-နေ့သစ်/People’s Spring
လေယာဥ်သံတွေ တဝေါဝေါကြားနေရတဲ့ ကရင်နီပြည်က လမ်းဘေးတစ်နေရာမှာ အမျိုးသားတစ်ဦး ခန္ဓာကိုယ်ကို ဝပ်နေရင်း ပုန်းအောင်းနေတယ်။ အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်သွားတာကြောင့် အဲဒီအမျိုးသား လမ်းဘေးမှာ ဝပ်နေတာပါ။
သူ့ခန္ဓာကိုယ်နဲ့အတူ ကာကွယ်ပေးထားတဲ့သူတစ်ယောက်လည်း ရှိသေးတယ်။ အသက် ငါးနှစ်ခြောက်နှစ်အရွယ် ကြက်တောင်စည်းနှစ်ဖက် စည်းထားတဲ့ သမီးငယ်လေးတစ်ဦးပါ။ သမီးငယ်လေးရဲ့ဦးခေါင်းမှာ ပျစ်စေးနေတဲ့သွေးတွေ ရွှဲနစ်နေတယ်။ နဖူးအထက်က အသားနုနုဟာ ဟက်တက်ကွဲပြီး အဖက်လိုက် လန်ကျနေတယ်။ သမီးငယ်ဟာ ကြောက်လွန်းလို့ အမေကို တနေရှာတယ်။
သမီးငယ်လေးကို ကာကွယ်ပေးနေသူက ကရင်နီပြည်နယ်၊ မိုးဗြဲဒေသမှာ စစ်ဘေးရှောင်တွေကို ကူညီနေသူပါ။သူက ကြောက်လန့်နေတဲ့ သမီးလေးကို “မေမေခေါ်ပေးမယ်။ မေမေခေါ်ပေးမယ် စိတ်မပူနဲ့။ ဆေးခန်းသွားပို့ပေးမယ်နော်”လို့ အားပေးတယ်။

Public Service Announcement
သမီးလေးက “အမေ အဖေ ပိုက်ဆံမရှိဘူး”လို့ စိုးရိမ်တကြီး ပြန်ပြောရှာတယ်။ ဟက်တက်ကွဲနေတဲ့ သူ့ခေါင်းကို စိတ်မပူအားဘူး။ အဖေအမေ ပိုက်ဆံကုန်မှာ သူစိုးနေရှာတာပါ။
“ပိုက်ဆံမရှိလည်းရတယ်။ ပိုက်ဆံက နောက်မှစဥ်းစား။ လာလာ ပိုက်ဆံက နောက်မှစဥ်းစားနော်။ အမေ အဖေ ပိုက်ဆံ မရှိဘူး သိတယ်”လို့ အဲဒီအမျိုးသားက ထပ်ပြောရင်း သမီးငယ်ကို ပွေ့ချီတယ်။
သမီးလေးက “အဲဒါဆို အမေ အဖေ အားမေရော ဘာဖြစ်သွားမှာတုန်း”လို့ထပ်ပြောတယ်။
ရုတ်တရက်ကြုံလိုက်ရတဲ့ ကြောက်မက်ဖွယ်အခြေအနေကြားမှာသမီးငယ်လေး စကားလုံးတွေ အစီအစဥ်မကျတော့။ သေချာတာက သူ့အဖေအမေကို အရွယ်နဲ့မမျှအောင် စိတ်ပူနေခဲ့တာပါ။ စစ်ဘေးရှောင်ကူညီသူ အမျိုးသားက သမီးငယ်လေးကို “အမေ အဖေ ဘာမှမဖြစ်ဘူးနော်”လို့ ပြောရင်း ဆိုင်ကယ်နဲ့ ခေါ်သွားခဲ့တယ်။
အဲဒီ အမျိုးသားဟာ အဆိုပါ ရုပ်သံကို မတင်မီ သူ့ Facebook အကောင့်ကနေ ဒီကနေ့ နေ့ခင်းပိုင်းမှာပဲ “လူတွေမကယ်နိင်တော့ဘူး။ ကလေးရော လူကြီးရော အပုံလိုက်ပဲအေ။ အနောက်ဘက်ခြမ်းတစ်နေရာ”လို့ ရေးသားခဲ့ပါတယ်။
ဒီကနေ့ နိူဝင်ဘာ ၂၈ ရက် နေ့လယ် ၁၂ နာရီခန့်က ရှမ်း-ကရင်နီ ဒေသအစပ်မိုးဗြဲမြို့အနီး မင်္ဂလာဆောင်တစ်ခုကိုစစ်တပ်က ဂျက်ဖိုက်တာနဲ့ လေးကြိမ်ထက်မနည်း ဗုံးကြဲခဲ့တာပါ။ အဲဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေ အပါအ၀င်သေဆုံးထိခိုက်သူ ၂၀ ၀န်းကျင်ရှိတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။
ဒါကြောင့် အဆိုပါရုပ်သံဟာ အဲဒီဖြစ်စဥ်နဲ့ ဆက်စပ်မယ်လို့ ယူဆရပါတယ်။
