Connect with us

Hi, what are you looking for?

အတွေးအမြင်

သတင်းသမားတွေကိုကာကွယ်ခြင်းဟာ ပြည်သူ့သတင်းသိပိုင်ခွင့်ကိုကာကွယ်ခြင်းပါ

သတင်းလွတ်လပ်ခွင့်ဆိုတာအမှန်တရားကို ဖော်ထုတ်သူတွေရဲ့အခွင့်အရေးသာမကပြည်သူတိုင်းရဲ့ သိရှိပိုင်ခွင့်နဲ့ လူ့အခွင့်အရေးကိုပါ အကာအကွယ်ပေးထားတဲ့ အခြေခံအုတ်မြစ်တစ်ခုဖြစ်ပါတယ်။ မြန်မာသတင်းသမားတွေရဲ့ ရှင်သန်ရပ်တည်ရေးကနေ အမှန်တရားနဲ့ တရားမျှတမှုအတွက် ကမ္ဘာတစ်ဝန်း ကြိုးပမ်းနေတဲ့ RSF ရဲ့ လုပ်ဆောင်မှုတွေကို သူတိုရဲ့ ဆောင်းပါးမှာ ဖတ်ရှုလေ့လာပြီး ပံ့ပိုးကူညီမှုမှာလည်း အတူပါဝင်​ပေးနိုင်ကြပါတယ်။

— ဥဂ္ဂါ ရေးသားသည်။

သတင်းလွတ်လပ်ခွင့်ဆိုတာအမှန်တရားကို ဖော်ထုတ်သူတွေရဲ့အခွင့်အရေးသာမကပြည်သူတိုင်းရဲ့ သိရှိပိုင်ခွင့်နဲ့ လူ့အခွင့်အရေးကိုပါ အကာအကွယ်ပေးထားတဲ့ အခြေခံအုတ်မြစ်တစ်ခုဖြစ်ပါတယ်။ မြန်မာသတင်းသမားတွေရဲ့ ရှင်သန်ရပ်တည်ရေးကနေ အမှန်တရားနဲ့ တရားမျှတမှုအတွက် ကမ္ဘာတစ်ဝန်း ကြိုးပမ်းနေတဲ့ RSF ရဲ့ လုပ်ဆောင်မှုတွေကို သူတိုရဲ့ ဆောင်းပါးမှာ ဖတ်ရှုလေ့လာပြီး ပံ့ပိုးကူညီမှုမှာလည်း အတူပါဝင်​ပေးနိုင်ကြပါတယ်။

မြန်မာနိုင်ငံမှာပြည်တွင်းစစ်ဖြစ်ပွားလာခဲ့တာ ငါးနှစ်ခွဲကျော်ရှိလာပြီဖြစ်ပါတယ်။ ဒီကာလအတွင်း နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF)ဟာမြန်မာနိုင်ငံအတွင်းမှာသတင်းလုပ်ငန်းလုပ်ကိုင်နေကြတဲ့သတင်းသမားတွေနဲ့ နိုင်ငံရပ်ခြားကို ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ သတင်းသမားတွေ စုစုပေါင်း ၅၀၀ ကျော်ကို အရေးပေါ်အကူအညီပေးတာ၊ သင်တန်းတွေ ပို့ချပေးတာနဲ့ လိုအပ်တဲ့ ပစ္စည်းကိရိယာတွေ ထောက်ပံ့ပေးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။ အခုအချိန်မှာလည်း ပြည်သူတွေ သတင်းအချက်အလက်တွေ လက်လှမ်းမီရရှိနိုင်ဖို့ကို အဓိကထားပြီး အထူးသဖြင့် လှိုင်းတိုရေဒီယိုကနေတစ်ဆင့် သတင်းထုတ်လွှင့်ပေးတဲ့ လုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်။

၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီလ၁ရက်နေ့မှာ မြန်မာစစ်တပ်က အာဏာသိမ်းယူခဲ့ပြီးနောက်ပိုင်း RSF ဟာ ပြည်တွင်းမှာရှိနေတဲ့ သတင်းသမားတွေနဲ့ ပြည်ပကို ထွက်ခွာတိမ်းရှောင်နေကြရတဲ့သတင်းသမားတွေအပါအဝင် စုစုပေါင်း ၅၀၀ ကျော်ကို အစီအစဉ်အမျိုးမျိုးနဲ့ ကူညီထောက်ပံ့ပေးခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိမှာလည်းသတင်းအချက်အလက်တွေ လွတ်လပ်စွာရရှိနိုင်ရေးကို အလေးထားပြီး အထူးသဖြင့် လှိုင်းတိုရေဒီယိုအသံလွှင့်မှုတွေကနေတစ်ဆင့် ဆက်လက်ဆောင်ရွက်နေပါတယ်။

