အီရန်ရဲ့ နျူကလီးယား စီမံကိန်းနဲ့ ပတ်သက်လို့ ထိရောက် အားကောင်းတဲ့ သတင်းအချက်အလက်တွေ ထောက်ပံ့ပေးနိုင်ရင် ဒေါ်လာ သန်း ၂၀ ချီးမြှင့်မယ်လို့ အမေရိကန်က ကမ်းလှမ်းလိုက်ပါတယ်။
အီရန် နျူကလီးယား စီမံကိန်း၊ ပိုင်ဆိုင်မှု၊ သက်ဆိုင်ရာ လူပုဂ္ဂိုလ်တွေ အကြောင်း တိကျ အားကောင်းတဲ့ သတင်းအချက်အလက်တွေကို Signal၊ ဒါမှမဟုတ် သတင်းပေး လိုင်းတွေကနေ ဆက်သွယ် အသိပေးနိုင်ကြောင်း၊ အဲဒီအတွက် ဆုကြေးအပြင် ဘေးကင်းရာဆီ ရွှေ့ပြောင်း အခြေချခွင့်ပါ ရရှိလာနိုင်ကြောင်း နိုဝင်ဘာ ၆ ရက်မှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ တရားမျှတမှုအတွက် ဆုကြေး အေဂျင်စီက လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနဟာ အီရန် နျူကလီးယား စီမံကိန်းနဲ့ ပတ်သက်တဲ့ သိပ္ပံပညာရှင်တွေ၊ ဝန်ထမ်းတွေ၊ ဆက်စပ်နည်းပညာတွေ၊ စွမ်းဆောင်ရည်တွေ၊ ဆက်စပ် အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေအကြောင်း သတင်းအချက်အလက်တွေကို ရှာဖွေ စုဆောင်းနေတယ်လို့လည်း အေဂျင်စီက ဆိုပါတယ်။
သက်တမ်းဝက် ရွေးကောက်ပွဲအပြီး အီရန်မှာ အမေရိကန်ရဲ့ စစ်ဆင်ရေးတွေကို ပြန်စဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က အမိန့်ပေးလာနိုင်ကြောင်း သတင်းတွေ ပျံ့နှံ့နေချိန်မှာ အခုကြေညာချက် ထွက်ပေါ်လာတာပါ။

Public Service Announcement
နိုဝင်ဘာ ၆ ရက်နေ့မှာ ထရမ့်က သူဟာ အီရန်ကို နျူကလီးယားလက်နက် ပိုင်ဆိုင်ဖို့ လုံးဝ ခွင့်ပြုမှာ မဟုတ်ကြောင်း ထပ်လောင်း ပြောကြားခဲ့ပါတယ်။ အဲဒီ မတိုင်ခင် တစ်ရက်မှာ ထရမ့်ဟာ သူ့ရဲ့ အမျိုးသား လုံခြုံရေး အဖွဲ့နဲ့ တွေ့ဆုံခဲ့ပြီး အီရန်မှာ စစ်ဆင်ရေးတွေ ပြန်စရင် ကြုံလာနိုင်ခြေ အလားအလာတွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၉ ရက်နေ့ဟာ အရှေ့အလယ်ပိုင်း ဒေသမှာ လရောင်လုံးဝနီးပါး ပျောက်ဆုံးနေမယ့် လကွယ်ည ဖြစ်တာကြောင့် စစ်ဆင်ရေးတွေအတွက် သင့်တော်တဲ့ အခြေအနေ တစ်ခုလို့ အမေရိကန် စစ်ဘက် ထိပ်ပိုင်း အရာရှိ တစ်ဦးက Fox သတင်းဌာနဆီ ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီနေ့မှာ အမေရိကန်က အီရန်အပေါ် တိုက်ခိုက်မှုတွေ ပြန်စမလား ဆိုတာကိုတော့ အတိအကျ မသိရပါဘူး။
ထရမ့်ကလည်း လောလောဆယ် အီရန်နဲ့ အလွတ်သဘော အပစ်ရပ်ထားပေမယ့် စစ်ဆင်ရေးတွေ ပြန်စမှာလား ဆိုတာကို ဆုံးဖြတ်သွားမယ်လို့ ပြောပါတယ်။ သူဟာ နျူကလီးယား စီမံကိန်းတွေကလွဲပြီး အီရန်ရဲ့ တခြားရဲ့ အစိတ်အပိုင်းတွေကို မဖျက်ဆီးချင်ကြောင်း၊ ဒါပေမဲ့ အဲဒီ အခြေအနေ ကြုံကောင်းလည်း ကြုံသွားနိုင်ကြောင်း၊ ဘာဖြစ်လာမလဲ ဆိုတာကိုတော့ နောက်ပိုင်းမှာ ပြည့်ပြည့်စုံစုံ သိခွင့် ရလာကြမှာဖြစ်ကြောင်း ထရမ့်က ဆိုပါတယ်။
အီရန်က စစ်ဆင်ရေးတွေကို ကွပ်ကဲနေတဲ့ အမေရိကန် ဗဟိုစစ်ဌာနချုပ် (CENTCOM)ဟာ အကြီးစား စစ်ဆင်ရေးတွေ ပြန်စဖို့ အသင့်အနေအထား ပြင်ဆင်ထားပေမယ့် လက်ရှိ အချိန်ထိတော့ အိမ်ဖြူတော်ဆီက ဘာအမိန့်မှ ရောက်မလာသေးဘူးလို့ အမေရိကန် စစ်ဘက် အရာရှိ တချို့က ပြောကြားသွားပါတယ်။
ကိုးကား: Fox





















































