ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅) နယ်မြေ ဖာပွန်ခရိုင်၌ မတ်လအတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ တပ်ရင်းမှူးအပါအဝင် ၁၁၈ဦးသေဆုံးပြီး ၅၉ဦး ဒဏ်ရာရခဲ့ကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်သည်။
မတ်လအတွင်းတွင် KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် စစ်ကောင်စီတပ်၊ ကရင်နယ်ခြားစောင့်တပ်(BGF) တို့အကြား တိုက်ပွဲဖြစ်ပွားမှုအခြေအနေကို ယနေ့ထုတ်ပြန်ရာ မတ်လတစ်လလုံး တိုက်ပွဲပေါင်း ၃၅၉ ကြိမ်ဖြစ်ခဲ့သည်ဟု ဆိုသည်။
အကြမ်းဖက်စစ်ကောင်စီတပ်မှ သေဆုံးသူများထဲတွင် တပ်ရင်းမှူးတစ်ဦး၊ ဒုတပ်ရင်းမှူးတစ်ဦး၊ တပ်ကြပ်ကြီးတစ်ဦးတို့ ပါဝင်ကြောင်း အတည်ပြုသိရှိရသည်ဟု ဖော်ပြထားသည်။
ထို့ပြင် အကြမ်းဖက်စစ်ကောင်စီ၏ စစ်သုံးယာဉ် ၁၉စီးကိုဖျက်ဆီးခဲ့ပြီး စစ်မြင်းလား ၂ကောင်နှင့် အကြမ်းဖက်စစ်ကောင်စီ၏အုပ်ချုပ်ရေးအထောက်အကူပြုရုံးတစ်လုံးအားဖျက်ဆီးနိုင်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement
အဆိုပါ တိုက်ပွဲများအတွင်း KNU တပ်မဟာ(၅)မှ တပ်ဖွဲ့ဝင် ၁၀ဦး ကျဆုံးခဲ့ပြီး ၂၈ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်သည်။
အကြမ်းဖက် စစ်ကောင်စီတပ်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြည်သူလူထုနေ ထိုင်ရာကျေးရွာများနှင့် လုပ်ငန်းခွင်များသို့ ပစ်ခတ်တိုက်ခိုက်ခဲ့၍ ပြည်သူ ၁၈ဦး အသက်ဆုံးရှုံးခဲ့ရပြီး ၁၀ဦးဒဏ်ရာပြင်းထန်ခဲ့ကြောင်း ဖော်ပြထားသည်။


















































