အမေရိကန် နိုင်ငံတဝန်းမှာ လေယာဉ်တွေ ပျံတက်ခွင့်ကို ဆိုင်းငံ့တားမြစ်ထားတဲ့ ညွှန်ကြားချက်ကို အခုအခါ ပြန်လည် ရုပ်သိမ်းပေးလိုက်ပြီ ဖြစ်ပါတယ်။
နိုဝင်ဘာ ၁၃ ရက်နေ့က အမေရိကန် ဖက်ဒရယ် လေကြောင်း အာဏာပိုင်အဖွဲ့ (FAA)က တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လေပိုင်နက်ကို ပိတ်လိုက်ကြောင်း ကြေညာခဲ့တာပါ။ အကြောင်းကတော့ လေကြောင်းထိန်းသိမ်းရေး စနစ်တွေမှာ အသုံးပြုတဲ့ software တစ်ခုကို update လုပ်လိုက်တဲ့နောက်ပိုင်း ကွန်ရက် ပြတ်တောက်မှုတွေ ဖြစ်ပွားလာသလို လက်ရှိ သုံးစွဲနေဆဲ သက်တမ်း အိုမင်းနေတဲ့ ဆာဗာတွေအတွက် မနိုင်ဝန် ထမ်းရသလို ဖြစ်သွားစေခဲ့တာကြောင့်လို့ ကနဦး သိရှိထားရပါတယ်။
စုစုပေါင်း ၄ နာရီ ကြာမြင့်ပြီးတဲ့ နောက်မှာတော့ FAAက အမေရိကန် လေပိုင်နက်ကို ပြန်ဖွင့်ပေးလိုက်ပြီး လေယာဉ်တွေကို ပြန်တက်ခွင့် ပေးခဲ့ပါတယ်။ လေဆိပ်တွေထဲမှာ ပိတ်မိနေခဲ့တဲ့ ခရီးသည်တွေလည်း အဲဒီ သတင်းကို ကြားရတဲ့ အခါမှာ ကောင်းချီးပေး လက်ခုပ်တွေ တီးနေတာကို တွေ့ခဲ့ရပါတယ်။
အမေရိကန် လေကြောင်းထိန်းသိမ်းရေး ကွန်ရက်အတွက် ထိန်းချုပ်စနစ်တွေကို L3Harrisက အဓိက ထောက်ပံ့ပေးထားပြီး လေပိုင်နက်ကို ပိတ်ထားတဲ့ အချိန်အတွင်း စနစ်တွေကို အသစ်က ပြန်စတာ၊ ပြဿနာကို ပြင်ဆင်တာတွေကို အပူတပြင်း လုပ်ဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။ ကုမ္ပဏီကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး အသေးစိတ် မထုတ်ပြန်သေးပါဘူး။

Public Service Announcement
FAAဟာ အမေရိကန် အနှံ့အပြားမှာ ရှိနေတဲ့ အဓိက လေကြောင်းထိန်းသိမ်းရေး စင်တာကြီး ၂၂ ခုစလုံးကနေ လေယာဉ်တွေ ပျံသန်းထွက်ခွာခွင့်ကို တားဆီးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ လေထဲမှာ ရှိနေခဲ့တဲ့ လေယာဉ်ပေါင်း ၃၅၀၀ လောက်ကတော့ မူလ ရည်မှန်းထားတဲ့ ခရီးစဉ်အတိုင်း သက်ဆိုင်ရာ လေဆိပ်တွေဆီမှာ အသီးသီး အန္တရာယ်ကင်းကင်း ဆင်းသက်နိုင်ခဲ့ကြပါတယ်။
ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ အိမ်ဖြူတော်က သတင်းစာ ရှင်းလင်းပွဲ လုပ်တဲ့အခါ သယ်ယူပို့ဆောင်ရေး ဝန်ကြီး ရှောင်ဒက်ဖီက အဓိက အကြောင်းရင်းဟာ အိုဟောင်းနေတဲ့ စနစ်တွေ ဝန်ပိသွားရာက ဆက်အလုပ်မလုပ်နိုင် ဖြစ်သွားခဲ့တာလို့ ရှင်းပြခဲ့ပါတယ်။ အသစ်လဲလှယ် တပ်ဆင်ထားတဲ့ စနစ် အစိတ်အပိုင်းတွေမှာတော့ ရပ်ဆိုင်းသွားတာမျိုး