Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကိုရီးယား နှစ်နိုင်ငံကြား ဆက်သွယ်ရေး လမ်းကြောင်းတွေ ပြန်ဖွင့်ဖို့ UN အကြီးအကဲ တိုက်တွန်း

တောင်နဲ့မြောက် ကိုရီးယား နိုင်ငံတွေကြားက ဆက်သွယ်ရေး လမ်းကြောင်းတွေ ပြန်လည် ထားရှိဖို့ ကုလသမဂ္ဂ (UN) အကြီးအကဲက အလေးအနက် တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

ဓာတ်ပုံ - KCNA/Reuters

တောင်နဲ့မြောက် ကိုရီးယား နိုင်ငံတွေကြားက ဆက်သွယ်ရေး လမ်းကြောင်းတွေ ပြန်လည် ထားရှိဖို့ ကုလသမဂ္ဂ (UN) အကြီးအကဲက အလေးအနက် တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

ကိုရီးယား နှစ်နိုင်ငံ နယ်စပ်တလျှောက်မှာ တင်းမာမှုတွေ မြင့်တက်လာတဲ့နောက် UN အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က အခုလို တောင်းဆိုခဲ့တာပါ။ UN အကြီးအကဲ အနေနဲ့ ကိုရီးယား ကျွန်းဆွယ်မှာ လက်ရှိ ဖြစ်ပေါ် ပြောင်းလဲနေတဲ့ အခြေအနေတွေအပေါ် အလေးအနက် စိုးရိမ်နေကြောင်း၊ အဲဒီထဲမှာ နှစ်နိုင်ငံ နယ်စပ်မျဉ်းဖြစ်တဲ့ စစ်မဲ့ဇုန် (DMZ) တလျှောက်က တင်းမာမှုတွေ မြင့်တက်လာတာလည်း ပါဝင်ကြောင်း ဂူတာရက်စ်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ စတီဖိန်း ဒူဂျာရစ်က ပြောကြားသွားပါတယ်။

ကိုရီးယား နှစ်နိုင်ငံစလုံး အနေနဲ့ အပြန်အလှန် ဆက်သွယ်ရေး လမ်းကြောင်းတွေကို ပြန်လည် ဖွင့်လှစ်ကြဖို့၊ စစ်တပ် အချင်းချင်း ဆက်သွယ်မှုတွေလည်း ပြန်စကြဖို့၊ မတော်တဆ ဒါမှမဟုတ် တွက်ဆမှု လွဲမှားသွားတဲ့ ပြဿနာတွေ မဖြစ်အောင် ရှောင်ရှားကြဖို့ ဂူတာရက်စ်က တောင်းဆိုခဲ့ကြောင်း ဒူဂျာရစ်က ဆိုပါတယ်။

လက်ရှိ ဖြစ်ပေါ်နေတဲ့ တင်းမာမှုတွေကို ပြေလျော့စေဖို့အတွက် သံတမန်ရေး အားထုတ်မှုတွေနဲ့ ကိုင်တွယ်ဖို့ အထူးအရေးကြီးတယ်လို့ ဂူတာရက်စ်က ရှုမြင်ထားကြောင်းလည်း သိရပါတယ်။

Public Service Announcement

Public Service Announcement

စက်တင်ဘာ လကုန်ပိုင်းတုန်းက DMZ တစ်နေရာမှာ မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် တောင်ကိုရီးယား စစ်သည် ၃ ဦး ဒဏ်ရာရခဲ့တဲ့ ဖြစ်ရပ်နောက်ပိုင်း နှစ်ဖက်ဆက်ဆံရေးမှာ တင်းမာမှုတွေ စတင် မြင့်တက်လာပါတယ်။ အဲဒီ ပေါက်ကွဲမှုဟာ မြောက်ကိုရီးယား မြေမြှုပ်မိုင်းကြောင့်လို့ တောင်ပိုင်း ပြိုင်ဘက် နိုင်ငံက စွပ်စွဲပေမယ့် မြောက်ကိုရီးယားကတော့ ငြင်းဆိုခဲ့ပါတယ်။ ဒါ့အပြင် နယ်စပ်စည်း တလျှောက်မှာ မြောက်ကိုရီးယားက ဟောင်ဝစ်ဇာ အမြောက်တချို့ ဖြန့်ကျက်ထားပြီး တောင်ဖက်ကို ချိန်ရွယ်ထားလို့လည်း အဲဒီနေရာမှာ ရှုမျှော်ခင်း လာရောက် ကြည့်ရှုသူတွေ အထိတ်တလန့် ဖြစ်ခဲ့ပါသေးတယ်။

မြောက်ကိုရီးယား စစ်တပ်ကတော့ မြေမြှုပ်မိုင်းပေါက်ကွဲမှုအတွက် တာဝန်ရှိတယ် ဆိုတာကို ပယ်ချထားပြီး တောင်ကိုရီးယားဖက်က လုပ်ကြံဖန်တီး စွပ်စွဲမှုသာ ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။

အောက်တိုဘာ ၂၂ ရက်မှာတော့ တောင်ကိုရီးယားဟာ UN လုံခြုံရေး ကောင်စီဆီကို စာတစ်စောင် ပေးပို့ပြီး အခုဖြစ်ရပ်အတွက် မြောက်ကိုရီးယားဖက်က တောင်းပန်စေဖို့၊ မြေမြှုပ်မိုင်းတွေ ဖယ်ရှားပေးဖို့၊ နောက်ထပ် အလားတူ ကိစ္စတွေ ပေါ်ပေါက်မလာအောင် တားဆီးပေးဖို့ ကြားဝင်ဆောင်ရွက်ပေးရေး တောင်းဆိုထားပါတယ်။

ကိုးကား: Korea Joongang

ဆက်စပ်သတင်းများ