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်းမြန်မာနိုင်ငံမှာ တိုက်ပွဲ​တွေဖြစ်ပွားနေတာ ငါးနှစ်ကျော်လာပြီဖြစ်တဲ့အတွက် ပြည်သူတွေဟာလွတ်လပ်ပြီး ဆင်ဆာဖြတ်တောက်မှုမရှိတဲ့သတင်းအချက်အလက်တွေကို ရရှိနိုင်ဖို့ အရင်ကထက် ပိုပြီးအရေးကြီးလာပြီဖြစ်ပါတယ်။စစ်ကောင်စီရဲ့အင်တာနက်ဖြတ်တောက်မှုတွေ၊ဒစ်ဂျစ်တယ်နည်းပညာ အသုံးပြုပြီး စောင့်ကြည့်ထောက်လှမ်းမှုတွေ၊ စစ်ကောင်စီဘက်က ဖြန့်ဝေနေတဲ့ သတင်းမှားတွေနဲ့ ဒေသတွင်းနိုင်ငံတချို့၊အထူးသဖြင့်တရုတ်နိုင်ငံရဲ့ ဝါဒဖြန့်ချိမှုတွေ ရှိနေတဲ့ကြားကနေ မြန်မာသတင်းသမားတွေဟာ ပြည်သူတွေကို သတင်းမှန်ပေးနိုင်ဖို့ သူတို့ရဲ့တာဝန်ကို ဆက်လက်ထမ်းဆောင်နေကြပါတယ်။

RSF အနေနဲ့လည်း သတင်းသမားတွေ သူတို့ရဲ့လုပ်ငန်းတာဝန်ကို ဆက်လက်လုပ်ကိုင်နိုင်ဖို့ အတူတကွရပ်တည်ပြီး ကူညီပံ့ပိုးပေးနေပါတယ်လို့ RSF ရဲ့ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ဗျူရိုဒါရိုက်တာ ဆက်ဒရစ် အယ်လ်ဗီယာနီ (Cédric Alviani) က ပြောကြားခဲ့ပါတယ်။

သတင်းအချက်အလက်တွေ ပြည်သူတွေဆီ ဆက်လက်ရောက်ရှိနိုင်ဖို့ RSF ဟာ နည်းလမ်းပေါင်းစုံနဲ့ ဆောင်ရွက်နေပါတယ်။စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားတဲ့သတင်းသမားတွေကို ပြန်လွှတ်ပေးဖို့အတွက် ဒီမိုကရေစီနိုင်ငံတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို စည်းရုံးလှုံ့ဆော်ခဲ့သလို စစ်ကောင်စီကို အထောက်အပံ့ပေးနေတဲ့ နိုင်ငံခြားကုမ္ပဏီတွေကိုလည်း ဖိအားပေး ဆောင်ရွက်ခဲ့ပါတယ်။ ဒါ့အပြင် လွတ်လပ်တဲ့ သတင်းမီဒီယာတစ်ခုဖြစ်တဲ့ Myanmar Now မှာ ဓာတ်ပုံသတင်း

ထောက်အဖြစ် လုပ်ကိုင်ခဲ့သူ ကိုစိုင်းဇော်သိုက်ကို ၂၀၂၆ ခုနှစ် RSF ကမ္ဘာ့သတင်းလွတ်လပ်ခွင့်ဆုရဲ့ ရဲစွမ်းသတ္တိဆုအမျိုးအစားမှာ ချီးမြှင့်ခဲ့ပါတယ်။ ကိုစိုင်းဇော်သိုက်ဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မှတ်တမ်းတင်သတင်းယူခဲ့တဲ့အတွက် အာဏာသိမ်းစစ်တပ်က ၂၀၂၃ ခုနှစ်မှာ ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခဲ့သူ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်ကစပြီး RSF ရဲ့ အရေးပေါ်အကူအညီအစီအစဉ်အောက်မှာ မြန်မာသတင်းသမား ၁၃၀ ကျော်ကို ကူညီပေးခဲ့ပါတယ်။ အဲဒီထဲမှာ ပြည်တွင်းမှာရှိနေသူတွေရော၊ ပြည်ပကို ထွက်ခွာတိမ်းရှောင် နေသူတွေရော ပါဝင်ပါတယ်။ သတင်းသမားတစ်ဦးချင်းစီရဲ့ လိုအပ်ချက်ပေါ်မူတည်ပြီး ငွေကြေး အထောက်အပံ့၊ ဥပဒေရေးရာအကူအညီနဲ့ လုံခြုံရာနေရာကို ပြောင်းရွှေ့နိုင်ရေးအတွက် အကူအညီတွေ ပေးအပ်ခဲ့ပါတယ်။