“ပွဲအတွက် အလုပ်အကိုင် အချက်အပြုတ်လုပ်နေကြတဲ့အချိန်ဆိုတော့ အထိအခိုက်များခဲ့တယ်။ကလေးများအပါအဝင် ပြည်သူ ၁၀ဦးနီးပါး သေဆုံးခဲ့ရပြီး ၂၀ ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်”လို့ မိုးဗြဲကရင်နီ စစ်ရှောင်အရေးကူညီနေသူတစ်ဦးက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်တာအပြင် လက်နက်ကြီးနဲ့ပါပစ်ခတ်တာတွေရှိခဲ့တယ်လို့လည်း မိုးဗြဲမြို့ခံစစ်ရေး သတင်းရင်းမြစ်တဦးကလည်းပြောပါတယ်။
စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုမှာ အရပ်သားထိခိုက်သေဆုံးမှုတွေနဲ့ပတ်သက်လို့ မိုးဗြဲ PDF တာ၀န်ရှိသူတွေနဲ့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC ကို လူထုနွေဦးက ဆက်သွယ် မေးမြန်းထားဆဲ ဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်က ပြီးခဲ့တဲ့နှစ်လယ်ပိုင်းက မိုးဗြဲမြို့ပေါ်ကို ပြန်လည်ထိန်းချုပ်နိုင်ပေမယ့် မြို့ပြင်ဒေသတဝိုက်ကို တော်လှန်ရေးတပ်တွေက စိုးမိုးထားပါတယ်။
စစ်တပ်က လွယ်ယင်းမဂ်လာကျေးရွာကတဆင့် ဒီးမော့ဆိုမြို့နယ် နန်းမယ်ခုံမြို့ ဆင်တောင်ရွာအထိ ခြေကုပ်ယူပြီး မိုးဗြဲ-နန်းမယ်ခုံလမ်းမကြီးကို ပြန်ထိန်းချုပ်ချင်နေတာဖြစ်ပါတယ်။ ဒါပေမယ့် နန်းမယ်ခုံမြို့ကို တော်လှန်ရေးတပ်တွေက ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းကစပြီး ဒီနေ့အထိထိန်းချုပ်ထားတာဖြစ်ပါတယ်။
စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေမကြာခဏရှိနေပြီး ပြီးခဲ့တဲ့နှစ်လအတွင်းမှာပဲလေကြောင်း၊ဒရုန်း နဲ့ လက်နက်ကြီးတိုက်ခိုက်မှုတွေကြောင့် အရပ်သား၊ စစ်ရှောင်ပြည်သူ ၂၆ ဦး သေဆုံးခဲ့ရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ကရင်နီဒေသ ဒီးမော်ဆိုနဲ့မော်ချီး ကားလမ်းပိုင်းတစ်နေရာမှာစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၀ ဦး၀န်းကျင် ဒဏ်ရာရခဲ့ပါတယ်။
အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ )မှာရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုတွေကို စစ်တပ်က စနစ်တကျကျူးလွန်ခဲ့တယ်လို့ပြောပြီး ရက်ပိုင်းအကြာမှာ ပဲ မြန်မာပြည်သူတွေကို ဗုံးကြဲပြီး လိုက်လံသတ်ဖြတ်နေပြန်ပါတယ်။ နိုဝင်ဘာ ၂၆ ရက်ကလည်း ဆင်ပေါင်ဝဲမြို့နယ် ၊အင်းရုံရွာကစာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းမှာ ရိုးရာပျော်ပွဲရွှင်ပွဲတွေလုပ်နေတုန်းဗုံးကြဲတာကြောင့် ကျောင်းသားငယ်တွေ ၊လသားအရွယ်ကလေးငယ်နဲ့ မိခင်တွေအပါအဝင် ပြည်သူဆယ်နဲ့ချီသေဆုံးခဲ့ပါတယ် ။ ဒါ့အပြင် ဒီကနေ့မှာလည်း မိုးဗြဲမြို့အနီးမှာ မင်္ဂလာဆောင်ကို ဗုံးကြဲပြီး ပြည်သူတွေကိုအစုလိုက်အပြုံလိုက်ထပ်မံသတ်ဖြတ်ခဲ့တာဖြစ်ပါတယ် ။ ။


























































