နိုဝင်ဘာ-၉၊၂၀၂၆။တေဇ/People’s Spring
ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ စက်သုံးဆီပြတ်လပ်မှုပြန်ဖြစ်နေပြီး နိုဝင်ဘာလဆန်းကစပြီး ဆီဆိုင်တွေမှာ ပြန်တန်းစီဝယ်ယူနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ဘဝရဲ့သက်တမ်းတစ်ဝက်က ဆီတိုးရင်း ကုန်နေတာ။ ဆီကတိုးလိုက်တယ်။ အိုးဝေဆွဲလိုက်တယ်။ ရတဲ့ပိုက်ဆံက ဆီပြန်တိုးတယ်။ ဒါနဲ့ပဲ လည်ပတ်နေတာ။ တစ်ပတ်လောက်ရှိပြီ” လို့ ပုသိမ်မြို့မှာ အိုးဝေမောင်းသူတစ်ဦးက ပြောပါတယ်။
ဒီကနေ့ (နိုဝင်ဘာ၉) နေ့လည်ပိုင်း ပုသိမ်မြို့က Newsday ဆီဆိုင်မှာ ညနေ ၃ နာရီမှာ ဆီစရောင်းမယ်လို့ ကြေညာထားတာကြောင့် ဆီတန်းစီဝယ်ယူသူတွေ မျက်စိတစ်ဆုံး တန်းစီနေကြတယ်လို့ အထက်ပါအိုးဝေမောင်းသူက သူ့ရဲ့ Tik Tok မှာ ဗီဒီယိုဖိုင်နဲ့အတူ တင်ထားပါတယ်။

Public Service Announcement
နိုဝင်ဘာလဆန်းကစတင်ပြီး စက်သုံးဆီဆိုင်တွေမှာ ဆီပြတ်လတ်မှုတွေရှိတာကြောင့် တန်းစီဝယ်ယူနေရတာလို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ဆီဝယ်ယူရတဲ့ အခက်အခဲကြောင့် တချို့ပြည်သူတွေဆို ညဘက်ကတည်းက တန်းစီဝယ်ယူရတာတွေရှိတယ်လို့လည်း သိရပါတယ်။
ယာဉ်ပိုင်ရှင်တွေအချင်းချင်း ဆီဝယ်ယူလို့ရနိုင်မယ့်နေရာတွေကို လူမှုကွန်ရက်တွေကနေ အချင်းချင်းမျှဝေပေးနေကြတာကိုလည်း တွေ့ရပါတယ်။
ဧရာဝတီတိုင်းအတွင်းက အပန်းဖြေကမ်းခြေတွေဖြစ်တဲ့ ချောင်းသာနဲ့ ငွေဆောင်ကို သွားရောက်မယ့်သူတွေကိုလည်း ဆီဝယ်ရတာခက်ခဲမှုတွေရှိတယ်လို့ ခရီးသွားတွေ အချင်းချင်း သတိပေးနေကြတာကို လူမှုကွန်ရက်မှာတွေ့ရပါတယ်။
စက်သုံးဆီဆိုင်တွေမှာ တန်းစီဝယ်ယူနေရပေမယ့် မှောင်ခို ဈေးကွက်မှာတော့ ဆီလိုသလောက်ဝယ်ယူလို့ရနေတယ်လို့ ဒေသခံတွေက ထောက်ပြဝေဖန်ထားကြပါတယ်။
လက်ရှိ ရန်ကုန်မြို့ဈေးကွက်မှာ ဓာတ်ဆီ ၉၂ တစ်လီတာ ၄၅၃၀ ကျပ် ၊ ဓာတ်ဆီ ၉၅ တစ်လီတာ ၄၅၅၀ ကျပ် ၊ ဒီဇယ်တစ်လီတာ ၄၅၅၅ ကျပ် နဲ့ ပရီမီယံဒီဇယ်တစ်လီတာ ၅၅၂၀ ကျပ်နဲ့ ရောင်းချပေးနေတာပါ။




















































