အမေရိကန်နိုင်ငံ၊ လူဝီစီးယားနား ပြည်နယ်ထဲက နယူးအော်လင်းစ်မြို့မှာ လောင်စာဆီတင် သင်္ဘောတစ်စီးက ဝင်တိုက်လို့ ခရီးသည်တင် အပန်းဖြေ ခရုစ်သင်္ဘောတစ်စီး နစ်မြုပ်သွားခဲ့ပါတယ်။
နိုဝင်ဘာ ၁၃ ရက်နေ့တုန်းက မစ္စစ္စပီ မြစ်ထဲမှာ ကမ်းကပ် ရပ်နားထားတဲ့ ခရုစ်သင်္ဘောကို အရွယ်အစား ပိုကြီးတဲ့ လောင်စာဆီတင် သင်္ဘောက ကန့်လန့်ဖြတ် ဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်မှာ American Cruise သင်္ဘောလိုင်းက ပိုင်ဆိုင်တဲ့ American Heritage ခရီးသည်တွေ ရေထဲ လွင့်စဉ် ကျဆင်းကုန်ပြီး ကယ်ဆယ်ရေးတွေကို အပူတပြင်း ဆောင်ရွက်ခဲ့ရပါတယ်။
အဲဒီရေယာဉ်ကို ဝင်တိုက်မိခဲ့တာကတော့ မာရှယ်အိုင်းလန်းအလံ လွှင့်ထူထားပြီး ကတ္တရာနဲ့ လောင်စာဆီတွေ အဓိက တင်ဆောင်တဲ့ Atlantic Asphalt သင်္ဘောဖြစ်ပါတယ်။ ရေယာဉ်နှစ်စီး တိုက်မိမှု အပြီးမှာတော့ American Heritageဟာ တဖြည်းဖြည်းချင်း တခြမ်းစောင်းပြီး နစ်မြုပ်သွားခဲ့ပါတယ်။
American Heritageပေါ်မှာ လူပေါင်း ၁၈၀ လောက် ရှိနေခဲ့ပေမယ့် အားလုံးကို အသက်ရှင်လျက် ရှာတွေ့ခဲ့ပြီး ကယ်ဆယ်နိုင်ခဲ့၊ ရွှေ့ပြောင်းပေးနိုင်ခဲ့ပါတယ်။ သတင်းစာ ရှင်းလင်းပွဲမှာတော့ နယူးအော်လင်းစ် မြို့တော်ဝန် ဟယ်လန်နာ မော်ရီနိုက လူအသေအပျောက် မရှိခဲ့တာနဲ့ ပတ်သက်လို့ မစ္စစ္စပီရဲ့ အံ့ဖွယ်ဖြစ်ရပ်လို့ ရည်ညွှန်းသွားခဲ့ပါတယ်။

Public Service Announcement
အမေရိကန် ပြည်တွင်းလုံခြုံရေး ဝန်ကြီး မတ်ခ်ဝိန်း မူလင်က နယူးအော်လင်းစ်က ရေယာဉ်ချင်း တိုက်မိတဲ့ သတင်းကို ကြားကြားချင်း ကယ်ဆယ်ရေးအတွက် ရှိသမျှ အရင်းအမြစ်တွေကို ပုံအော အသုံးပြုဖို့ အစိုးရက ညွှန်ကြားခဲ့ကြောင်း လူမှုကွန်ရက်ပေါ်မှာ ရေးသားထားခဲ့ပါတယ်။
ကနဦး စုံစမ်းမှုတွေအရ Atlantic Asphaltဟာ ပဲ့ထိန်းစနစ် ချွတ်ယွင်းမှု ပြဿနာ ဖြစ်ရာက ထိန်းချုပ်လို့ မရတော့ဘဲ ကမ်းကပ်ထားတဲ့ American Heritageကို ဝင်တိုက်ခဲ့တာလို့ ယုံကြည်ရကြောင်း ဆိပ်ကမ်း အာဏာပိုင်တွေက ပြောပါတယ်။ ဖြစ်စဉ် အသေးစိတ်ကိုတော့ ဆက်လက် စုံစမ်းနေဆဲပါ။
သင်္ဘောနှစ်စီး တိုက်မိမှုကြောင့် ရဲဝန်ထမ်း ၂ ယောက် အပါအဝင် လူ ၃၂ ဦး ဒဏ်ရာရခဲ့ပေမယ့်လည်း အသက်အန္တရာယ် စိုးရိမ်ရသူ မရှိပါဘူး။ ဖြစ်စဉ်အပြီး အနီးတဝိုက် ရေလမ်းကြောင်းကို ယာယီ ပိတ်ခဲ့ပေမယ့် ကယ်ဆယ်ရေး လုပ်ငန်းတွေ အပြီးမှာတော့ ပြန်ဖွင့်ပေးထားခဲ့ပါတယ်။
ကိုးကား: CBS




















































