ကိုပါဝဲလ် ရေးသားသည်။
အပြည်ပြည်ဆိုင်ရာတရားရုံး (International Court of Justice – ICJ) တွင် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် ၁၉၄၈ ခုနှစ် လူမျိုးသုဉ်းစေမှု တားဆီးရေးနှင့် ပြစ်ဒဏ်ပေးရေးဆိုင်ရာ ကွန်ဗန်ရှင်း (Genocide Convention) ကို ချိုးဖောက်သည်ဟုဆိုကာ စွဲဆိုထားသော အမှုသည် မကြာမီရက်ပိုင်းအတွင်း အပြီးသတ်အမိန့် ချမှတ်တော့မည် ဖြစ်သည်။
နယ်သာလန်နိုင်ငံ၊သည်ဟိဂ် (The Hague) မြို့ရှိ ICJ တရားရုံးက ၎င်း၏ နောက်ဆုံးဆုံးဖြတ်ချက် အမိန့်ကို ၂၀၂၆ ခု နိုဝင်ဘာလ ၁၉ ရက်နေ့တွင်ချမှတ်ရန်ထုတ်ပြန်လိုက်သည်။ ICJ တွင် စွဲဆိုထားသော ထိုအမှုသည် ၂၀၁၉ ခု ကတည်းစတင်စွဲဆိုခဲ့သော့ကြောင့် ကြာချိန် ၇ နှစ်ကျော် ၈ နှစ်နီးပါး ရှိခဲ့သည်။
အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ သည် ကုလသမဂ္ဂ၏ အဓိကတရားစီရင်ရေး အဖွဲ့အစည်းဖြစ်ပြီး နိုင်ငံအချင်းချင်းကြား ဖြစ်ပွားသော အငြင်းပွားမှုများကို ဖြေရှင်းပေးသည့် တရားရုံးဖြစ်သည်။ဤတရားရုံးသည် လူပုဂ္ဂိုလ် သို့မဟုတ် ခေါင်းဆောင်တစ်ဦးချင်းစီကို ရာဇဝတ်မှုဖြင့် တရားစွဲဆို အပြစ်ပေးသည့် တရားရုံး (ဥပမာ- ICC ကဲ့သို့သော ရာဇဝတ်ခုံရုံးများ) မဟုတ်ဘဲ နိုင်ငံအစိုးရများက နိုင်ငံတကာ သဘောတူစာချုပ်များကို ဖောက်ဖျက်ခြင်း ရှိ၊မရှိ ဆုံးဖြတ်ပေးသည့် တရားရုံးဖြစ်သည်။

Public Service Announcement
အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC)၏ ထောက်ခံမှုဖြင့် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို ရိုဟင်ဂျာအရေးနှင့် ပတ်သက်၍ ICJ တွင် ၂၀၁၉ ခု နိုဝင်ဘာ ၁၁ ရက်က စတင်တရားစွဲဆိုခဲ့သည်။ထိခိုက်နစ်နာမှု တိုက်ရိုက်မရှိသည့် နိုင်ငံတနိုင်ငံက လူမျိုးသုန်းစေမှု ကွန်ဗန်းရှင်းအရ အခြားနိုင်ငံကို တရားစွဲဆိုသည့် ပထမဆုံးအကြိမ် ဖြစ်လာခဲ့သည်။
ဤအမှုမတိုင်မီကနိုင်ငံတကာတရားရုံးတွင် တရားစွဲဆိုပါကတိုက်ရိုက်ထိခိုက်နစ်နာသည့် နိုင်ငံများသာစွဲဆိုလေ့ရှိသည်။ဂမ်ဘီယာနိုင်ငံ၏ စွဲဆိုမှုကို တရားရုံးက လက်ခံစစ်ဆေးခဲ့ခြင်းကြောင့် လူမျိုးသုဉ်းစေမှုဆိုင်ရာ ကွန်ဗန်းရှင်းကဲ့သို့သော ကမ္ဘာ့လူသားထုတစ်ရပ်လုံးနှင့် ဆိုင်သည့် သဘောတူစာချုပ်များကို မည်သည့် အဖွဲ့ဝင်နိုင်ငံမဆို ဝင်ရောက်တရားစွဲဆိုနိုင်သည် ဆိုသည့် အစဉ်အလာကို ခိုင်မာသွားစေသည်။