၂၀၂၄ ခုနှစ်အောက်တိုဘာလကစပြီးသတင်းသမား ၂၇၄ ဦးနီးပါးဟာ RSF က ဖွင့်လှစ်ပို့ချတဲ့ သင်တန်းတွေမှာ ပါဝင်တက်ရောက်ခဲ့ကြပါတယ်။ အဲဒီသင်တန်းတွေမှာ ပဋိပက္ခဖြစ်ပွားရာဒေသတွေမှာ သတင်းယူတဲ့အခါ လုံခြုံရေးဘယ်လိုဂရုစိုက်ရမလဲ၊ ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာ လုံခြုံရေး၊ စိတ်ကျန်းမာရေးနဲ့ အန္တရာယ်များတဲ့ ပတ်ဝန်းကျင်အခြေအနေတွေမှာ လုပ်ငန်းတာဝန်ထမ်းဆောင်နိုင်ဖို့ လိုအပ်တဲ့ အသိပညာနဲ့ ကျွမ်းကျင်မှုတွေကို သင်ကြားပေးခဲ့ပါတယ်။

၂၀၂၄ ခုနှစ် အောက်တိုဘာလမှာ RSF ဟာ အိမ်နီးချင်းထိုင်းနိုင်ငံရဲ့ အနောက်မြောက်ပိုင်း ချင်းမိုင်မြို့မှာ စင်တာတစ်ခု ဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီစင်တာကို ပြည်ပမှာ တိမ်းရှောင်နေကြရတဲ့ မြန်မာသတင်းသမား တွေဆီ လိုအပ်တဲ့ ပစ္စည်းကိရိယာတွေ ဖြန့်ဝေပေးနိုင်ဖို့ ရည်ရွယ်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

“Myanmar Press Freedom Project” လို့ အမည်ပေးထားတဲ့ အဲဒီစီမံကိန်းကို နှစ်နှစ်ကြာ ဆောင်ရွက်ခဲ့ရာမှာ လက်ပ်တော့ကွန်ပျူတာ ၆၇ လုံး၊ စမတ်ဖုန်း ၅၀ လုံး၊ ဆိုလာဘက်ထရီ ၂၅ လုံး၊ အားသွင်းစခန်း ၂၄ ခုနဲ့ VPN အသုံးပြုခွင့် ၃၆ ခုတို့ကို ဖြန့်ဝေထောက်ပံ့ပေးခဲ့ပါတယ်။ အခုအခါ ပစ္စည်းကိရိယာဖြန့်ဝေရေး အစီအစဉ် ပြီးဆုံးသွားပြီဖြစ်တဲ့အတွက် ချင်းမိုင်စင်တာကို ၂၀၂၆ ခုနှစ် နိုဝင်ဘာလမှာ ပိတ်သိမ်းသွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ဒေသခံအဖွဲ့အစည်းခြောက်ဖွဲ့ကိုလည်းRSFက တိုက်ရိုက် ငွေကြေးထောက်ပံ့ပေးခဲ့ပါတယ်။ အဲဒီအဖွဲ့အစည်းတွေဟာ သတင်းသမားတွေအတွက် လိုအပ်တဲ့ ပစ္စည်းကိရိယာတွေနဲ့ အလုပ်လုပ်ကိုင်နိုင်မယ့် နေရာတွေ စီစဉ်ပေးတာ၊ ပဋိပက္ခအခြေအနေတွေကို သတင်းယူတင်ဆက်နေကြတဲ့ သတင်းသမားကွန်ရက်တွေကို ပံ့ပိုးကူညီတာနဲ့ ဂြိုဟ်တုအင်တာနက် ချိတ်ဆက်အသုံးပြုနိုင်ရေးတို့ကို ဆောင်ရွက်ပေးခဲ့ကြပါတယ်။

၂၀၂၆ ခုနှစ်အတွင်းမှာလည်း စစ်ကောင်စီက တစ်စိတ်တစ်ပိုင်း ထိန်းချုပ်ထားတဲ့ နယ်မြေဒေသတွေကို အသံလွှင့်ပေးနိုင်မယ့် FM ရေဒီယိုအသံလွှင့်ဌာနတစ်ခု တည်ထောင်နိုင်ဖို့ RSF က ကူညီပံ့ပိုး ပေးခဲ့ပါတယ်။ ဒါ့အပြင် မြန်မာမီဒီယာအဖွဲ့အစည်း Mizzima နဲ့ Radio Taiwan International (RTI) တို့ ပူးပေါင်းပြီး “Voice of Independent Myanmar” လို့ အမည်ရတဲ့ လှိုင်းတိုရေဒီယိုအစီအစဉ်ကိုလည်း စတင်ထုတ်လွှင့်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်အာဏာပိုင်တွေဟာ သတင်းမီဒီယာတွေကို ရက်ရက်စက်စက် ဖိနှိပ်ဖြိုခွင်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ RSF က ၂၀၂၆ ဇွန်လမှာ ထုတ်ပြန်ခဲ့တဲ့ “နိုင်ငံတော်လုံခြုံရေးကို လက်နက်သဖွယ် အသုံးချခြင်း” ဆိုင်ရာ အစီရင်ခံစာမှာ မြန်မာသတင်းသမား အနည်းဆုံး ၄၀ ဦးဟာ ယနေ့အချိန်အထိ အကျဉ်းထောင်တွေထဲမှာ ဖမ်းဆီးထိန်းသိမ်း ခံထားရဆဲဖြစ်ပြီး ပြည်တွင်းစစ်စတင်ချိန်ကစလို့ အနည်းဆုံး ၂၂၀ ဦး ဖမ်းဆီးခံ ခဲ့ရကြောင်း ဖော်ပြထားပါတယ်။