မရှိခဲ့ဘူးလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ နှစ်တုန်းက အမေရိကန် လွှတ်တော်ဟာ သက်တမ်း အိုမင်းနေတဲ့ လေကြောင်းထိန်းသိမ်းရေး စနစ် အစိတ်အပိုင်းတွေကို မွမ်းမံ အဆင့်မြှင့်ဖို့ ဒေါ်လာ ၁၂ ဘီလီယံကျော် ခွဲတမ်း ခွင့်ပြုပေးခဲ့ပါတယ်။ ဒက်ဖီကတော့ စနစ်အတွက် တကယ် ထိထိရောက်ရောက် အဆင့်မြှင့်ဖို့ဆိုရင် နောက်ထပ် ဒေါ်လာ ၅၀ ဘီလီယံလောက် ထပ်လိုလိမ့်မယ်လို့ ပြောကြားသွားပါတယ်။
အမေရိကန် ပြည်တွင်းလုံခြုံရေး ဝန်ကြီး မတ်ခ်ဝိန်း မူလင်က ဒီကိစ္စဟာ ဆိုက်ဘာတိုက်ခိုက်မှု တစ်ခုခုနဲ့ ကြုံတွေ့ခဲ့တာ မဟုတ်နိုင်ကြောင်း ဆိုပါတယ်။ သတင်းထောက်တွေက ဆိုက်ဘာ တိုက်ခိုက်မှု ဖြစ်နိုင်ခြေကို မေးမြန်းတဲ့အခါ အဲဒီလို ကောက်ချက်ချဖို့ ဘာအထောက်အထားမှ မတွေ့ခဲ့ကြောင်း ဝန်ကြီးက ပြန်ဖြေပါတယ်။ အခုဖြစ်ရပ် မတိုင်ခင် တစ်ရက်တုန်းက Microsoft ကုမ္ပဏီရဲ့ အွန်လိုင်း ဝန်ဆောင်မှုတွေဟာလည်း အလားတူ ပြဿနာမျိုးကြောင့် ပြတ်တောက် ရပ်ဆိုင်းခဲ့ပေမယ့် ကိစ္စနှစ်ခုကြား ဆက်စပ်မှု မရှိဘူးလို့ မူလင်က ဆိုပါတယ်။ ဒါ့အပြင် FAAက ပျံသန်းခွင့် ပိတ်ခဲ့တဲ့ အတောအတွင်း အများပြည်သူအတွက် ခြိမ်းခြောက် အန္တရာယ် ဖြစ်နိုင်တဲ့ အခြေအနေ လုံးဝ မရှိဘူးလို့လည်း သူက အခိုင်အမာ ပြောကြားသွားပါတယ်။
အခုဖြစ်ရပ်ဟာ အမေရိကန်မှာ 9/11 အကြမ်းဖက်မှုကြီး ဖြစ်ပွားခဲ့တဲ့ ၂၀၀၁ ခုနှစ်၊ စက်တင်ဘာလ နောက်ပိုင်း လေပိုင်နက်ကို အချိန်အကြာဆုံး ပိတ်ထားမှု ဖြစ်လာခဲ့ပါတယ်။ ၄ နာရီကြာ ဆိုင်းငံ့ထားမှုအတွင်း လူပေါင်း ၁.၅ သန်းလောက်ဟာ လေဆိပ်တွေထဲမှာ သောင်တင်နေခဲ့တယ်လို့ ခန့်မှန်းရပါတယ်။
FAAက အမေရိကန် လေပိုင်နက်ကို ပိတ်ထားတဲ့အကြောင်း ကြေညာခဲ့တဲ့နောက် ဥရောပ နိုင်ငံအများအပြားဟာ အမေရိကန်ဆီ ထွက်ခွာမယ့် ခရီးစဉ် အများအပြားကို ဆိုင်းငံ့ထားစေခဲ့ပါတယ်။ ကနေဒါကတော့ 9/11 ဖြစ်စဉ်တုန်းကအတိုင်း အမေရိကန်ဆီ ဦးတည် ပျံသန်းနေတဲ့ လေကြောင်း ခရီးစဉ်တွေကို လမ်းကြောင်းပြောင်းဖို့ ညွှန်ကြားခဲ့ပါတယ်။ FAAရဲ့ ပျံသန်းခွင့် ဆိုင်းငံ့ခဲ့မှုဟာ အမေရိကန်ရဲ့ ကုန်းမြေချင်း ဆက်စပ်တည်ရှိရာ ပြည်နယ်တွေ အတွက်သာ အကျုံးဝင်ခဲ့ပြီး သီးခြားစီ တည်ရှိတဲ့ အလာစကာနဲ့ ဟာဝိုင်ယီ ပြည်နယ်တွေမှာတော့ လေယာဉ်တွေကို ပျံတက်ခွင့် ပေးထားခဲ့ကြောင်း သိရပါတယ်။
ကိုးကား: New York Times




















































