အကြမ်းဖက်စစ်ကောင်စီ၏ သင်္ဘောများကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၅၀ ဦးထက်မနည်းသေဆုံးကြောင်း မြို့လှ PDFက ယနေ့ (ဇန်နဝါရီ ၈ ရက်)တွင် ထုတ်ပြန်သည်။
တိုက်ပွဲ ဖြစ်စဥ်မှာ ဇန်နဝါရီ ၅ ရက်ကစတင်ခဲဲ့ပြီး
ဧရာဝတီမြစ်ကြောင်း ပေါ်မှတစ်ဆင့် ကချင်ပြည်နယ် ဘက်သို့ ရေကြောင်းခရီးဖြင့် ရိက္ခာဖြည့်တင်းနေသော အကြမ်းဖက်စစ်ကောင်စီတပ်ကို မြို့လှ PDF က အကြိမ်ကြိမ် ဆီးကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ဇန်နဝါရီ ၅ ရက် နံနက် ၉ နာရီခွဲခန့်က ကသာအထက်ဖက် နလယ်အင်းရွာအနီးတွင် KIA တပ်ရင်းတစ်ခုမှ ကနဦးစောင့်ကြိုပစ်ခတ်ခဲ့သည်။
ထို့နောက် ယင်းနေ့ နေ့လယ် ၂ နာရီခန့်တွင် အထက်မင်းလယ်ရွာအနီး၌ မြို့လှ PDFက ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းတို့ကြောင့် သင်္ဘော ၂စင်းလုံးထိခိုက်ပျက်စီးခဲ့ပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်မှုများ ရှိခဲ့သည်။

Public Service Announcement
ထို့အပြင် မိုးတားလေးရွာ၏အထက်ဖက် ဆင်ကုန်တိုင်ရွာအနီး ပေါလောကျွန်းအနီးတွင် အကြမ်းဖက်စစ်ကောင်စီ၏ သင်္ဘောနှင့် မြို့လှPDFတို့ တစ်ကြိမ် ထပ်မံထိတွေ့ ပစ်ခတ်မှုများရှိခဲ့သည်။
ထိုတိုက်ခိုက်ခံရသည့် သင်္ဘောနှစ်စင်းကို ဗန်းမော်မြို့နယ် နတ်ခုတ်ရွာအနီးတွင် ဇန်နဝါရီ ၇ ရက် နေ့လယ် ၁၂ နာရီခန့်က တစ်ကြိမ်၊ နေ့လယ်၂ နာရီခွဲတွင် ဘူးတောင်ရွာအနီး၌ တစ်ကြိမ် မြို့လှ PDFမှ ထပ်မံ ဆီးကြိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ သင်္ဘော ၂စင်း အနက်တစ်စင်း ပျက်စီးခဲ့သည်ဟု မြို့လှ PDFက ဆိုသည်။
ထို့နောက် ကျန်ရှိသည့်သင်္ဘောအတွင်း ပိတ်မိနေသည့် အကြမ်းဖက်စစ်ကောင်စီအင်အား ၃၀ ခန့်ကို စက်လှေ ၃ စီးဖြင့် လာရောက် ကယ်ထုတ်ရန် ကြိုးစားစဉ် မြို့လှ PDF က ထပ်မံပစ်ခတ် တိုက်ခိုက်ရာ တစ်စီးမှာ ထက်ခြမ်းကွဲကာ နစ်မြှုပ်ခဲ့ပြီး ကျန်နှစ်စီးမှာလည်း ထိခိုက်မှုများရှိသော်လည်း ဆက်လက်ထွက်ခွာသွားကြောင်း သိရသည်။
တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ကြီးဖြင့် ပြန်လည်ရမ်းသမ်းပစ်ခတ်မှုကြောင့် နွား လေးကောင် သေဆုံးမှုမှလွဲ၍ တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။


















































