နိုဝင်ဘာ ၁၂၊ ၂၀၂၆။ တည်ကြည်/People’s Spring
ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်မှာ စက်သုံးဆီတန်းစီနေတဲ့ဗွီဒီယို TikTok မှာတင်တဲ့ အမျိုးသားကို နိုင်ငံတော်တည်ငြိမ်ရေး ပျက်ပြားအောင် လှုံ့ဆော်တယ်ဆိုပြီး စစ်တပ်က ဖမ်းဆီးသွားကြောင်း သတင်းရရှိပါတယ်။
နိုဝင်ဘာ ၁၀ ရက် နေ့လယ် ၂ နာရီခန့်က လပွတ္တာမြို့နယ် (၃) မိုင် မြို့သစ်အောင်ချမ်းသာ (၄) ရပ်ကွက်နေ ကိုအောင်စည်သူ (ခ) မိုးသက်ဆိုသူဟာ သူ့ရဲ့ Moe That ဆိုတဲ့ TikTok အကောင့်ကနေ
နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေဖို့ ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ လှုံ့ဆော်တာ၊ ဝါဒဖြန့်တာတွေ လုပ်ခဲ့တယ်ဆိုပြီး စစ်တပ်က ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

Public Service Announcement
ဖမ်းဆီးခံရသူ Moe That ဆိုတဲ့ TikTok အကောင့်မှာ တခြားနိုင်ငံရေးနဲ့ငြိစွန်းတဲ့ Post တခုမှ မတွေ့ရဘဲ နောက်ဆုံးတင်သွားတဲ့ ဗွီဒီယို ၃ ခုအနက် ၂ ခုဟာ လပွတ္တာမြို့က စက်သုံးဆီတန်းစီနေတဲ့ယာဥ်တွေရဲ့ ရုပ်သံတွေပါ။ အဲဒီဆီတန်းတဲ့ ရုပ်သံ ၂ ခုဟာ နောက်ခံ DJ သီချင်းနဲ့ တွဲတင်ထားတာဖြစ်ပြီး လပွတ္တာမြို့ရဲ့ ဓာတ်ဆီပြဿနာဆိုတဲ့ တစ်ပုဒ်မှာတော့ “မြန်မာနိုင်ငံ ဆီဆိုင်များရယ် အလွန်ကို ပေါများတယ်။ ဆိုင်များပြီး ဓာတ်ဆီ ဒီဇယ် အလုံအလောက် မပေးကြတယ်။ စစ်သားနဲ့ အာဏာရှင်အတွက် ဓါတ်ဆီပေးလို့ချန်”ဆိုတဲ့ စာသား ပါဝင်ခဲ့တာ တွေ့ရပါတယ်။ အဲဒီသီချင်းကြောင့် လာရောက်ဖမ်းဆီးသွားတာဖြစ်နိုင်ကြောင်း ယူဆနေကြပါတယ်။
TikTok မှာ ဗွီဒီယိုတစ်ခုတင်ဖို့ ရွေးလိုက်တာနဲ့ TikTok က အော်တိုစနစ်နဲ့ ရုပ်သံနဲ့လိုက်ဖက်မယ့် သီချင်းကို ရွေးချယ်ထည့်သွင်းပေးလေ့ရှိတာဖြစ်ပြီး ဖမ်းဆီးခံရသူဟာ တမင်ရွေးထည့်တာ မဖြစ်နိုင်ဘူးလို့ ထင်မြင်နေကြတာတွေလည်း ရှိနေပါတယ်။
လက်ရှိ ဧရာဝတီတိုင်းက ပုသိမ်အပါအဝင် မြို့နယ်အများစုက ဆီဆိုင်တွေမှာ နိုဝင်ဘာ ဒုတိယပတ်ကတည်းက စက်သုံးဆီတွေ အချိန်ကြာမြင့်စွာ တန်းစီဝယ်ယူနေရကြောင်း၊ ဒါ့အပြင် ဓာတ်ဆီခွဲတန်းကိုလည်း ဆိုင်ကယ်တစ်စီး တစ်ပတ် လေးလီတာနှစ်ကြိမ် ဝယ်ယူခွင့်ကနေ တစ်ကြိမ်တစ်သောင်းဖိုးပဲ ရောင်းချတာပေးတာမျိုးတွေ ရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။
“တချို့ ၁၀၀၀၀ ဖိုးပဲ ရတာတဲ့။ တကယ်က ဆိုင်ကယ်တွေက QR တစ်ခါဖတ်ရင် ၈ လီတာအထိထည့်လို့ရတယ်။ တစ်ပတ် ၂ ခါဆိုတော့ ၄ လီတာပဲ ခွဲထည့်ကြတာ။ အခုက ၂ လီတာပဲပေးတော့ တစ်ပတ် ၄ လီတာပဲ ထည့်ပေးမယ့် သဘော”လို့ လပွတ္တာမြို့ခံတစ်ဦးက ပြောပါတယ်။
အဲဒီဖမ်းဆီးခံရတဲ့ အမျိုးသားကို (၃) မိုင်နယ်မြေရဲစခန်းမှာ ပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ ယခုနိုဝင်ဘာလအတွင်းမှာပဲ မန္တလေးတိုင်းနဲ့ ဧရာဝတီတိုင်းက TikTok သုံးစွဲသူ ၃ ဦးကို ဖမ်းဆီးအရေးယူထားပါတယ်။
စစ်အာဏာသိမ်း ၅နှစ်ကျော်ကာလအတွင်း လူမှုကွန်ယက်ပေါ်မှာ စစ်တပ်ကို ဆန့်ကျင်ဝေဖန်ပြီး လူထုလှုပ်ရှားမှုတွေနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေကို ထောက်ခံအားပေးတဲ့ ရေးသားမှုတွေ၊ ပြောဆိုဆက်သွယ်မှုတွေကြောင့် ဖမ်းဆီးခံရသူ ၂,၀၂၉ ဦး ရှိခဲ့ကြောင်း Data for Myanmar ရဲ့ စက်တင်ဘာ ၂၃ ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။





















