RSF ရဲ့ ၂၀၂၆ ခုနှစ် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်အညွှန်းကိန်းမှာ မြန်မာနိုင်ငံဟာ နိုင်ငံနဲ့ နယ်မြေဒေသ စုစုပေါင်း ၁၈၀ ခုအနက် အဆင့် ၁၆၆ မှာ ရပ်တည်နေပါတယ်။ လက်ရှိမှာတော့ သတင်းသမားတွေကို အကျဉ်းချထားတဲ့ အရေအတွက်အရ မြန်မာနိုင်ငံဟာ ရုရှားနဲ့ တရုတ်နိုင်ငံတို့ရဲ့နောက် ကမ္ဘာပေါ်မှာ တတိယမြောက် သတင်းသမားအများဆုံး အကျဉ်းချခံထားရတဲ့ နိုင်ငံဖြစ်လာပါတယ်။

မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်အဆင့်ဟာ ၁၈၀ နိုင်ငံအနက် ၁၆၆ ဖြစ်ပြီး ရမှတ်က ၂၆.၃၈ ဖြစ်ပါတယ်။ အဆိုပါအချက်အလက်ကို ၂၀၂၆ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့မှာ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

RSF ရဲ့ လုပ်ဆောင်မှုတွေထဲမှာ မီဒီယာရေရှည်တည်တံ့ရေး၊ သတင်းလုပ်ငန်းဆောင်ရွက်မှုတွေ၊ အကူအညီပေးရေး၊ လူ့အခွင့်အရေး၊သတင်းလွတ်လပ်ခွင့်၊သတင်းအချက်အလက်ရရှိပိုင်ခွင့်၊ ပြစ်မှုကျူးလွန်သူတွေကို အရေးယူမှုကင်းလွတ်နေခြင်း၊ နိုင်ငံရေးနဲ့ ပြည်ပတိမ်းရှောင်မှုဆိုင်ရာ ကိစ္စရပ်တွေ ပါဝင်ပါတယ်။

RSF ကို ပံ့ပိုးကူညီပေးကြပါ။ ပြည်သူတွေရဲ့ အလှူငွေတွေကြောင့် RSF ဟာ သူ့ရဲ့လုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နိုင်တာ ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းမှာ သတင်းလွတ်လပ်ခွင့်ကို လေးစားလိုက်နာမှု ရှိ၊ မရှိ စောင့်ကြည့်နိုင်ဖို့နဲ့ လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်နိုင်ဖို့အတွက် ပြည်သူတွေရဲ့ အလှူငွေတွေကိုအားထားနေရပါတယ်။အလှူငွေထည့်ဝင်နိုင်သလို အဖွဲ့ဝင်အဖြစ်လည်း ပါဝင်နိုင်ပါတယ်။

သတင်းမီဒီယာလွတ်လပ်ခွင့်ဟာ အခြေခံလူ့အခွင့်အရေးတစ်ရပ် ဖြစ်ပါတယ်။ ဒါပေမဲ့ ကမ္ဘာ့လူဦးရေရဲ့ ထက်ဝက်နီးပါးဟာ လွတ်လပ်စွာ စုံစမ်းဖော်ထုတ်တင်ဆက်ထားတဲ့ သတင်းအချက်အလက်တွေကို ရရှိနိုင်ခြင်း မရှိကြပါဘူး။ ဒါကြောင့် RSFဟာ ပြည်သူတွေရဲ့ အကူအညီကို လိုအပ်နေပါတယ်။

သတင်းသမားတွေ ရှင်သန်ရပ်တည်နိုင်ဖို့၊ အမှန်တရားတွေ မှတ်တမ်းတင်နိုင်ဖို့နဲ့ ပြည်သူတွေ သတင်းမှန် သိရှိခွင့် မဆုံးရှုံးစေဖို့ဆိုတာ အားလုံးရဲ့ ပူးပေါင်းရပ်တည်မှု ပံ့ပိုးမှုတွေလည်း လိုအပ်ပါတယ်။ ။

ကိုးကား- Reporters Without Borders (RSF)

ဆက်စပ်သတင်းများ