၂၀၂၀ ခု ဇန်နဝါရီ ၂၃ တွင်တရားရုံးက မြန်မာနိုင်ငံအနေဖြင့် ရိုဟင်ဂျာလူမျိုးများအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှု မဖြစ်ပွားစေရန်နှင့် သက်သေအထောက်အထားများမပျောက်ပျက်အောင် ကာကွယ်ရန် ယာယီအရေးယူဆောင်ရွက်ချက် အမိန့်ကို ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံဘက်က တင်သွင်းခဲ့သော ကနဦးကန့်ကွက်ချက်များကို တရားရုံးက ပယ်ချခဲ့ပြီး၊ ဤအမှုကို စစ်ဆေးစီရင်ပိုင်ခွင့်နှင့် ဂမ်ဘီယာနိုင်ငံတွင် တရားစွဲဆိုခွင့် ရှိကြောင်း ၂၀၂၂ ခု ဇူလိုင် ၂၂ တွင် ဆုံးဖြတ်ခဲ့သည်။
နိုင်ငံတကာမှနိုင်ငံပေါင်း၁၁ နိုင်ငံ (ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်၊ ယူကေ၊ မော်လဒိုက်၊ စလိုဗေးနီးယား၊ ကိုင်ဂိုဒီမိုကရက်တစ်သမ္မတ၊ ဘယ်လ်ဂျီယံနှင့် အိုင်ယာလန်)တို့ကဂမ်ဘီယာဘက်မှ ပါဝင်ရန် တရားဝင် လျှောက်ထားခဲ့ကြသည်။
၂၀၂၆ ခု ဇန်နဝါရီ ၁၂ မှ ၂၉ ရက်များအတွင်း အမှု၏ လျှောက်လဲချက်များ သီတင်းပတ် သုံးပတ်ကြာ လူသိရှင်ကြား ကြားနာခဲ့ပြီး၊အချို့သောသက်သေများကိုလည်းလုံခြုံရေးအရ တံခါးပိတ် စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
အမိန့်ချမှတ်ပြီးပါက ICJ ၏ ဆုံးဖြတ်ချက်သည်အပြီးသတ်ဖြစ်ပြီးအယူခံဝင်ခွင့် လုံးဝ မရှိပါ။
ဂမ်ဘီယာနိုင်ငံ၏ စွပ်စွဲချက်မမှန်ခြင်း၊မှန်သော်လည်း တရားရုံးသို့ တင်သွင်းသည့် လူသက်သေ၊ တခြားအထောက်အထား သက်သေ မခိုင်လုံခြင်းတို့ကြောင့် အပြစ်မရှိဟု တရားရုံးက ဆုံးဖြတ်ချက် အမိန့် ချကောင်းချနိုင်သည်။
သို့သော့် ဂမ်ဘီယာနိုင်ငံ၏ စွပ်စွဲချက် မှန်ကန်ခြင်း၊ တရားရုံးသို့ တင်သွင်းသည့်လူသက်သေ၊ တခြားအထောက်အထား သက်သေ ခိုင်လုံနေပါက တရားရုံးက မြန်မာနိုင်ငံအား အပြစ်ရှိကြောင်းအမိန့်ချနိုင်သည်။ အပြစ်ရှိကြောင်း အမိန့်ချမှတ်ပါက နိုင်ငံတကာစင်မြင့်များတွင် လက်ရှိမြန်မာ့စစ်အစိုးရအပေါ် သံတမန်ရေးအရ ဖိအားများ ပိုမိုပြင်းထန်လာမည် ဖြစ်သည်။
နစ်နာသူများအတွက် ပြန်လည်ထူထောင်ရေးနှင့် ကုစားမှုများ ပြုလုပ်ရန်၊ အလားတူလုပ်ရပ်များ ထပ်မံမလုပ်ဆောင်ရန် တရားရုံးက တာဝန်ဝတ္တရားပေးအပ်နိုင်သည်။ဂမ်ဘီယာနိုင်ငံဘက်ကတောင်းဆိုချက်များတွင်ရိုဟင်ဂျာများလုံခြုံဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရေး၊ သိမ်းဆည်းခံပစ္စည်းများကို ပြန်ပေးရေး ၊နစ်နာသူများအတွက် လျော်ကြေးပေးရေး၊ နောင်ထပ်မဖြစ်အောင် အာမခံချက်ပေးရေး စသည်တို့ပါဝင်သည်။
