နို၀င်ဘာ-၂၈၊၂၀၂၆။ဇော်၀င်း/People’s Spring
ရှမ်း-ကရင်နီ ဒေသအစပ်မိုးဗြဲမြို့အနီး မင်္ဂလာဆောင်တစ်ခုကိုစစ်တပ်ဗုံးကြဲလို့ ကလေးငယ်တွေ အပါအ၀င်သေဆုံးထိခိုက်သူ ၂၀ ၀န်းကျင်ရှိတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။
ဒီကနေ့(နို၀င်ဘာ ၂၈ ရက်)နေ့လယ်က မိုးဗြဲမြို့ အနောက်ခြမ်းမှာပြုလုပ်မယ့် မဂ်လာဆောင်ကို စစ်တပ်ကဂျက်ဖိုက်တာနဲ့ ဗုံးလေးကြိမ်ထက်မနည်းကြဲခဲ့တာလို့ သိရပါတယ်။
“ပွဲအတွက် အလုပ်အကိုင် အချက်အပြုတ်လုပ်နေကြတဲ့အချိန်ဆိုတော့ အထိအခိုက်များခဲ့တယ်။ကလေးများအပါအဝင် ပြည်သူ ၁၀ဦးနီးပါး သေဆုံးခဲ့ရပြီး ၂၀ ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်”လို့ မိုးဗြဲကရင်နီ စစ်ရှောင်အရေးကူညီနေသူတစ်ဦးက ပြောပါတယ်။

Public Service Announcement
အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်တာအပြင် လက်နက်ကြီးနဲ့ပါပစ်ခတ်တာတွေရှိခဲ့တယ်လို့လည်း မိုးဗြဲမြို့ခံစစ်ရေး သတင်းရင်းမြစ်တဦးကလည်းပြောပါတယ်။
စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုမှာ အရပ်သားထိခိုက်သေဆုံးမှုတွေနဲ့ပတ်သက်လို့ မိုးဗြဲ PDF တာ၀န်ရှိသူတွေနဲ့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC ကို လူထုနွေဦးက ဆက်သွယ် မေးမြန်းထားဆဲ ဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်က ပြီးခဲ့တဲ့နှစ်လယ်ပိုင်းက မိုးဗြဲမြို့ပေါ်ကို ပြန်လည်ထိန်းချုပ်နိုင်ပေမယ့် မြို့ပြင်ဒေသတဝိုက်ကို တော်လှန်ရေးတပ်တွေက စိုးမိုးထားပါတယ်။
စစ်တပ်က လွယ်ယင်းမဂ်လာကျေးရွာကတဆင့် ဒီးမော့ဆိုမြို့နယ် နန်းမယ်ခုံမြို့ ဆင်တောင်ရွာအထိ ခြေကုပ်ယူပြီး မိုးဗြဲ-နန်းမယ်ခုံလမ်းမကြီးကို ပြန်ထိန်းချုပ်ချင်နေတာဖြစ်ပါတယ်။ ဒါပေမယ့် နန်းမယ်ခုံမြို့ကို တော်
လှန်ရေးတပ်တွေက ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းကစပြီး ဒီနေ့အထိထိန်းချုပ်ထားတာဖြစ်ပါတယ်။
စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေမကြာခဏရှိနေပြီး ပြီးခဲ့တဲ့နှစ်လအတွင်းမှာပဲလေကြောင်း၊ဒရုန်း နဲ့ လက်နက်ကြီးတိုက်ခိုက်မှုတွေကြောင့် အရပ်သား၊ စစ်ရှောင်ပြည်သူ ၂၆ ဦး သေဆုံးခဲ့ရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ကရင်နီဒေသ ဒီးမော်ဆိုနဲ့မော်ချီး ကားလမ်းပိုင်းတစ်နေရာမှာစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၀ ဦး၀န်းကျင် ဒဏ်ရာရခဲ့ပါတယ်။


























































