နိုဝင်ဘာ ၉၊၂၀၂၆။သုည/People’s Spring
စစ်ကိုင်းတိုင်း ယင်းမာပင်နဲ့ ဆားလင်းကြီးမြို့နယ်တွေမှာ ရွာပေါင်းစုံသပိတ်ကော်မတီဝင်တွေက ဒေသခံပြည်သူတွေကို စူပါအယ်လ်နီညိုအန္တရာယ်အတွက် အသိပညာပေးခြင်းနဲ့ သတိပေးစာဖြန့်ဝေခြင်းတွေ နိုဝင်ဘာ ၈ ရက်က ပြုလုပ်ခဲ့ပါတယ်။
ယင်းမာပင်မြို့နယ် ပြည်သူ့အခြေပြုကျောင်းတစ်ကျောင်းမှာ သပိတ်ကော်မတီဝင်တွေက စူပါအယ်လ်နီညိုအန္တရာယ်နဲ့ပတ်သက်တဲ့ အသိပညာပေးဟောပြောခြင်းကို ပြုလုပ်ပြီး လက်ကမ်းစာစောင်တွေ မျှဝေခဲ့ပါတယ်။
ယင်းလှုပ်ရှားမှုကို ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ် ဦးဆောင်ကော်မတီက ဦးဆောင်ပြုလုပ်ခဲ့တာဖြစ်ပြီး ဦးဆောင်သူတွေက ဒေသခံပြည်သူတွေကို စူပါအယ်လ်နီညိုအန္တရာယ် ကြိုတင် ကာကွယ်နိုင်ရေးအတွက် အသိပညာတွေကို မျှဝေဟောပြောခဲ့ကြတာပါ။

Public Service Announcement
ဆားလင်းကြီးနဲ့ ယင်းမာပင်မြို့နယ်အတွင်းမှ ကျေးရွာတွေမှာလည်း သပိတ်ဦးဆောင်သူတွေက ဒို့ဖက်ဒရယ်စာစဥ်မှ ထုတ်ဝေတဲ့ စူပါအန်နီညို အသိပညာပေး လက်ကမ်းစာစောင်တွေကို ပြည်သူတွေရဲ့ နေအိမ်တွေအထိ ဖြန့်ဝေမှုတွေ လုပ်ခဲ့ကြပါတယ်။
ရာသီဥတုဖောက်ပြန်မှုဒဏ် ခံနိုင်ရည်ရှိစေရေး ၊ သောက်သုံးရေ ခြိုးခြံချွေတာ သိုလှောင်ရေးနဲ့ အပူဒဏ်ကြောင့် ဖြစ်ပွားတတ်သော ကျန်းမာရေးပြဿနာ ကာကွယ်ရေးဆိုင်ရာ အချက်အလက်တွေ ပါဝင်တဲ့ လက်ကမ်းစာစောင်တွေကို ဒေသခံတွေထံ ဖြန့်ဝေပေးခဲ့တာ ဖြစ်ပါတယ်။
စူပါအယ်နီညိုကြောင့် မိုးခေါင်ရေရှားခြင်း၊ အပူချိန် အဆမတန် မြင့်တက်လာခြင်းနဲ့ သောက်သုံးရေ ပြတ်လပ်မှုစတဲ့ သဘာဝဘေးအန္တရာယ် ပြဿနာများကို ရင်ဆိုင်ရဖွယ်ရှိနေတဲ့အတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်ရန်လည်း သပိတ်ဦးဆောင်သူတွေက သတိပေးပါတယ်။




















































