ကရင်အမျိုးသားအစည်းအရုံး(KNU) ဦးဆောင်သည့် ပူးပေါင်းစစ်ကြောင်း တစ်ခုဖြစ်သော ကော်ဘရာစစ်ကြောင်းသို့ CDM ပြုလုပ်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးရှိလာပြီဖြစ်ပြီး ထပ်မံ၍ CDM ပြုလုပ်မည့်သူများလည်းရှိနေကြောင်း အဆိုပါ စစ်ကြောင်း၏ ပြည်သူ့ကာကွယ်ရေးတပ်(PDF) တပ်မှူးတစ်ဦးက ပြောသည်။
CDM ခိုလှုံသူများ ဖြစ်သည့် ခမရ (၁) သထုံမှ တပ်သားဝင်းထွန်းနှင့် ခမရ (၅၅၉ )ဘုတ်ပြင်းမှ တပ်သားကျော်ဇောဟိန်းတို့သည် မတ်လ ၁၀ရက်က ကော်ဘရာစစ်ကြောင်းထံဆက်သွယ် ခိုလှုံလာကြောင်း အဆိုပါ စစ်ကြောင်းက ယနေ့ ထုတ်ပြန်ခဲ့သည်။
ကော်ဘရာစစ်ကြောင်းအနေဖြင့် CDM အဖြစ် ပြည်သူ့ရင်ခွင် ခိုလှုံလာကြသူများအား နွေးထွေးစွာ ကြိုဆို လက်ခံလျက်ရှိပြီး ၎င်းတို့နှင့် မိသားစု လုံခြုံရေး၊ နေထိုင်ရေးများအား တာဝန်ယူစောင့်ရှောက်ပေးလျက်ရှိကြောင်း၊ လက်နက်နှင့်တစ်ကွ CDM ခိုလှုံကြမည့်သူများအနေဖြင့်လည်း ကော်ဘရာစစ်ကြောင်း Page တွင် ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း အသိပေးထား သည်။

“စစ်ကြောင်း ဖွဲ့စည်းပြီးမှ CDM လုပ်လာတာတော့ လောလောဆယ် ၄ဦးရှိတာပေါ့။ ကျန်တာတွေက CDM ဆက်လုပ်မယ့်လူတွေရှိတယ် သတင်းဖော်ပြလို့တော့ မရသေးဘူး”ဟု ကော်ဘရာစစ်ကြောင်းမှ တပ်မှူးတစ်ဦးက ပြောသည်။

Public Service Announcement
လက်ရှိတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များအနေဖြင့် စစ်ကောင်စီ၏ စစ်ရေးအပေါ် ယုံကြည်မှုများစွာ ကင်းမဲ့နေကြပြီဖြစ်သည်ဟု ၎င်းက ဆိုသည်။
“တပ်တွင်းထဲမှာရှိတဲ့ သူတွေကလည်း ဒီစစ်ရေးအပေါ်မှာ လုံး၀ စိတ်ဝင်စားတာမဟုတ်ဘဲနဲ့ သူတို့ရဲ့ အခြားသော အကြောင်းတရားတွေကြောင့်သာ ပါဝင်နေရတာဖြစ်တယ်။ ပြောကြားချင်တာက တော်တော်များများ ပြိုကွဲလာဖို့ရှိတယ်လို့ ကျွန်တော်တို့ ကနဦးသတင်းတွေရရှိထားတာရှိတယ်”ဟု PDF တပ်မှူးက ပြောသည်။
စစ်သားများအနေဖြင့် ပြည်သူလူထု၏ မုန်းတီးမှု ကြုံနေရခြင်းက စစ်ကောင်စီ ပြိုကွဲရန်ဖြစ်လာရခြင်း အကြောင်းတစ်ချက်ဖြစ်သည်ဟု ဆိုသည်။
“အဓိကကတော့ စစ်သားပဲ။ စစ်သားဆိုတာ ဘာကြောင့် သူတို့ စစ်တိုက်နေရလဲဆိုတဲ့ အကြောင် းအရင်း သိဖို့လိုတာပေါ့။ သူတို့တွေရဲ့ ပထမ အများအားဖြင့် သူတို့ တပ်ထဲဝင်လာတဲ့ ရည်ရွယ်ချက်နဲ့ လက်ရှိ ကြုံနေရတဲ့ အခြေအနေနဲ့ လုံး၀ ကိုက်ညီမှုမရှိတော့ဘူး။အဓိကက ပြည်သူလူထုရဲ့ မေတ္တာတရား သူတို့ မရတော့ဘူး။ ပြည်သူလူထုရဲ့ မုန်းတီးမှုတွေ စက်ဆုပ်မှုတွေ ရွံရှာမှုတွေ ရလာတဲ့အခါမှာ သူတို့ အနေနဲ့ ဒီဘ၀ကို မပျော်ပိုက်တော့ဘူး”ဟု ကော်ဘရာစစ်ကြောင်းမှ တပ်မှူးက ပြောသည်။

စစ်ကောင်စီတပ်ထဲရှိ အင်အား ၇၀ရာခိုင်နှုန်းကျော်က စစ်ကောင်စီခေါင်းဆောင်များအပေါ် အယုံအကြည်မရှိတော့ဟုဆိုသည်။ ထို့ပြင် ယခု ကော်ဘရာစစ်ကြောင်း ရှိနေသည့် ကရင်ပြည်နယ် မြ၀တီမြို့နယ် လေးကေ့ကော်ဒေသတွင်း၌ စစ်ကောင်စီတပ်မှ အင်အားအလွန်နည်းပါးလျက်ရှိသည်ဟု အဆိုပါ တပ်မှူးက ပြောသည်။
“ သူတို့ အင်အားအရမ်းနည်းနေပြီ။ ရရာအင်အားတွေနဲ့ သူတို့ ပုံမပျက်လုပ်နေရတာတွေရှိတယ်။ မကြာခင်မှာတော့ သူတို့ရဲ့ အကွဲအပြဲ ရှုံးနိမ့်မှုတွေမြင်တွေ့ရမှာပါ”ဟု ကော်ဘရာစစ်ကြောင်း တပ်မှူးက ပြောသည်။
ကော်ဘရာစစ်ကြောင်းအနေဖြင့် လေးကေ့ကော်ဒေသသို့ ဝင်ရောက်လာသည့် စစ်ကောင်စီတပ်များကို ခုခံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများပြားခဲ့သည်။


















































