အမေရိကန် သမ္မတကို လုပ်ကြံသတ်ဖြတ်မယ်လို့ ခြိမ်းခြောက်ခဲ့သူ တစ်ဦးကို အိမ်ဖြူတော်နားမှာ လက်နက်တွေနဲ့အတူ သမ္မတရဲ့ ကိုယ်ရံတော်အဖွဲ့ဖြစ်တဲ့ လျှို့ဝှက် ထောက်လှမ်းရေးတွေက ဖမ်းမိခဲ့ပါတယ်။
ပြည်တွင်း လုံခြုံရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ အမေရိကန်ကို တရားမဝင် ဝင်ရောက်လာတဲ့ ဗင်နီဇွဲလား နိုင်ငံသား ရွန်နီ ယောဒရစ္စ ဂူယန်နီပါ ခါရီနော့စ်ဟာ အိမ်ဖြူတော် အနီးမှာ ကားတစ်စီးနဲ့ မသင်္ကာစရာ ရစ်သီရစ်သီ လုပ်နေတာကို လျှို့ဝှက် ထောက်လှမ်းရေးက သတိထားမိခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၅ ရက်နေ့ ဖြစ်စဉ်မှာ တာဝန်ရှိသူတွေက အဲဒီ မသင်္ကာစရာ အမျိုးသားကို ဖမ်းဆီးခဲ့ပြီး စစ်ဆေး မေးမြန်းခဲ့တဲ့အခါ ခါရီနော့စ်က ထရမ့်ကိုသတ်ဖို့ ဝါရှင်တန်ဒီစီ မြို့တော်ဆီ သွားရမယ်ဆိုတဲ့ အသံတစ်ခုကို သူ့ခေါင်းထဲမှာ ကြားယောင်နေကြောင်း ပြောကြားခဲ့ပါတယ်။
ခါရီနော့စ်ရဲ့ ကားကလည်း ခိုးယူလာတဲ့ ကားတစ်စီးဆိုတာ စစ်ဆေးတွေ့ရှိခဲ့ပြီး ကားထဲမှာ လက်နက်ခဲယမ်းတွေကိုပါ ရှာတွေ့ခဲ့ပါတယ်။ လျှို့ဝှက် ထောက်လှမ်းရေး အေးဂျင့်တွေဟာ ရိုင်ဖယ်တစ်လက်၊ ပစ္စတို နှစ်လက်နဲ့ ကျည်ဆန် တော်တော်များများကို သိမ်းဆည်း ရမိခဲ့ပါတယ်။

Public Service Announcement
သူ့ကို လက်နက်ခဲယမ်းဆိုင်ရာ ဥပဒေတွေအပြင် ခိုးရာပါပစ္စည်း လက်ဝယ်ထားရှိမှု၊ တရားမဝင် ယာဉ်အသုံးပြုမှု စွပ်စွဲချက်တွေနဲ့ပါ ကနဦး စွဲချက်တင်ထားပါတယ်။
ပြည်တွင်းလုံခြုံရေး ဝန်ကြီးဌာနရဲ့ ဖော်ပြချက်အရ ခါရီနော့စ်ဟာ ၂၀၂၄ ခုနှစ်မှာ အမေရိကန်ကို တရားမဝင် ဝင်ရောက်လာခဲ့တာလို့ သိရပါတယ်။
လျှို့ဝှက်ထောက်လှမ်းရေး အဖွဲ့ရဲ့ အရာရှိတွေကတော့ အိမ်ဖြူတော်နဲ့ သမ္မတကို ပစ်မှတ်ထား ရန်လိုတဲ့ ဖြစ်စဉ်တွေမှာ စိတ်ကျန်းမာရေး ပြဿနာတွေ ရောထွေးပါဝင်နေတာကို ပိုမို ကြုံတွေ့လာနေရကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။
မေလတုန်းကလည်း အိမ်ဖြူတော် လုံခြုံရေး ဂိတ်နားမှာ ပစ်ခတ်ခဲ့တဲ့ အမျိုးသား တစ်ဦးကို လျှို့ဝှက် ထောက်လှမ်းရေး အေးဂျင့်တွေက တုံ့ပြန်ပစ်ခတ် ရှင်းလင်းခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ အဲဒီအမျိုးသားဟာ စိတ်ကျန်းမာရေး ပြဿနာ နောက်ခံတွေ ရှိနေကြောင်း ဖော်ထုတ် တွေ့ရှိခဲ့ပါတယ်။
ကိုးကား: CNN





















































