■ဗုံးကြဲအပြီးစစ်တပ်က တိုက်ခိုက်မှု၊ဆက်သွယ်ရေးဖြတ်တောက်မှုလုပ်ဆောင်လို့ သေဆုံးသူ ထပ်မံ မြင့်တက်နိုင်
■လေယာဉ်နဲ့ ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံး ၄လုံး၊ လက်နက်ကြီး ၁၂ကြိမ်၊ အသေခံဒရုန်း ၇စီး အသုံးပြု တိုက်ခိုက်ခဲ့ဟုဆို
နိုဝင်ဘာ ၂၈၊ ၂၀၂၆။ ရဲခေါင်၊ ထားမြတ်/People’s Spring
မကွေးဖက်ဒရယ်ယူနစ်၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ အင်ရုံကျေးရွာကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီး၊ အသေခံဒရုန်းတွေနဲ့ ပစ်မှတ်ထားတိုက်ခိုက်ခဲ့လို့ ကလေးငယ်တွေ ဆရာဆရာမတွေ အပါအဝင် ပြည်သူ ၂၀ဦး သေဆုံးကာ ကလေးငယ် ၁၄ဦး အပါအဝင် ၂၁ဦး ဒဏ်ရာရခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရတို့က နိုဝင်ဘာ ၂၈ရက် ညနေပိုင်းမှာ ပူးတွဲ ကြေညာချက် ထုတ်ပြန်ကာ ထိခိုက်ဆုံးရှုံးခဲ့ရသူများ မိသားစုဝင်များနဲ့ထပ်တူဝမ်းနည်းကြောင်း ဖော်ပြပါတယ်။

Public Service Announcement
နိုဝင်ဘာ ၂၆ရက်က အင်ရုံကျေးရွာရှိ စာသင်ကျောင်းနဲ့ ဘုန်းတော်ကြီး ကျောင်းဝင်းအတွင်း ဒေသခံပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများနဲ့ ဆရာ၊ ဆရာမများက မြန်မာ့ဓလေ့ ရိုးရာအလှူပွဲ ကျင်းပနေစဉ် စစ်အုပ်စုက တိုက်ခိုက်မှု လုပ်ဆောင်ခဲ့တာလို့ အသိပေးပါတယ်။ မြေပြင်တိုက်ပွဲတစုံတရာမရှိဘဲ နိုဝင်ဘာလ ၂၆ ရက်နေ့လည်ပိုင်းနဲ့ ညနေပိုင်းမှာ တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြပါတယ်။
အရပ်သားပြည်သူများအား အစုလိုက်၊အပြုံလိုက် သေကျေပျက်စီးစေရန် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ပါတယ်။
မြေပြင်ကနဦး စိစစ်ချက်များအရ မကွေးလေတပ်စခန်းမှ တိုက်လေယာဉ်ဖြင့် ပေါင် (၅၀၀) ဖျက်အားပြင်းဗုံး (၄) လုံး ကြဲချတိုက်ခိုက်ခဲ့တဲ့အပြင် ကပစ (၈) မှ လက်နက်ကြီး (၁၂) လုံး ပစ်ခတ်တာ၊ ဧကရာဇ်ရွာ ရဲစခန်းမှ အသေခံဒရုန်း (၇) စီးအသုံးပြု အချိန်ကိုက် ညှပ်ပူးညှပ်ပိတ် ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ကြောင်း ဖော်ပြပါတယ်။ တိုက်ခိုက်မှုအပြီးတွင်လည်း အင်ရုံကျေးရွာနဲ့ အနီးဝန်းကျင်ရှိ နဘဲ့ကျေးရွာဘက်သို့ လက်နက်ကြီးများဖြင့် ဆက်လက် ပစ်ခတ်ခဲ့ကြောင်း ဖော်ပြပါတယ်။
“ဒဏ်ရာရလူနာများအား ဆေးကုသရန် သယ်ဆောင် ရွှေ့ပြောင်းသည့် ကျေးရွာများအထိ အသေခံဒရုန်းများဖြင့် လိုက်လံတိုက်ခိုက်ခြင်း၊ ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ခြင်းနှင့် ကူညီကယ်ဆယ်ရေး လမ်းကြောင်းများ ပိတ်ဆို့ခြင်းတို့ကို ရည်ရွယ်ချက်ရှိရှိ စနစ်တကျ စစ်ရာဇဝတ်မှုကို ကျူးလွန်ခဲ့ပါသည်” လို့ NUGနဲ့ မကွေးဖက်ဒရယ်ယူနစ်က ထုတ်ပြန်ပါတယ်။
