Connect with us

Hi, what are you looking for?

သတင်း

အင်းတော်မှာ စစ်တပ်စစ်ကြောင်း တစ်ကြောင်းလုံး ပျက်

စစ်တပ်က တိုက်လေယာဉ် မျိုးစုံသုံးပြီး တစ်နေကုန် ဗုံးကြဲ ပစ်ကူပေးတဲ့ကြားမှ တော်လှန်ရေးတပ်တွေ တိုက်ခိုက်မှုကြောင့် တပ်မ (၃၃) လက်အောက်ခံ စစ်ကြောင်း ပျက်

(PDF တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ — MOD/PDF)

အောက်တိုဘာ ၂၆၊ ၂၀၂၆။ ကတ်သရင်း / People’s Spring

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ကနေ ထီးချိုင့်မြို့ကို စစ်ကြောင်းထိုးခဲ့တဲ့ တပ်မ (၃၃) က ဒုတပ်မှူး ဦးစီးတဲ့ စစ်ကြောင်းဟာ တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကြောင်း တစ်ကြောင်းလုံး ပြုတ်ပြီး လက်နက်ချသူ အများအပြား ရှိတယ်လို့ တော်လှန်ရေး သတင်းအရင်းမြစ်တွေက ပြောပါတယ်။

အောက်တိုဘာလ ပထမပတ်က အင်းတော်မြို့နယ်ကနေ ထီးချိုင့်မြို့နယ်ဘက်ကို ထိုးစစ်ဆင်ခဲ့တဲ့ စစ်ကြောင်းဟာ လမ်းတလျှောက် တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် အထိနာပြီး ပိန်းအင်းရွာကို ရောက်ခဲ့ပါတယ်။

အဲဒီစစ်ကြောင်းကို အောက်တိုဘာ ၂၅ ရက်နဲ့ အောက်တိုဘာ ၂၆ ရက်မှာ တော်လှန်ရေးတပ်တွေက ပိတ်ဆို့ တိုက်ခိုက်တာကြောင့် တိုက်ပွဲ အပြင်းအထန် ဖြစ်ခဲ့ပြီး သေဆုံး၊ ဒဏ်ရာရသူ၊ လက်နက်ချ အလင်းဝင်တဲ့ စစ်သားတွေ အများအပြား ရှိကာ စစ်ကြောင်းလိုက် ပြုတ်သလောက် ဖြစ်သွားတယ်လို့ စစ်ရေးရင်းမြစ်တွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ် အထိနာတာကြောင့် စစ်တပ်ကလည်း သီတင်းကျွတ်လပြည့်နေ့ (အောက်တိုဘာ ၂၆) မှာ အင်းတော်မြို့နယ်ထဲကို လေယာဉ်မျိုးစုံနဲ့ ဗုံးကြဲခဲ့တယ်လို့ ဒေသခံအချို့က ပြောပါတယ်။

စစ်တပ်က လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲ ပစ်ကူပေးတဲ့ကြားမှ တော်လှန်ရေးတပ်တွေက စစ်တပ်စစ်ကြောင်း ပျက်အောင် တိုက်ခိုက်ခဲ့ကြတာ ဖြစ်တယ်လို့ စစ်ရေးရင်းမြစ် အချို့က ပြောပါတယ်။ စစ်တပ်က လေယာဉ်အုပ်စုလိုက်နဲ့ ဗုံးကြဲတဲ့အပြင် တွင်းငယ်က Y-12၊ တံတားဦး၊ မိတ္ထီလာနဲ့ မကွေး လေတပ်က တက်လာတဲ့ လေယာဉ်တွေနဲ့ ဗုံးကြဲနေတယ်လို့ သိရပါတယ်။

“ဒီနေ့ မြေဩဇာအပုံလိုက် ဖြစ်သွားလို့ အင်းတော်ကို လေယာဉ် ၁၇ စီးလောက်နဲ့ ပတ်ကြဲနေတာ။ ပြည်သူတွေနဲ့ ရဲဘော်တွေ ဘေးကင်းကြပါစေ” လို့ အင်းတော်မြို့နယ်အတွင်း စစ်ရေးသတင်းတွေ ဖော်ပြပေးနေတဲ့ Indaw Revolution က ဒီကနေ့ညမှာ ဖော်ပြပါတယ်။

