မသီတာ-စမ်းချောင်း ရေးသားသည်။
နိုဝင်ဘာ ၁ ရက် မနက်မှာ ဆစ်ဒနီက ခရစ်
ယာန်ဘုန်းတော်ကြီး ဘီလ်ခရူရဲ့ မနက်ခင်း ဝတ်ပြုဆုတောင်းပွဲဟာ ဘာသာပေါင်းစုံကြား သတိရအောင်းမေ့ခြင်းအဖြစ် မြန်မာတွေအတွက် သတိရအောင်းမေ့ခြင်းနေ့ ကာ့ဒစ်ရှ်တွေအတွက် ရိုးရာအစဉ်အလာနေ့တစ်နေ့ဆိုပြီး ရည်ရွယ်ချက်တွေနဲ့ ပြီးပြည့်စုံခဲ့ပါတယ်။
ကာ့ဒ်ကွန်မြူနတီက ဘရန်ဆိုဂတ်၊ ဆစ်ဒနီရောက် မြန်မာကွန်မြူနတီကိုယ်စား ကိုကိုအောင်နဲ့ နောင်နောင်တို့က ပြည့်စုံထိရောက်တဲ့ တင်ပြမှုတွေအပြီးမှာ မေရီ ဦးဆောင်တဲ့ ဩစတြေလျန်းတွေက “ကမ္ဘာမကြေဘူး”သီချင်းကို အုပ်စုလိုက် သီဆိုခဲ့ပါတယ်။

Public Service Announcement
အဲဒီနောက်မှာတော့ ဘီလ်ခရူဖောင်ဒေးရှင်းရဲ့ ခန်းမကြီးထဲမှာ မြန်မာ့မနက်စာလက်ဘက်ရည်ပွဲကိုသုံးဆောင်ရင်းကွန်မြူနတီတွေ့ဆုံပွဲလေး လုပ်ခဲ့ပါတယ်။အဲဒီမှာ ပါမောက္ခရှောင်တာနယ်၊ လက်ထောက်ပါမောက္ခ ဆူဇန်ဘန်ကီ၊ လူ့ရပိုင်ခွင့်ရှေ့နေ ပက်ထရစ်ဘာဂက်စ်၊ လူ့အခွင့်အရေးရှေ့နေ အဲလီဆွန်ဘက်တီဆွန်နဲ့ ဂရင်းပါတီကောင်စီဝင် အစ္စမတ်တာ့စ်တန်တို့က သူတို့ တွေးမြင်ဆင်ခြင်မိသမျှတွေကို တင်ပြပြောဆိုပါတယ်။
ကျမကလည်း မြန်မာတစ်ယောက်အနေနဲ့ ပြောဆိုတင်ပြရမှာမို့ ပုဝါလေးတစ်ထည်ကိုကောက်ခြုံပြီး ပွဲဆီ ရောက်သွားခဲ့တာပေါ့။ ဘာပြောမလဲဆိုတာကတော့ တခြားသူတွေ ပြောတာကို နားထောင်နေရင်းမှ ကွဲပြားခြားနားမှာလေးတွေကို ရွေးပြောမယ်လို့ ဆုံးဖြတ်ခဲ့တာပါ။ အချိန်တိုတိုလေးအတွင်း လက်တန်းပြောဖြစ်ခဲ့တာမို့ မှတ်တမ်းဖြစ်အောင် မှတ်မိသလောက် မြန်မာလို ပြန်ရေးလိုက်ပါတယ်။
“ကျမက လတ်တလောမှာ ဦးထုတ်တွေအများကြီး ဆောင်းထားသူပါ။ အဲဒီထဲက ဦးထုတ်တစ်လုံးကတော့ ပဲန်အင်တာနေရှင်နယ်ရဲ့ အကျဉ်းကျစာရေးဆရာများကော်မတီဥက္ကဌ ဖြစ်ပါတယ်။ပဲန်ရဲ့ ဥက္ကဌက ကာ့ဒစ်ရှ်စာရေးဆရာဘူရ်ဟန်ဆိုမက်စ်ဖြစ်တာကြောင့်ရော ကျမရဲ့တာဝန်စားပွဲပေါ်မှာ ကမ္ဘာအရပ်ရပ်က လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်ကိုကာကွယ်မြှင့်တင်ရင်းအန္တရာယ်သင့်ရ ထောင်ဒဏ်သင့်ရတဲ့ စာရေးဆရာတွေအရေးက အမြဲရှိနေတာမို့ ကာ့ဒစ်ရှ်ကွန်မြူနတီကိုလည်းစာနာသတိပြုမိပါတယ်။ တကယ်တော့ ကျမက ကော်မတီဥက္ကဌအဖြစ် အရွေးခံဖို့ ပြည်ပကို ထွက်လာရာက ခု ဆစ်ဒနီမှာ ကမ်းတင်နေဖြစ်တာပါ။ကျမရဲ့ခရီးက နာမည်ပေးရရင် “အိမ်မှသည် အိမ်ဆီသို့”ဆိုတဲ့ ခရီးစဉ်ပါ။
“ကျမ အိမ်ကနေထွက်လာပြီးနိုင်ငံတွေအများကြီးမှာ လှည့်လည်နေထိုင်ခဲ့ပါတယ်။အိမ်ကနေ ထွက်ခဲ့ရပေမဲ့ခရီးပန်းတိုင်ဟာလည်း အိမ်ပါပဲ။ ကျမတို့ ပြည်ပရောက် မြန်မာတွေဟာ ကိုယ့်အိမ် ကိုယ့်နိုင်ငံကို အမြဲပူပန်ကြောင့်ကြနေကြရတာပါ။ ကျမတို့က ဒီမှာ အဖမ်းအဆီး အသတ်အဖြတ် အနှိပ်အစက် မခံကြရပေမဲ့ စစ်အာဏာရှင်လက်ကနေပြေးမလွတ်သေးပါဘူး။ ကျမတို့ရဲ့ မိသားစုဝင်တွေ ဆွေမျိုးသားချင်းမိတ်ဆွေသူငယ်ချင်းတွေကိုထိခိုက်မှာ စိုးရိမ်လို့တိတ်တဆိတ်လှုပ်ရှားနေကြရ ကြေကွဲနေကြရသူတွေ အများကြီးပါ။ ဒါကြောင့် ပြည်ပမှာ ကျမတို့ မြန်မာလူထုက မျှော်လင့်တာက မေတ္တာတရားတောင်မှ မဟုတ်ပါဘူး။ အပြန်အလှန် လေးစားမှုကလေးရရင်ကို ကျမတို့ရဲ့ “အိမ်ကနေ အိမ်သို့ ခရီး”ကို ခွန်အားရှိရှိ လျှောက်နိုင်ကြမှာပါ။
“တကယ်တော့ ခုနက ပြောသွားတဲ့ ပါမောက္ခရှောင်ဟာ သူ့စာအုပ်ကို “မထင်ရတဲ့ အကျဉ်းသား”လို့ နာမည်ပေးခဲ့ပါတယ်။တကယ်လည်း သူလိုလူမျိုး ထောင်ကျမယ်လို့ ဘယ်လိုမှ မထင်ရနိုင်ဘူးလေ။ ကျမကတော့ “ဖြစ်နိုင်လွန်းတဲ့ အကျဉ်းသား”လို့ ဆိုရမယ့်သူမျိုးပါ။ အင်းစိန်ထောင်မှာ ၅ နှစ် ၆ လ ၆ ရက် အ
ကျဉ်းကျခဲ့ဖူးပါတယ်။ တီဘီနဲ့ တခြားဝေဒနာတွေကြောင့် ထောင်ဝင်စာခန်းဆီ သွားတဲ့ လျှောက်လမ်းတိုတိုလေးကို သွားဖို့တောင် သူများက ချီမပေးမှ ရတဲ့အထိ ကျန်းမာရေး မကောင်းဖြစ်ခဲ့လွန်းလို့ အများစုက ကျမကို ထောင်ထဲမှာ သေသွားနိုင်တယ်လို့ ခန့်မှန်းတာ ခံခဲ့ရဖူးသူပါ။ ဒါပေမဲ့ ထောင်ထဲမှာ ဘယ်လိုအသက်ရှင်သန်အောင် နေရမလဲဆိုတာ ကျမ ကောင်းကောင်းသိခဲ့သူပါ။ ရှင်အောင်နေနိုင်မယ်လို့ ယုံကြည်တာကြောင့်လည်း ထောင်ကို ကျမက မကြောက်လှပါဘူး။
“ဒါပေမဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်း အခြေအနေကတော့ အတော်ဆိုးပါတယ်။ လူငယ်ဘုန်းကြီးလေးတစ်ပါးဟာ လွတ်ရက်စေ့ပြီးတာတောင် ကျောင်းကို ပြန်မရောက်လာလို့ ဒကာတွေ ဒကာမတွေက စုံစမ်းကြတဲ့အခါ ထောင်ဘက်က လွှတ်ပေးလိုက်ပြီလို့ ဆိုပါတယ်။ အဲဒါ လွန်ခဲ့တဲ့ သုံးနှစ်ကတည်းက ဖြစ်ပြီး ခုထိ ပျောက်ဆုံးနေဆဲပါ။ အဲဒီလိုပဲ ကျမ သိတဲ့ နိုင်ငံရေးအကျဉ်းသူတစ်ယောက်ဆိုရင်လည်း ထောင်ပြောင်းရင်း ထွက်ပြေးရန် ကြံစည်တယ်လို့ စွပ်စွဲပြီး ပစ်ခတ်သတ်ဖြတ်တာကို ခံခဲ့ရပါတယ်။ ကျမ အဲဒီလို ဖြစ်မှာကိုတော့ ကြောက်မိ စိုးရိမ်မိပါတယ်။ ကျမက ကိုယ့်နိုင်ငံမှာ ဘာဖြစ်နေတယ်ဆိုတာ ကိုယ့်ထင်မြင်ယူဆတာတွေကို မထုတ်ပြောဘဲ တိတ်တဆိတ် နေနိုင်သူ မဟုတ်လို့ ဘာဆိုဘာမှ မပြောနိုင်တော့မှာ မလုပ်နိုင်တော့မှာကို ကြောက်တာကိုး။
“တကယ်တော့ မနက်ပိုင်းမှာရော ခုနကပါ ပြောသွားကြသလို ပြည်တွင်းက အခြေအနေက အတော့်ကို ဆိုးဝါးနေချိန်ပါ။ လေကြောင်းကနေ ဗုံးကြဲတာတွေက စိပ်လွန်းပြီး အပြစ်မဲ့ပြည်သူတွေအများကြီး သေဆုံးနေရပါတယ်။ မကြာသေးခင်က ခန့်အပ်ခံရတဲ့ ကာကွယ်ရေးဝန်ကြီး စစ်ဗိုလ်ချုပ်က လေကြောင်းတိုက်ခိုက်မှုလို စစ်ရေးလှုပ်ရှားမှုတွေ လုပ်နေတာဟာ ငြိမ်းချမ်းရေးအတွက်ပါလို့ ပြောလိုက်ပါတယ်။ ချက်သမ္မတ ဗာဆလဗ်ဟာလ်ဗဲလ်ရဲ့ ရသစာတစ်ပုဒ် ခေါင်းစဉ်က “ငြိမ်းချမ်းရေးကို အနှောက်အယှက် ပေးခြင်း”လို့ ဆိုပါတယ်။ အာဏာရှင်တွေက ပြည်သူတွေကို မဆန့်ကျင် မပုန်ကန်နိုင်အောင် ငြိမ်ဝပ်ပိပြားအောင် လုပ်တာကို ငြိမ်းချမ်းရေးရအောင် လုပ်တာလို့ ဆိုတတ်ကြသကိုး။ ကျမတို့က အဲဒီလို”ငြိမ်းချမ်းရေး”မျိုးကို အနှောက်အယှက် ပေးချင်ကြတာပါ။