သေဆုံးသူတွေထဲမှာ သာမဏေငယ်တပါး(ကိုရင်တပါး) အပါအဝင် ကလေးငယ်များ၊ ဆရာ၊ ဆရာမများ၊ အမျိုးသမီးများ၊ အခြားအရပ်သားပြည်သူများ ပါဝင်သလို အရပ်သားပြည်သူများအား ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေတဲ့ သရက်ခရိုင်တပ်ရင်းမှ တော်လှန်ရေးရဲဘော် (၉) ဦးလည်း အသက်ဆုံးရှုံးခဲ့ရကြောင်း ဖော်ပြထားပါတယ်။ အသက် (၁၈) နှစ်အောက် ကလေးငယ် (၁၄) ဦး၊ အသက် (၁၈) နှစ်အထက် အမျိုးသမီး (၆) ဦးနဲ့ အမျိုးသား (၁) ဦး၊ စုစုပေါင်း အရပ်သားပြည်သူ (၂၁) ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ အသိပေးပါတယ်။
ဒေသခံတွေရဲ့ ပြောကြားချက်အရ သေဆုံးသူတွေဟာ NUGနဲ့ မကွေးဖက်ဒရယ်ယူနစ်တို့ရဲ့ ထုတ်ပြန်ချက်ထက် ပိုများပြားပါတယ်။ လေကြောင်းဗုံးကြဲမှုအပြီး စစ်တပ်ရဲ့ ဒရုန်း လက်နက်ကြီးတွေကြောင့် သေဆုံးအလောင်းတွေ စနစ်တကျ ကောက်ယူနိုင်ခြင်းမရှိသလို နာရေးကိုလည်း ကောင်းမွန်စွာ မလုပ်နိုင်တာကြောင့် အရေအတွက်စိစစ်ဖို့ ခက်ခဲနေကြောင်း ဒေသခံတွေက ပြောပါတယ်။ သေဆုံးသူ အရေအတွက် ၃၀နဲ့ ၅၀ ဦးအကြား ရှိနိုင်ကြောင်း ခန့်မှန်းသူတွေရှိသလို အဲဒီထက် ပမာဏ ပိုများနိုင်ကြောင်း ပြောဆိုတဲ့ ဒေသခံလည်းရှိပါတယ်။
NUGနဲ့ မကွေးဖက်ဒရယ်ယူနစ်ရဲ့ ထုတ်ပြန်ချက်မှာလည်း “အဆက်မပြတ် ပစ်ခတ်မှုများနှင့် ဆက်သွယ်ရေး ဖြတ်တောက်ခံထားရမှုကြောင့် အနီးဝန်းကျင်ရှိ ကျေးရွာ(၂)ရွာမှ ဒေသခံပြည်သူ (၄၀၀) ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေကြရပြီး ကယ်ဆယ်ရေးနှင့် ဆေးဝါးကုသရေးလုပ်ငန်းများတွင် အခက်အခဲများစွာနှင့် ရင်ဆိုင်နေရသဖြင့် သေဆုံးသူအရေအတွက် ထပ်မံမြင့်တက်လာနိုင်သည့် အခြေအနေ ရှိနေပါသည်” လို့ ဖော်ပြထားပါတယ်။
မြေပြင်ရှိ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ၊ ကာကွယ်ရေးတပ်ဖွဲ့များ၊ ကျန်းမာရေးနဲ့ လူမှုကူညီရေးအဖွဲ့များ ပူးပေါင်းကာ ဒဏ်ရာရရှိသူများအား အရေးပေါ်ဆေးဝါးကုသပေးခြင်း၊ စစ်ဘေးရှောင်ပြည်သူများအား လူသားချင်းစာနာထောက်ထားမှု အကူအညီများ ထောက်ပံ့ပေးခြင်းနဲ့ ကျဆုံးသူများရဲ့ အမည်စာရင်းအသေးစိတ်ကို စနစ်တကျ စိစစ်အတည်ပြုခြင်းတို့ကို အချိန်နဲ့ တပြေးညီ ဆောင်ရွက်လျက်ရှိကြောင်းလည်း ဖော်ပြပါတယ်။
လေကြောင်း တိုက်ခိုက်မှုကြောင့် ကျေးရွာ စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်းနဲ့ အရပ်သားပြည်သူပိုင် မော်တော်ယာဉ်၊ ဆိုင်ကယ်များစွာ ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ထုတ်ပြန်ပါတယ်။
နိုင်ငံတဝန်း စစ်ရေးနဲ့ နိုင်ငံရေးအရ အဘက်ဘက်မှ ပြိုလဲရှုံးနိမ့်နေပြီဖြစ်သော အကြမ်းဖက် စစ်အုပ်စုဟာ အရပ်သားပြည်သူများအား အကြောက်တရားလွှမ်းမိုးစေရန် ရည်ရွယ်ပြီး နိုင်ငံတကာ ဥပဒေအရ အထူးအကာအကွယ်ပေးထားသော စာသင်ကျောင်းနဲ့ ဘာသာရေး အဆောက်အအုံများကို စစ်ရေးပစ်မှတ်သဖွယ် အင်အားအလွန်အကျွံ သုံးစွဲတိုက်ခိုက်တာ၊ ဒဏ်ရာရ လူနာများနဲ့ ကယ်ဆယ်ရေး လုပ်ငန်းများကိုပါ ထပ်မံတိုက်ခိုက်တာဟာ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေ (IHL)၊ ဂျီနီဗာသဘောတူညီချက်များနဲ့ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ သဘောတူညီချက်များကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်ကြောင်း လည်း NUGနဲ့ မကွေးဖက်ဒရယ်ယူနစ်တို့က ထုတ်ပြန်ကာ စစ်တပ်လုပ်ရပ်ကို ရှုတ်ချထားပါတယ်။
