သမိုင်းဝင် အခိုက်အတန့် တစ်ခုအဖြစ် အမေရိကန်၊ ရုရှားနဲ့ တရုတ် သမ္မတတွေ သုံးပွင့်ဆိုင် တွေ့ဆုံကြလိမ့်မယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်ခဲ့ပါတယ်။
နိုဝင်ဘာ ၁၃ ရက်နေ့ အိမ်ဖြူတော် ကြေညာချက်အရ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ လာမယ့် သီတင်းပတ်ကျရင် တရုတ်နိုင်ငံ ရှန်ဇန်းမြို့မှာ ကျင်းပမယ့် ထိပ်သီး အစည်းအဝေး တစ်ခုကို တက်ရောက်ရင်း ရုရှား သမ္မတ ဗလာဒီမာပူတင်၊ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့နဲ့ သုံးပွင့်ဆိုင် သီးသန့်တွေ့ဆုံ ဆွေးနွေးမယ်လို့ သိရပါတယ်။
ထရမ့်၊ ပူတင်နဲ့ ရှီတို့ဟာ နှစ်ဦးချင်းစီ သီးခြားတွေ့ဆုံတာတွေ ရှိခဲ့ဖူးပေမယ့် သုံးယောက်သား အတူထိုင်ပြီး ဆွေးနွေးတာမျိုးကတော့ ဘယ်တုန်းကမှ မဖြစ်မြောက်ခဲ့ဖူးသေးပါဘူး။ ထရမ့်ဟာ စူပါပါဝါပြိုင်ဘက် နှစ်နိုင်ငံ ခေါင်းဆောင်တွေနဲ့ အတူထိုင်ရင်း နျူကလီးယားလက်နက် လျှော့ချရေး၊ အီရန်စစ်ပွဲအရေးတွေကို ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ အိမ်ဖြူတော်က ကြေညာခဲ့ပါတယ်။
အမေရိကန်-ရုရှား-တရုတ် သုံးပွင့်ဆိုင် ထိပ်သီးတွေ့ဆုံမှုမျိုးဟာ ပထမဆုံးအကြိမ် သမိုင်းဝင် အခိုက်အတန့် ဖြစ်လာမယ်လို့လည်း အိမ်ဖြူတော်က ညွှန်းဆိုထားပါတယ်။ အဲဒီဆွေးနွေးမှုမှာ ထရမ့်ဟာ သူဆင်နွှဲခဲ့တဲ့ အီရန်စစ်ပွဲ ကိစ္စအကြောင်း ထည့်သွင်းလာနိုင်ပေမယ့် ယူကရိန်း စစ်ပွဲ ကိစ္စကိုတော့ စကားပြောမယ့် အခြေအနေ မရှိဘူးလို့ အမေရိကန် အစိုးရ အရာရှိ တစ်ဦးက ပြောပါတယ်။

Public Service Announcement
ထိပ်သီးသုံးနိုင်ငံ ခေါင်းဆောင်တွေဟာ အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (အေပက်) ညီလာခံ တက်ရောက်ဖို့အတွက် တရုတ်တောင်ပိုင်းက ရှန်ဇန်းမြို့ကို သွားရောက်ကြမှာ ဖြစ်ပါတယ်။
အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အရာရှိ အိုလီဗီယာဝေးလ်စ်က သမ္မတ ထရမ့်ဟာ တခြားသော အကြောင်းအရာတွေအပြင် ကမ္ဘာ့နျူကလီးယားလက်နက် အရေအတွက် တိုးပွားမှုကို လျှော့ချ ဖျက်သိမ်းစေရေး ကိစ္စကိုလည်း အလေးထား ဆွေးနွေးမယ်ဆိုတာ အတိအလင်း ပြောဆိုထားကြောင်း၊ အဲဒီ ဖျက်အားပြင်း လက်နက်တွေ တိုးပွားမှုဟာ အင်မတန် အန္တရာယ် ကြီးတယ်လို့ သမ္မတက ယူဆထားကြောင်း ပြောကြားခဲ့ပါတယ်။
ထရမ့်ရဲ့ သမ္မတ သက်တမ်းအတွင်း ကြုံနေတဲ့ အဓိက နိုင်ငံတကာ စစ်ရေး ပဋိပက္ခ တစ်ခုအကြောင်းကို ထည့်သွင်း ဆွေးနွေးကြမှာ ဖြစ်ပေမယ့် နောက်ထပ် တစ်ခုရဲ့ အကြောင်းကိုတော့ ပြောဆိုမှာ မဟုတ်ဘူးလို့ ဝေးလ်စ်က ဆက်ပြောပါတယ်။
နာမည် မဖော်လိုတဲ့ အိမ်ဖြူတော် အရာရှိ တစ်ဦးကတော့ ထရမ့်ဟာ အီရန်စစ်ပွဲ ကိစ္စကိုသာ ပူတင်၊ ရှီတို့နဲ့ တိုင်ပင်နှီးနှောဖွယ် ရှိတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။ ယူကရိန်း စစ်ပွဲ အရေးနဲ့ ပတ်သက်လို့တော့ စစ်ရပ်စဲရေးအတွက် အမေရိကန်ဟာ လုံးဝဥဿုံ ခြားနားတဲ့ တခြား သံတမန်ရေး ချဉ်းကပ်မှု လမ်းကြောင်းတွေကနေ ရုရှား၊ ယူကရိန်းတို့နဲ့ ချိတ်ဆက် စကားပြောနေတယ်လို့ အဲဒီ အရာရှိက ဆိုပါတယ်။
Teslaနဲ့ SpaceX ကုမ္ပဏီကြီးတွေရဲ့ အကြီးအကဲ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မတ်စ်ခ်ဟာ ထရမ့်နဲ့အတူ ရှန်ဇန်းကို လိုက်ပါသွားမှာ ဖြစ်ပေမယ့် ပူတင်၊ ရှီတို့နဲ့ တွေ့ဆုံမယ့် ထိပ်သီး အစည်းအဝေးကိုတော့ တက်ရောက်မှာ မဟုတ်ဘူးလို့လည်း သိရပါတယ်။
ကိုးကား: AFP




















