“ကျမတို့ မြန်မာပြည်သူတွေရဲ့ လက်ရှိနွေဦးတော်လှန်ရေးဟာ ကျမတို့ ဆန့်ကျင်ပုန်ကန်နိုင်စွမ်းကို ပြသကြဖို့ မဟုတ်ရပါဘူး။ ကျမတို့ရဲ့ ဆုံးရှုံးသွားတဲ့ရပိုင်ခွင့်တွေကို ပြန်လည်အရယူချင်လို့ပါ။လာမယ့် နိုဝင်ဘာလလယ် ဖိလစ်ပိုင်မှာ အာဆီယံထိပ်သီးအစည်းအဝေး ကျင်းပတဲ့အခါ မြန်မာက စစ်ခေါင်းဆောင်ကို တက်ခွင့်ပေးပြီး စစ်အာဏာရှင်စနစ်ကို လက်ခံတဲ့သဘော၊ ပုံမှန် ဘာမှ မဖြစ်သလိုသဘောမျိုး မပြသကြဖို့ ဩစတြေလျကအစိုးရအနေနဲ့ရော လူထုအနေနဲ့ပါ အာဆီယံနိုင်ငံတွေကို ထောက်ပြပြောဆိုကြဖို့ လိုပါတယ်။ လာမယ့် နိုဝင်ဘာ ၇ ရက်မှာတော့ ဆစ်ဒနီက မြန်မာကွန်မြူနတီဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် စုပေါင်းတောင်းဆိုကြမှာပါ။ အဲဒီမှာလည်း လာရောက်ပူးပေါင်းပေးကြပါ။ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အခြေအနေကို ကျမဟာ ကိုယ်ချင်းစာစွာနဲ့ စိုးရိမ်ပူပန်နေပါတယ်။
“မနေ့ညက ဒီမှာ Halloween day ကျင်းပကြတော့ ကျမ ခေါင်းထဲကို ဝါကျတစ်ကြောင်း ရောက်လာခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ၂၀၂၁ ဖေဖော်ဝါရီကတည်းက နေ့စဉ် ညစဉ်နဲ့အမျှ သေဆုံးသူများနဲ့ ရှင်ကျန်သူများကြားက နယ်နမိတ်ဆိုတာ ဝေဝါးသွားလောက်အောင် ဖြစ်နေပါတယ်လို့ ကမ္ဘာကို သိစေချင်ပါတယ်။ ကျမတို့ရဲ့ အသံကို ကြားပေးကြပါ။တကယ်တော့ ကျမတို့က အော်ပြီး ပြောနေကြတာမို့ ကျမတို့ရဲ့ အော်သံကို ကြားပေးကြပါ။ ကျေးဇူးတင်ပါတယ်။”
ကျမ ယူလာတဲ့ ပုဝါပေါ်က ပန်းချီကျော် အက်ဒ်ဒွပ်မန့်ချ်ရဲ့ “အော်သံ”ပန်းချီကို ဖြန့်ပြပြီး စကားပြောစင်ကလေးကနေ ဆင်းလာခဲ့ပါတယ်။ လူနှစ်ရာနီးပါးလောက်တောင် တက်ရောက်တဲ့ ဒီပွဲလေးက ကျမတို့ရဲ့ အော်သံကို ကမ္ဘာကြီးက ကြားပေးကြမယ်လို့ တကယ်ပဲ မျှော်လင့်နေမိပါတယ်။





















