မြန်မာအပေါ် နိုင်ငံတကာတရားရုံး (ICJ) က လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ စီရင်ချက်ချမှတ်ပြီး ရက်ပိုင်းအတွင်း ယခုကဲ့သို့ ထပ်မံ ကျူးလွန်လာခြင်းဟာ နိုင်ငံတကာတရားစီရင်ရေးနဲ့ လူ့အသက်တန်ဖိုးများအပေါ် စစ်အုပ်စုရဲ့ ပြောင်ပြောင်တင်းတင်း စိန်ခေါ်ချိုးဖောက်မှုပင် ဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။
အခုဖြစ်စဉ်မှာ အမိန့်ပေးစေခိုင်းသူ စစ်အုပ်စု ခေါင်းဆောင်များမှသည် မကွေးလေတပ်စခန်း၊ ကပစ (၈)နဲ့ ဧကရာဇ်ရွာ ရဲစခန်းတို့မှ လက်တွေ့ပါဝင်ကျူးလွန်သူများအထိ ပြစ်ဒဏ်ကင်းလွတ်ခွင့် မရရှိစေဘဲ ပြည်တွင်း အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုယန္တရားများ၊ နိုင်ငံတကာတရားစီရင်ရေး ယန္တရားများမှ တစ်ဆင့် ထိရောက်စွာ အရေးယူအပြစ်ပေးနိုင်ရေး ခိုင်လုံသော သက်သေအထောက်အထားများကို စနစ်တကျ မှတ်တမ်းတင် စုဆောင်းလျက်ရှိတယ်လို့ ထုတ်ပြန်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဦးစီးဌာန၏ မှတ်တမ်းများအရ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၆ အောက်တိုဘာလကုန်အထိ အကြမ်းဖက်စစ်အုပ်စုဟာ နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ် (၆,၆၅၃) ခု၊ အကြိမ်ရေ (၁၅,၃၂၇) ကြိမ် ကျူးလွန်ခဲ့ပြီး အသက် (၁၈) နှစ်အောက် ကလေးငယ် (၈၅၃) ဦးအပါအဝင် အရပ်သားပြည်သူ (၆,၄၆၇) ဦး သေဆုံးခဲ့ကာ စာသင်ကျောင်း (၅၆၂) ကျောင်း၊ ဘာသာရေးအဆောက်အအုံ (၈၄၈) ခု ထိခိုက်ပျက်စီးခဲ့ပြီး ဖြစ်ကြောင်း အသိပေးထားပါတယ်။
ဒါကြောင့် ကုလသမဂ္ဂ၊ အာဆီယံ၊ အိမ်နီးချင်းနိုင်ငံများနဲ့ နိုင်ငံတကာအသိုက်အဝန်း အနေဖြင့် စိုးရိမ်ကြောင်း ထုတ်ပြန်ရုံမျှဖြင့် ရပ်တန့်မနေဘဲ အကြမ်းဖက်စစ်အုပ်စုထံ စီးဆင်းနေတဲ့ လေယာဉ်ဆီ၊ လက်နက်ခဲယမ်း၊ ဒရုန်းနဲ့ စစ်ဘက်နည်းပညာ ထောက်ပံ့မှုလမ်းကြောင်းများကို ပြတ်ပြတ်သားသား ဖြတ်တောက်ပိတ်ဆို့ဖို့ တိုက်တွန်းတောင်းဆိုထားပါတယ်။ ဒါ့အပြင် နိုင်ငံတကာတရားစီရင်ရေး လုပ်ငန်းစဉ်များကို လက်တွေ့အကောင်အထည် ဖော်ပေးရန် အလေးအနက် တိုက်တွန်းကြောင်း ဖော်ပြပါတယ်။
ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် လည်း လူစုလူဝေးဖြင့်ကျင်းပတဲ့ ပွဲလမ်းသဘင်များကို အထူးသတိပြုရှောင်ကြဉ်ကြဖို့နဲ့ လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များကို တိကျစွာ လိုက်နာဆောင်ရွက်ကြဖို့လည်း နှိုးဆော်ထားပါတယ်။


























































