နိုဝင်ဘာ-၂၈၊၂၀၂၆။ဇော်၀င်း/People’s Spring
ရှမ်း-ကရင်နီပြည်ဒေသအစပ် မိုးဗြဲမြို့အနီး စစ်တပ်ဗုံးကြဲမှုအတွင်း သေဆုံးသူ ၂၀ ကျော်ရှိလာပြီး မော်ချီးမြို့လည်း ထပ်မံဗုံးကြဲမှုမှာလည်း ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ဒေသခံနဲ့ စစ်ရှောင်အရေးကူညီသူတွေက ပြောပါတယ်။
ဒီကနေ့(နို၀င်ဘာ ၂၈ ရက်) နေ့လယ်ပိုင်း မိုးဗြဲအနောက်ခြမ်းက ကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုကြောင့်ညနေ ၆ နာရီ ၄၀ မိနစ်အထိ ကလေးငယ်တွေ အပါအ၀င် အရပ်သား သေဆုံးစာရင်းဟာ ၂၁ ဦးအထိရှိလာပြီး ထိခိုက်ဒဏ်ရာရသူ ၄၀ ၀န်းကျင်ရှိတယ်လို့ ဆိုပါတယ်။
“၂၁ ဦးသေတယ်။၃၅ ထိခိုက်တယ်။သေဆုံးသူ အသက်အရွယ်နဲ့ နာမည်တွေက စိစစ်နေတုန်းပဲ”လို့ မိုးဗြဲ-ကရင်နီစစ်ရှောင်အရေးကူညီနေသူတစ်ဦးက ပြောပါတယ်။

Public Service Announcement
ဒါ့အပြင် ဒီကနေ့ ညနေ ၄နာရီ၀န်းကျင်မှာလည်း ကရင်နီပြည်နယ် ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသက ၁၃ ကုန်းလို့ ဒေသခေါ်တဲ့ နေရာကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ဗုံးကြဲတာကြောင့်ထိခိုက်သေဆုံးသူ တွေရှိတယ်လို့ သိရပါတယ်။
“နှစ်ဦး သေဆုံးတယ်လို့ လတ်တလော သိရတယ်။ထိတာ လည်း လေးဦးလောက်ရှိတယ်”လို့ ဖြစ်စဉ်ကို သိရှိထားသူက ပြောပါတယ်။
ဒီကနေ့ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေမှာ အရပ်သားထိခိုက်သေဆုံးမှုတွေနဲ့ပတ်သက်လို့ မိုးဗြဲ PDF တာ၀န်ရှိသူတွေနဲ့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC ကို လူထုနွေဦးက ဆက်သွယ် မေးမြန်းထားဆဲ ဖြစ်ပါတယ်။
ကရင်နီပြည်နယ်မှာ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှု မကြာခဏဖြစ်နေပြီး ပြီးခဲ့တဲ့ ၂လအတွင်းမှာဘဲ လေကြောင်း၊ဒရုန်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှုတွေကြောင့် အရပ်သား၊ စစ်ရှောင်ပြည်သူ ၂၆ ဦး သေဆုံးခဲ့ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်း နို၀င်ဘာ ၂၆ ရက်ကလည်း ကရင်နီဒေသ ဒီးမော်ဆိုနဲ့မော်ချီး ကားလမ်းပိုင်းတစ်နေရာမှာ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၀ ဦး၀န်းကျင် ဒဏ်ရာရခဲ့ပါတယ်။


























































