Connect with us

Hi, what are you looking for?

မေးမြန်းခန်း

“တချို့ကျတော့ မိသားစု သုံးလေးယောက်ရှိတာ တစ်ယောက်တလေပဲ ကျန်ခဲ့တယ်။ အဲဒါ စိတ်ကြောင်ပြီး ဟိုအော် ဒီအော်နဲ့။ စိတ်တွေက လေလွင့်နေတာ။ တချို့ကျလည်း နားတွေ အူ နားတွေ လေး။ မနေ့က ၁၇ လောင်း။ အရင်ကလည်း တစ်ခါ ချပြီးပြီ အဲဒါက ဘယ်လောက်လဲ မသိဘူး။ ၃၀ ဆိုတာ နည်းနည်းလေး၊ လေးငါးခြောက်ဆယ်လောက် သေဆုံးမှာ။ နာရေး မလုပ်နိုင်ဘူး ဒီအတိုင်း မြေမြှုပ်ပေးနေရတာ”

ကျောင်းပေါ် ဗုံးကြဲခံရတဲ့ အင်းရုံရွာမှ ဒေသခံတစ်ဦးနဲ့ မေးမြန်းခန်း

မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်၊ အင်းရုံကျေးရွာ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းကို အာဏာသိမ်း စစ်တပ်က နိုဝင်ဘာ ၂၆ ရက်နေ့ လည်ပိုင်းမှာ ကျောင်းသားငယ်တွေအား ကစားပြိုင်ပွဲနဲ့ အက တိုက်တာ လုပ်နေချိန် လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် ကျောင်းသူ ကျောင်းသား ၃၀ ကျော် အပါအဝင် ပြည်သူ အများအပြား သေဆုံး ဒဏ်ရာရခဲ့ပါတယ်။ အဲဒီဒေသမှာ တိုက်ပွဲ မရှိဘဲ စစ်တပ်က ဗုံးလာကြဲခဲ့တာလို့၊ လေကြောင်း တိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတဲ့အပြင် လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ပစ်ခတ် တိုက်ခိုက်တာ၊ လေယာဉ်နဲ့ ဒရုန်းတွေ ပျံသန်း ခြိမ်းခြောက်တာတွေ လုပ်ခဲ့လို့ ဒေသခံတွေဟာ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေ ကောက်ယူပြီး ကောင်းကောင်းမွန်မွန် သင်္ဂြိုလ်ပေးနိုင်ခြင်း မရှိသေးပါဘူး။ အင်းရုံရွာကို ဗုံးကြဲခံရတဲ့ အခြေအနေတွေကနေ People’s Spring က ဒေသခံတစ်ဦးအား ဆက်သွယ် မေးမြန်းထားပါတယ်။

နေ့သစ် / People’s Spring

မေး — လေကြောင်း တိုက်ခိုက်ခံရလို့ သေဆုံး ထိခိုက် နောက်ဆုံး အခြေအနေ ဘယ်လို ရှိပါသလဲ။

ဖြေ — အလောင်းတွေ ဘာတွေက တကွဲတပြားစီ။ ခြံစည်းရိုးဘေးလေးတွေ တချို့က ဘုန်းကြီးကျောင်း ဝိုင်းအတွင်းမှာ။ အချို့ ချောင်းထဲ သဲခုံထဲမှာတွေ၊ တကွဲတပြားစီ လိုက်ရှာနေရတာပေါ့။

Public Service Announcement

Public Service Announcement

မေး — ထုံးတမ်း အစဉ်အလာအရ နာရေး လုပ်တာတွေ မလုပ်နိုင်သေးဘူးပေါ့။

ဖြေ — ဘယ် လုပ်ရဲမလဲ။ လူမရှိဘူး။ လူမရှိဘူးဆိုတာက မနေ့က ညနေကလည်း ဂျက်ဖိုက်တာ ချတော့ မချပါဘူး ဝဲသေးတယ်။ တစ်ခါတလေကျရင် ဒရုန်းခေါ်မလားမသိဘူးပါဘူး အဲဒါလေးတွေကလည်း လာဝဲတယ်။ သူတို့က ခြောက်တာပေါ့။

မေး — ကလေးတွေကျတော့ရော၊ ရုပ်အလောင်းတွေကျတော့ရော ဘယ်လို လုပ်တယ်လို့ ကြားရပါသေးလဲ။

ဖြေ — မနေ့ကကျတော့ အမြင်မတော်တဲ့သူတွေက မောင်ဖြူ၊ မောင်မဲရယ်တော့ မသိဘူး အကုန်လုံး ကောက်တင်ပြီး တွင်းကြီးတစ်တွင်းထဲ မြုပ်ရတယ်။ ဘုန်းကြီးလည်း မပါဘူး (ဘာသာရေးအရ ဘုန်းတော်ကြီးတွေ မပါဘဲ မြေမြှုပ်ရတာ)။ ဘုန်းကြီးလည်း မရှိဘူး။ ဘုန်းကြီးကျောင်း ဗုံးကျတာဆိုတော့။ ကိုရင်လေးတစ်ပါးကလည်း ပျံတော်မူသွားသေးတယ်။ အဲဒီလို။ ရွာက လူမရှိဘူး။ ဘယ်သူမှလည်း မသွားရဲဘူး။