တော်လှန်ရေး သတင်းရင်းမြစ်တစ်ဦးကလည်း “လယ်ပြင်မှာ ၂ ရက်ရှိပြီ။ အလောင်း၊ လက်နက်နဲ့ အလင်းဝင်လာသူတွေ ရတာက ဆက်တိုက်ပဲ။ စစ်တပ်က စစ်မှုထမ်းတွေ သုံးပြီး ရှေ့က အသေခံ ဇွတ်တိုက်ခိုင်းနေတာ။ သေတာများ မြင်လို့တောင် မကောင်းဘူး” လို့ ပြောပါတယ်။

တိုက်ပွဲတွေမှာ ပါဝင်တဲ့ PDF အမှတ် (၉၉) နည်းဗျူဟာ (မတ္တရာမျိုးမှန်ဗျူဟာ) ကလည်း “၉၉ နဲ့အတွေ့မှာ ရန်သူ့တပ်မ ၃၃ လည်း ‘တပ်မ-ပြုန်းပြုန်း’ ဖြစ်သွားပြီ” လို့ အောက်တိုဘာ ၂၆ ရက်ညနေပိုင်းမှာ ရေးသားထားပါတယ်။

စစ်တပ်ဟာ မန္တလေး-မြစ်ကြီးနား ပြည်ထောင်စုလမ်းအတိုင်း တဆက်တည်း ရှိနေတဲ့ ထီးချိုင့်-အင်းတော်-ကသာမြို့ လမ်းပိုင်းကို ထိန်းချုပ်ဖို့ ကြိုးစားနေတာပါ။ ဒါကြောင့် အင်းတော်မြို့နယ်ကနေ အောက်တိုဘာလဆန်းမှာ ဝန်းသိုမြို့နယ်နဲ့ ထီးချိုင့်မြို့နယ်ဘက်တွေကို စစ်ကြောင်း နှစ်ကြောင်း ခွဲထွက်ခဲ့တာပါ။

အင်းတော်မြို့နယ် မဲဇာရွာအနီးဝန်းကျင်ကတည်းက တိုက်ပွဲ အပြင်းအထန် ဖြစ်ပြီး သေဆုံး ဒဏ်ရာရသူ များတဲ့ စစ်တပ်ရဲ့ စစ်ကြောင်း ၂ ကြောင်းကို တော်လှန်ရေးတပ်တွေက လမ်းတလျှောက် အကြိမ်ကြိမ် ပိတ်ဆို့ တိုက်ခိုက်တာကြောင့် အထိနာခဲ့ပါတယ်။

စစ်ကြောင်း သွားရာလမ်းတလျှောက် စစ်သား အလောင်းတွေ မြေမြှုပ်ခဲ့တာ အများအပြား တွေ့ရပြီး ပုပ်စော်နံလို့ ဒေသခံတွေက ပြန်တူးပြီး မီးသဂြိုဟ်ပေးရတာတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်းတော်မြို့နယ်ကနေ ဝန်းသိုမြို့ကို သွားတဲ့ စစ်ကြောင်းကို ဂျိုးတောင်ကျေးရွာအနီး အောက်တိုဘာ ၂၁ ရက်ကတည်းက တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်ခြင်း ခံရတာကြောင့် အထိနာခဲ့ပါတယ်။

“ဂျိုးတောင်ဂူနားလေးမှာ အဆော်ခံရတာ။ အကောင် ၁၀၀ လောက် ကျသွားတယ်။ အဲဒီမှာ အလင်းဝင်တဲ့သူကလည်း များသွားတယ်။ အလံဖြူ ထောင်တဲ့လူကလည်း များသွားတယ်။ အဲဒီတော့မှ သူတို့ ဝန်းသိုဘက်ကနေ စစ်ကူ ၁၀၀ လောက် လွှတ်တယ်။ အဲဒီစစ်ကူ ၁၀၀ လောက်ကို ကြားထဲမှာတင် ဖြတ်တိုက်ခံလိုက်ရတာ” လို့ စစ်ရေး သတင်းအရင်းမြစ်တစ်ဦးက ပြောပါတယ်။

စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရမှုမှာ စစ်ကြောင်း ကွပ်ကဲတဲ့ အရာရှိ ၁ ဦး သေဆုံးခဲ့ပြီးနောက် စစ်ကြောင်း ဖရိုဖရဲ ဖြစ်ကာ ထွက်ပြေးပြီး လက်နက် သိမ်းဆည်းရမိတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

လက်ရှိ ဒေသတွင်း စစ်ရေး အခြေအနေကြောင့် ဝန်းသိုမြို့နဲ့ ဆက်စပ်နေတဲ့ ဗန်းမောက်၊ ကောလင်းမြို့နယ်တွေထဲက ရွာတွေမှာလည်း စစ်ကြောင်း အန္တရာယ်ကို နားစွင့် စောင့်ကြည့်ဖို့ တော်လှန်ရေးတပ်တွေက သတိပေးထားပါတယ်။ ဒါ့အပြင် ပင်လယ်ဘူးမြို့နယ်ထဲမှာလည်း လေကြောင်း အန္တရာယ် သတိပြု နေထိုင်ကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးထားပါတယ်။

စစ်တပ်က တိုက်ပွဲတွေမှာ စစ်မှုထမ်း သင်တန်းဆင်း အများအပြားကို အသုံးပြုပြီး ထိခိုက်သေဆုံးမှုတွေ များပြားနေကြောင်းနဲ့ စစ်ရေးသတင်းတွေကို သင့်လျော်တဲ့အချိန်မှာ ထုတ်ပြန်သွားမယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (စစ်ရုံးချုပ်) က အောက်တိုဘာ ၁၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ကနေ ဝန်းသိုမြို့နဲ့ ထီးချိုင့်မြို့ကို ထွက်လာတဲ့ စစ်တပ်စစ်ကြောင်း ၂ ကြောင်းလုံး စစ်ကြောင်းပျက်တဲ့အထိ တိုက်ခိုက်ခံရပြီး သေဆုံး၊ အလင်းဝင်သူတွေ အများအပြား ရှိတယ်လို့ တော်လှန်ရေး သတင်းအရင်းမြစ်တွေက ပြောပါတယ်။

သတင်း

အင်းတော်မြို့နယ်ကနေ ထီးချိုင့်မြို့နယ်ဘက်ကို သွားတဲ့ စစ်တပ်ရဲ့ တပ်မ (၃၃) လက်အောက်ခံ စစ်ကြောင်းဟာ ပိတ်မိနေပြီး ပိန်းအင်းရွာထဲမှာ စစ်တပ်သတ်ဖြတ်ခဲ့တဲ့ ပြည်သူ အလောင်းတွေနဲ့ စစ်သားရုပ်အလောင်း အများအပြား တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မဲဇာကျေးရွာမှာကနေ စစ်တပ်ထွက်ခွာသွားလို့ ဒေသခံတွေပြန်လည်ဝင်ရောက်စဉ် နေအိမ်တွေနဲ့ခြံဝင်းတွေအတွင်း ဖြစ်သလိုမြှုပ်နှံထားတဲ့ စစ်တပ် ရုပ်အလောင်း ၅၀ နီးပါးတွေ့ရှိလို့ ဒေသခံတွေ ရှင်းလင်းနေရတယ်လို့ စုံစမ်းသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊အင်းတော်မြို့နယ်ကနေ ဝန်းသိုမြို့နယ်ကို စစ်​ကြောင်းထိုးနေတဲ့စစ်တပ်ဟာ နမ့်ခမ်းရွာထဲမှာပဲ ရှိနေပြီး ဒီက​နေ့ညပိုင်းအထိ တိုက်ပွဲ​တွေဖြစ်နေတယ်လို့ တော်လှန် ရေးသတင်းအရင်းမြစ်တချို့က ပြောပါတယ်။