ဥရောပဒေသ တစ်ခုလုံး အကျုံးဝင် ပတ်သက်လာနိုင်တဲ့ ယူကရိန်းအတွက် လုံခြုံရေး သဘောတူညီမှုတစ်ခု ပေါ်ထွန်းလာစေမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။
နိုဝင်ဘာ ၅ ရက်နေ့တုန်းက ထရမ့်ဟာ ရုရှားအစိုးရရဲ့ ထိပ်တန်း ကိုယ်စားလှယ် တစ်ဦးနဲ့ တွေ့ဆုံခဲ့ပြီးတဲ့နောက် ထရမ့်က အခုလိုမျိုး မှတ်ချက်ပေးလာခဲ့တာ ဖြစ်ပါတယ်။ အဲဒီ သဘောတူညီမှုဟာ ကြီးကျယ်ခမ်းနားမှာဖြစ်ပြီး ယူကရိန်းထက်ပိုတဲ့ ပတ်သက်မှုတွေ ရှိမှာဖြစ်ကြောင်း၊ ဥရောပ တစ်ခုလုံး အကျုံးဝင်မယ်လို့တောင် ပြောလို့ရကြောင်း၊ လှပခမ်းနားတဲ့ သဘောတူညီမှုကြီး တစ်ခုအတွက် အားလုံး စိတ်လှုပ်ရှားကြမှာဖြစ်ကြောင်း ထရမ့်က ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့လည်း အဲဒီသဘောတူညီမှုနဲ့ ပတ်သက်လို့ ဘာအသေးစိတ်ကိုမှ မထုတ်ပြန်သေးတာကြောင့် ဥရောပ နိုင်ငံတွေပါ စိတ်ရှုပ်ထွေးစရာတွေ ဖြစ်နေပါတယ်။
ထရမ့်ဟာ အရင်တုန်းကလည်း ယူကရိန်း စစ်ပွဲကို အဆုံးသတ်ပြမယ်လို့ ခဏခဏ ပြောခဲ့ဖူးပြီး လက်တွေ့မှာတော့ မဖြစ်မြောက်ခဲ့ပါဘူး။ အခုနောက်ဆုံး ကတိအသစ်ကိုတော့ ပိတ်ဆို့ အရေးယူမှုတေ ခံထားရတဲ့ ရုရှား အချုပ်အခြာ အာဏာပိုင် ရန်ပုံငွေအဖွဲ့ရဲ့ အမှုဆောင်ချုပ် ကီရီလ် ဒီမီထရိုင်ဗ်နဲ့ တွေ့ဆုံပြီးနောက်ပိုင်းမှာ ထရမ့်က ပေးလာပြန်တာ ဖြစ်ပါတယ်။ ဒီမီထရိုင်ဗ်ဟာ ရုရှား သမ္မတ ဗလာဒီမာ ပူတင် စေလွှတ်တဲ့ အထူးကိုယ်စားလှယ် အနေနဲ့ ထရမ့်ကို တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement
ထရမ့်ရဲ့ သမက်ဖြစ်သူ ဂျရတ်ကူရှ်နာကလည်း နိုဝင်ဘာ ၅ ရက်နေ့တုန်းက လူမှုကွန်ရက် မီဒီယာ Xမှာ ကျယ်ပြန့်တဲ့ ဥရောပ လုံခြုံရေး အစီအမံတစ်ခု လိုအပ်နေကြောင်း ရေးသားထားခဲ့ပါတယ်။ အဲဒီအစီအမံမှာတော့ အဘက်ဘက်က လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုတွေကို ထည့်စဉ်းစားပြီး အနာဂတ် စစ်ရေး ပဋိပက္ခတွေ ဖြစ်နိုင်ခြေကို လျှော့ချဖို့၊ ပိုမိုတည်ငြိမ်ပြီး ခန့်မှန်းဖို့ လွယ်ကူတဲ့ လုံခြုံရေး ပတ်ဝန်းကျင်မျိုး ဖန်တီးပေးနိုင်ဖို့ လိုအပ်တယ်လို့ သူက ဆိုပါတယ်။