မေး — နောက်ဆုံး အခြေအနေအရ သေဆုံးသူ ဘယ်လောက် ရှိတယ်လို့ ကြားရပါသလဲ။

ဖြေ — လူကြီးတွေရော ကလေးတွေရော အရင်ချတာ (အလောင်း မြေချတာ) တော့ မသိဘူး။ မနေ့ကတင် ၁၇ လောင်း။ တခြား ချတာလည်း ရှိသေးတယ် ဘယ်လောက်လည်း မသိဘူး။ ရှိသေးတယ် ခြေပြတ် လက်ပြတ်တွေ တွေ့တယ်ဆိုပဲ။

မေး — ၃၀ ဦးကျော် သေတယ်လို့ ကနဦး သိရပေမယ့် အရေအတွက် အတိအကျ မသိရသေးတာလား။

ဖြေ — ၃၀ ဦးကတော့ မကဖို့ပဲ ရှိတယ်။ အလောင်းတွေ မကောက်နိုင်ဘူး။ အတည် မပြုနိုင်သေးဘူး။ အတည်ပြုနိုင်တယ်ဆိုတာ ရွာသားတွေ ဆုံမှ။ ရွာသားတွေက ဘေးတွေ ရှောင်နေကြတော့။ တချို့ကျတော့ မိသားစု သုံးလေးယောက် ရှိတာ တစ်ယောက်တလေပဲ ကျန်ခဲ့တယ်။ အဲဒါ စိတ်ကြောင်ပြီး ဟိုအော် ဒီအော်နဲ့။ စိတ်တွေက လေလွင့်နေတာ။ တချို့ကျလည်း နားတွေ အူ နားတွေ လေး။ မနေ့က ၁၇ လောင်း။ အရင်ကလည်း တစ်ခါ ချပြီးပြီ အဲဒါက ဘယ်လောက်လဲ မသိဘူး။ ၃၀ ဆိုတာ နည်းနည်းလေး၊ လေးငါးခြောက်ဆယ်လောက် သေဆုံးမှာ။ နာရေး မလုပ်နိုင်ဘူး ဒီအတိုင်း မြေမြှုပ်ပေးနေရတာ။ မြန်မြန်ချ မြန်မြန်လစ်ပေါ့။ ချပေးတဲ့သူတွေ သူတို့လည်း ကြောက်ရတယ်လေ။

မေး — စာသင်ကျောင်းမှာ ကလေးတွေ ဆော့နေတဲ့အချိန် ကျတာလား၊ စာသင်တဲ့အချိန် ကျတာလား။

ဖြေ — ကလေးတွေ ဆော့နေတဲ့အချိန်။ ချောတိုင်တက်တာ၊ စကောရွက်တို့ ဘာတို့ ညာတို့ အားကစား လုပ်တာ။ အက တိုက်တာလည်း ပါတယ် ပြောတယ်။

မေး — ရွာသူ ရွာသားတွေအတွက်တော့ တကယ့် ကမ္ဘာပျက်သလို ဖြစ်သွားတာပေါ့။

ဖြေ — ပျက်တာပေါ့ ဘုန်းကြီးကျောင်းက ဆွမ်းစားကျောင်း အရပ်စင် ၄ ပင် ၅ ပင် အဲဒီဟာပေါ်။ ကျောင်းဟောင်းကြီးပေါ်ရော။ စာသင်ကျောင်းလည်း အရှေ့ဘက်ခြမ်း။ တချို့ကလည်း မဝင်ရဲဘူး။ စာသင်ကျောင်းရော ဘုန်းကြီးကျောင်းရော နှစ်ခုလုံး ကျတာ။ ဘုန်းကြီးတွေလည်း မနေရဲဘူး။ ကိုရင်လေးတစ်ပါးလည်း ပါသွားတယ် သူ့ရှေ့တင် ဖြစ်ပျက်တာဆိုတော့။ ဘုန်းကြီးကျောင်းဝင်းထဲ အလောင်းတွေက တအားပဲ။ ကျွတ်ဖို့ လွတ်ဖို့လည်း မလွယ်တော့ဘူး။ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းက ကပ်နေတာ။ တပ်ခရိုး (ခြံစည်းရိုး) က အုတ်တံတိုင်း မလုပ်ဘူး တိုင်လေးတွေ စိုက်ထားတာ။ အစပ်က အရိပ်ကောင်းတာကိုး။ အရိပ်ကောင်းတော့ ကြည့်တဲ့သူက အရိပ်ထဲက ကြည့်ပေါ့။ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းက ခြံစည်းရိုးပဲ ခြားတာ။

ဆက်စပ်သတင်းများ