာ ဝင်ရောက် တပ်စွဲခဲ့ပါတယ်။ တော်လှန်ရေးတပ်တွေက ဆက်တိုက် တိုက်ခိုက်တာကြောင့် အောက်တိုဘာ ၂၀ ရက်မှာ စစ်တပ်က ဝန်းသိုနဲ့ ထီးချိုင့်မြို့ဘက်ကို စစ်ကြောင်းထွက်သွားတဲ့အခါ ဒေသခံတွေက မဲဇာရွာအတွင်း ပြန်ဝင်စဉ် စစ်သား အလောင်း ၅၀ ကျော် တွေ့ခဲ့ပါတယ်။
စစ်တပ်ဟာ မန္တလေး-မြစ်ကြီးနား ပြည်ထောင်စုလမ်းအတိုင်း တဆက်တည်း ရှိနေတဲ့ ထီးချိုင့်-အင်းတော်-ကသာမြို့ လမ်းပိုင်းကိုလည်း ထိန်းချုပ်ဖို့ ကြိုးစားနေပါတယ်။ မြေပြင် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်တာကြောင့် စစ်တပ်က လေကြောင်းကနေ မကြာခဏ ဗုံးကြဲနေပါတယ်။ တိုက်ပွဲတွေကြောင့် အင်းတော်-ထီးချိုင့်လမ်း၊ အင်းတော်-ဝန်းသိုလမ်းက ဒေသခံတွေလည်း ဘေးလွတ်ရာမှာ တိမ်းရှောင်နေကြရပါတယ်။
လက်ရှိ ဒေသတွင်း စစ်ရေး အခြေအနေကြောင့် ဝန်းသိုမြို့နဲ့ ဆက်စပ်နေတဲ့ ဗန်းမောက်၊ ကောလင်းမြို့နယ်တွေထဲက ရွာတွေမှာလည်း စစ်ကြောင်း အန္တရာယ်ကို နားစွင့် စောင့်ကြည့်ဖို့ တော်လှန်ရေးတပ်တွေက သတိပေးထားပါတယ်။ ဒါ့အပြင် ပင်လယ်ဘူးမြို့နယ်ထဲမှာလည်း လေကြောင်း အန္တရာယ် သတိပြု နေထိုင်ကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးထားပါတယ်။
စစ်တပ်က တိုက်ပွဲတွေမှာ စစ်မှုထမ်း သင်တန်းဆင်း အများအပြားကို အသုံးပြုပြီး ထိခိုက်သေဆုံးမှုတွေ များပြားနေကြောင်းနဲ့ စစ်ရေးသတင်းတွေကို သင့်လျော်တဲ့အချိန်မှာ ထုတ်ပြန်သွားမယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (စစ်ရုံးချုပ်) က အောက်တိုဘာ ၁၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။
အင်းတော်မြို့နယ်ကို စစ်တပ်က ပြန်လည် ထိန်းချုပ်ပြီးနောက် အင်အား ဖြည့်တင်းကာ ဝန်းသိုနဲ့ ထီးချိုင့်မြို့တို့ကို စစ်ကြောင်းထိုးနေပေမယ့် စစ်ကြောင်းတွေ အားလုံး ပျက်လုနီးပါး ဖြစ်နေတယ်လို့ သိရပါတယ်။



















