ဆယ်စုနှစ်တွေနဲ့ချီ ကြာမြင့်တဲ့ အယုံအကြည် ကင်းမဲ့မှုတွေ၊ အပြိုင်အဆိုင် လုံခြုံရေး စိုးရိမ်မှုတွေ၊ စစ်ပွဲရဲ့ ပြင်းထန်ကြမ်းတမ်းတဲ့ ထိခိုက် သက်ရောက်မှုတွေက အဓွန့်ရှည် ငြိမ်းချမ်းရေးအတွက် လိုအပ်မယ့် လုံခြုံရေး အစီအမံမျိုး ပေါ်ထွန်းလာစေဖို့ အင်မတန် ခက်ခဲသွားစေခဲ့ကြောင်းလည်း ကူရှ်နာက မှတ်ချက်ပြုထားခဲ့ပါတယ်။
ဒါပေမဲ့လည်း ယူကရိန်း စစ်ပွဲဟာ ရုရှားရဲ့ တစ်ဖက်သတ် ကျူးကျော်မှုကြောင့် ဖြစ်ပွားခဲ့တယ်ဆိုတဲ့ အချက်နဲ့ ရုရှားက ဥရောပ နိုင်ငံတွေအပေါ် ရန်စတဲ့ အပြုအမူတွေ မြှင့်တင်လာနေတာတွေ အကြောင်းကိုတော့ ကူရှ်နာက ထည့်ပြောမထားပါဘူး။
ဥရောပနဲ့ ရုရှားကြားက တင်းမာမှုတွေကို လျှော့ချဖို့ဆိုရင် စစ်ရေးအရ ပိုပြီး ပွင့်လင်းမြင်သာ ရှိကြဖို့ရော၊ တင်းမာမှုတွေကို လျှော့ချနိုင်မယ့် အပြန်အလှန် ချဉ်းကပ်မှုတွေပါ ရှိကြဖို့ရော လိုတယ်လို့ ကူရှ်နာက သုံးသပ်ပြထားပါတယ်။
တစ်ဖက်မှာတော့ ဥရောပ နိုင်ငံတချို့ရဲ့ အစိုးရ ထိပ်ပိုင်း အရာရှိတွေက ထရမ့်ဘာကို ဆိုလိုပြီး ဘာလုပ်ချင်နေသလဲ ဆိုတာကို သူတို့တွေ မသိကြောင်း ဖွင့်ဟထားကြပါတယ်။ အလားတူ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကလည်း ထရမ့်ပြောတဲ့ လုံခြုံရေး မူဘောင်အသစ်က ဘာလဲဆိုတာ သူမသိဘူးလို့ ပြောပါတယ်။ ရုရှားနဲ့ ဥရောပကြား သဘောတူညီမှု တစ်ခုခု ရယူဖို့ ဆိုတာက လွယ်ကူရိုးရှင်းတဲ့ ကိစ္စ မဟုတ်တဲ့အပြင် အန္တရာယ်ပါ များလာနိုင်တယ်လို့ သူက သတိပေးခဲ့ပါတယ်။
နိုဝင်ဘာ ၅ ရက်မှာတော့ ထရမ့်ဟာ ယူကရိန်းကို အဓိက အားပေး ပံ့ပိုးနေတဲ့ ဂျာမနီ အစိုးရရဲ့ အဓိပတိ ဖရိုင်းဒရစ်ချ် မားဇ်နဲ့လည်း ဖုန်းဆက် ဆွေးနွေးခဲ့ပါတယ်။ ဂျာမနီ အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိက အဲဒီကိစ္စနဲ့ ပတ်သက်လို့ အသေးစိတ် မှတ်ချက်မပေးပေမယ့် ထရမ့်ရဲ့ စိတ်ကူးသစ်ဟာ မကြာသေးခင် လပိုင်းတွေအတွင်း လုပ်ဆောင်ထားတဲ့ ညှိနှိုင်းမှုတွေအပေါ် အခြေခံထားကြောင်း ပြောကြားသွားပါတယ်။
ကိုးကား: CNN





















































