အောက်တိုဘာ -၂၆၊၂၀၂၆။ဇော်၀င်း/People’s Spring
အာဏာသိမ်းစစ်တပ်ဟာ တော်လှန်ရေးတပ်တွေရဲ့ ထိုးစစ်ဆင်မှုတွေကြောင့် ရှမ်း-ကရင်နီဒေသအစပ် မိုးဗြဲမြို့ အနီး ကာကင်းစခန်းတွေကနေ ဆုတ်ခွာသွားရတယ်လို့ ဒေသခံနဲ့ တော်လှန်ရေးရဲဘော်တချို့က လူထုနွေဦးကို ပြောပါတယ်။
မိုးဗြဲမြို့အနီးမှာရှိတဲ့ လွယ်ယင်း၊ လွယ်ဝိုင်းရွာတွေမှာရှိတဲ့ စစ်တပ် ကာကင်းစခန်းတွေကို အောက်တိုဘာလဆန်းပိုင်းကတည်းက တော်လှန်ရေးတပ်တွေက ထိုးစစ်ဆင်ခဲ့တာ ဖြစ်ပါတယ်။
“စကစဘက်က ကာကင်းကနေတော့ ဆုတ်ထားတာတွေရှိတယ်”လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာ၀န်ရှိသူက ပြောပါတယ်။

Public Service Announcement
လတ်တလော စစ်ရေးအရ နှစ်ဖက်တိုက်ပွဲတွေ ငြိမ်နေပေမယ့် စစ်တပ်ရဲ့ လှုပ်ရှားမှုနဲ့ ပြင်ဆင်မှု ဖြစ်တဲ့ လေကြောင်းကနေ ကင်းထောက်တာ၊ဒရုန်း နဲ့ လက်နက်ကြီး ပစ်ခတ်တာတွေ ရှိနေတယ်လို့ အသိပေးပါတယ်။
“စစ်တပ်က မိုးဗြဲမြို့ပေါ်ပြန်ဆုတ်သွားတယ်။ ဒါပေမဲ့ လက်နက်ကြီးနဲ့ Drone တွေလာတယ်။ နေ့တိုင်းနီးပါးပဲ။ အောက်တိုဘာ ၂၂ ရက် လယ်ထဲက အမျိုးသမီးတစ်ဦး လက်နက်ကြီးထိ ဆုံးသွားတယ်”လို့ မိုးဗြဲမြို့ခံတစ်ဦးက ပြောပါတယ်။
အောက်တိုဘာ ၇ ရက်ကစပြီး လွယ်ယင်းတောင်ခြေကျေးရွာမှာ တော်လှန်ရေးတပ်ပေါင်းစုတွေနဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေတာလို့ MBPDFက ကနဦးထုတ်ပြန်ထားပါတယ်။
မြေပြင်စစ်ရေးအခြေအနေကို သိရှိသူတွေရဲ့ ပြောဆိုချက်အရ စစ်တပ်ဆီက စစ်သုံ့ပန်းတချို့နဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိထားပြီး တော်လှန်ရေးဘက်ကလည်း ထိခိုက်ကျဆုံးသူတချို့ရှိပါတယ်။
အောက်တိုဘာ ၈ ရက်နဲ့ ၁၅ ရက်နေ့တွေမှာ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်၊၁၀၀၁တပ်ရင်း၊တပ်ခွဲအမှတ် (၁)လင်းယုန်တပ်ခွဲ က ရဲဘော်တစ်ဦး နဲ့ ရှမ်းတောင်-ကယား (ကရင်နီ) စစ်တိုင်း၊ နည်းဗျူဟာအမှတ် (၁၁) ကွပ်ကဲမှုအောက်က DMOPDF အမှတ် (၁၁၀၂) တပ်ရင်းက ရဲဘော် တစ်ဦး ကျဆုံးခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်က ပြီးခဲ့တဲ့နှစ်လယ်ပိုင်းက မိုးဗြဲမြို့ပေါ်ကို ပြန်လည်ထိန်းချုပ်နိုင်ပေမယ့် မြို့ပြင်ဒေသတဝိုက်ကို တော်လှန်ရေးတပ်တွေက စိုးမိုးထားပါတယ်။





















































