ကွတ်ခိုင်တွင်လည်း KIA တိုက်ခိုက်မှုကြောင့် စစ်ကား သုံးစီးပျက်စီး
ကချင်ပြည်နယ် ဆွမ်ပရာဘွမ် – ပူတာအိုလမ်းတွင် ယနေ့ မွန်းလွဲပိုင်းက စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။
မေလ ၁၇ရက် မွန်းလွဲ ၁နာရီ ၄၀မိနစ်ခန့်တွင် KIA တပ်မဟာ(၁)၊ တပ်ရင်း(၁၀)နယ်မြေ ခဂရန်းကျေးရွာမှ ထွက်လာသည့် စစ်ကောင်စီတပ်ကို မိုင်ထောင်းရွာအထက်နား၌ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ တိုက်ပွဲဖြစ်စဉ်တွင် နှစ်ဖက်ထိခိုက်ကျဆုံးမှု အခြေအနေကိုမူ ဖော်ပြမထားပေ။
ယမန်နေ့(မေလ ၁၆ရက်) ညပိုင်းကလည်း ရှမ်းမြောက်ဒေသ ရှိ KIA တပ်မဟာ(၄)၊ တပ်ရင်း(၈) နယ်မြေ ကွတ်ခိုင်မြို့နယ် ဟူနောင်ရွာအနီးတွင် တိုက်ပွဲဖြစ်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာန The Kachinnet က ဖော်ပြသည်။

Public Service Announcement

“စစ်ကား (၄)စီးဖြင့်၊ လက်နက်များ သယ်ဆောင်ပြီး မူဆယ်ဘက်အဆင်းမှာ ကေအိုင်အေဘက်က လက်နက်ကြီးများနဲ့ တိုက်ခိုက်ခဲ့ရာ စစ်ကား(၃) စီးပျက်စီးသွားကြောင်းကြား သိရပါတယ်”ဟု သတင်းတွင် ဖော်ပြထားသည်။
စစ်ကောင်စီဘက်က စစ်ရေးလှုပ်ရှားမှုများ အမြဲရှိနေ၍ KIA တပ်မဟာ(၄)၊ တပ်မဟာ(၆)နှင့် တပ်မဟာ(၁၀)နယ်မြေများ၌ တိုက်ပွဲများ မကြာခဏဖြစ်ခဲ့သည်ဟု ဆိုသည်။


















