ICJ တွင် စစ်တပ်သို့မဟုတ် လက်နက်ကိုင်များကို တိုက်ရိုက် အတင်းအကျပ် အကောင်အထည်ဖော်ခိုင်းရန် တပ်ဖွဲ့ပိုင်ဆိုင်မှု မရှိပေ။ ထို့ကြောင့်နောက်ဆက်တွဲ လုပ်ဆောင်ချက်များသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အမြဲတမ်း အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံရေး ဆုံးဖြတ်ချက်များအပေါ်တွင်သာ များစွာ မူတည်နေမည် ဖြစ်သည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီအမြဲတမ်း အဖွဲ့ဝင် ၅ နိုင်ငံမှာ တရုတ်၊ အမေရိကန်၊ ရုရှ၊ ဗြိတိန် နှင့် ပြင်သစ်တို့ ဖြစ်ကြသည်။ လုံခြုံရေးကောင်စီ အစည်းအဝေးများတွင် မြန်မာနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်များ ချမှတ်ရာ၌ တရုတ်နှင့် ရုရှ နှစ်နိုင်ငံက ဗီတိုအာဏာဖြင့်အမြဲတမ်း အကာအကွယ်ပေးလေ့ရှိပြီး၊ ဆုံးဖြတ်ချက်များကို ၅ နိုင်ငံထဲမှ တနိုင်ငံကပင် ဗီတိုအာဏာဖြင့် ကန့်ကွက်လိုက်ပါက အတည်ဖြစ်လာမည် မဟုတ်ပေ။
သို့သော်လည်း လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့ကြောင်းတရားရုံးက ဖြတ်ချက်လိုက်ပါက မြန်မာနိုင်ငံ၏ နိုင်ငံတကာဥပဒေဆိုင်ရာ တာဝန်ရှိမှုအပေါ် ရေရှည်အကျိုးသက်ရောက်မှုရှိနိုင်ပါသည်။
ထို့အပြင်ယခုအမှုသည် ရိုဟင်ဂျာများအတွက် တရားမျှတမှုရှာဖွေသောအမှုတစ်ခုသာမက လူမျိုးတုံးသတ်ဖြတ်မှုကို တားဆီးဖို့ နိုင်ငံတကာဥပဒေက ဘယ်လောက်အထိ ထိရောက်နိုင်သလဲဆိုတာကို စမ်းသပ်နေသည့် အမှုလည်း ဖြစ်လာပါသည်။ ယခုအမှုဆုံးဖြတ်ချက်သည် အနာဂတ်တွင် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်တွေနှင့် ပတ်သက်သော အခြားအမှုများတွင်လည်း ဥပဒေအရ အရေးပါသည့် ကိုးကားချက်ဖြစ်လာနိုင်ပါသည်။
နိုင်ငံကိုတရားစွဲဆိုသောအမှုဖြစ်သော်လည်း ရွေးကောက်ခံအရပ်သားအစိုးရလက်ထက်တွင် နယ်မြေရှင်းလင်းရေးခေါင်းစဥ်ဖြင့် ရိုဟင်ဂျာများကို သတ်ဖြတ်၊မုဒိန်းကျင့် ၊နေထိုင်မရအောင် ရွာများကို မီးရှို့ဖျက်ဆီးအကြမ်းဖက်ခဲ့သည်မှာအခြားသူများမဟုတ်ဘဲ စစ်တပ်သာဖြစ်ကြောင်း နိုင်ငံတကာမီဒီယာများ ၊လူ့အခွင့်အရေးအဖွဲ့အစည်းများ၊ကုလလက်အောက်ခံ IIMM ကဲ့သို့အဖွဲ့များက သက်သေများစွာဖြင့်ဖော်ထုတ်တင်ပြထားကြပြီးဖြစ်သည်။စစ်တပ်အတွက် ခေတ်အဆက်
ဆက် အဖိနှိပ်ခံ တိုင်းရင်းသားပြည်သူများအပေါ် စစ်ရာဇဝတ်မှုများစွာကို အကြိမ်ကြိမ်ကျူးလွန်ခဲ့သော်လည်း နိုင်ငံတကာဥပဒေများဖြင့် တကြိမ်မျှအရေးယူမခံရဘဲ ကင်းလွတ်ခွင့်ရခဲ့ရာမှ ယခုအမှုတွင် စစ်အုပ်စုကကျူးလွန်ခဲ့ကြောင်း နှင့် တာဝန်ခံရန် တောင်းဆိုလာပါကသမိုင်းဝင်ဆုံးဖြတ်ချက်လည်းဖြစ်လာမည်ဖြစ်သည်။





















































