စစ်ကိုင်းတိုင်း မြောင်မြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်လျက်ရှိကြောင်း Young Fighters People Defence Force(YFPD)မှ တာဝန်ခံကိုဒေးက လူထုနွေဦးသို့ ပြောသည်။
ယနေ့(ဇန်နဝါရီ ၁၀)နံနက်ပိုင်းတွင် စစ်ကောင်စီတပ်မှ မင်းတန်းရွာအနီးလက်နက်ကြီး ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သည်အပြင် ကျေးရွာအတွင်းဝင်ရောက်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း သိရသည်။
“မနက်မလင်းခင်မှာ မြူနှင်းအကာအကွယ်ယူပီး မြစ်ကြောင်းကနေ မင်းတန်းရွာကို ဝင်ရောက်ထိုးစစ် စင်နေပါတယ်”YFPDF မှ တာဝန်ခံကိုဒေးက ပြောသည်။
စစ်ကောင်စီ၏အန္တရာယ်ပြုမှုကြောင့် နဘက်၊ ရွာသစ်၊ ဘုရင်ဂျီ၊ သောင်ကြီး၊ ပေါက်တော အရှေ့နှင့် အနောက်၊ အညွန့်၊ မင်းတန်း၊ သာဒွန်း၊ ဘုန်းကောင်း အစရှိသည့်ကျေးရွာများမှ ဒေသခံပြည်သူ ၅,၀၀၀ခန့် ဘေးလွတ်ရာ တိမ်းရှောင်နေကြရကြောင်း ၎င်းက ဆက်ပြောသည်။

Public Service Announcement
“ပြည်သူများ အပြေးအလွှားရှောင်နေရပါတယ်။ ရွာလုံးကျွတ် ပြေးနေရတာ များပါတယ်”ဟု တိုက်ခိုက်ရေး တာဝန်ခံကိုဒေးက ဆိုသည်။
စစ်ကောင်စီတပ်များသည် နဘက်နှင့် ဘုရင်ဂျီကျေးရွာများတွင် အင်အား ၁၀၀ခန့်၊ မင်းတန်းရွာဘက်သို့ အင်အား ၆၀ခန့်အပါအဝင် မြောင်မြို့ဘက်မှ အင်အား ၃၀ခန့်ဖြင့် ကျေးရွာများသို့ အသီးသီးဝင်ရောက်စီးနင်း လျက်ရှိကြောင်း သိရသည်။


















































