စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင်စစ်ကောင်စီတပ်နှင့် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များကြား ငါးရက်အတွင်းတိုက်ပွဲများဆက်တိုက်ဖြစ်ပွားခဲ့ရာစစ်တပ်ဘက်မှ ၃၀ ကျော်သေဆုံးနိုင်ကြောင်း SNAKE EYES LPDFအဖွဲ့က သတင်းထုတ်ပြန်သည်။
အကြမ်းဖက်စစ်တပ်နှင့် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များသည် ဇွန်လ ၁၁ ရက်မှ ၁၅ ရက်အတွင်း တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်တပ်ဘက်မှသုံးပွင့်ဗိုလ်တဦး အပါအဝင် ၃၅ဦးခန့် သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးလည်း ကျဆုံးခဲ့ကြောင်း SNAKE EYES LPDFအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ သို့သော်Snake Eyes အဖွဲ့ကထုတ်ပြန်သော ဓါတ်ပုံတွင်မူ စစ်ကောင်စီဘက်မှ သေဆုံးသွာသည်ဟုယူဆရသော လက်မောင်းပေါ်မှအပွင့်မှာ စစ်တပ်တံဆိပ်မဟုတ်ဘဲ သစ်တောဦးစီးဌာနမှ သုံးပွင့် ဖြစ်နေသည်ကိုလည်းတွေ့ရသည်။

တိုက်ပွဲတွင်စစ်တပ်ကသေဆုံးသွားသောဗိုလ်ကြီးမှာ ဗိုလ်ကြီးအေးနေထွန်းဖြစ်ကြောင်းဒေါင်းမာန်LPDFကလည်းထုတ်ပြန်သည်။ တိုက်ပွဲတွင် PDF နှစ်ဦးကျဆုံးခဲ့ကြောင်းလည်းဒေါင်းမာန်အဖွဲ့ကပြောသည်။
အကြမ်းဖက်စစ်တပ်သည် ဇွန်လ ၁၁ ရက်နေ့က အင်အား ၁၀၀ ဝန်းကျင်ခန့်ဖြင့် ရွှေဘိုမြို့နယ်၊ ရွာဆိုးကျေးရွာသို့ ဦးတည်ကာ စတင်စစ်ကြောင်းထိုးလာခဲ့သည်။

Public Service Announcement
ထိုစစ်ကြောင်းသည် ရွာဆိုးကျေးရွာမှ ပေါက်ချိုင်ကျေးရွာသို့ ဦးတည်ရာတွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း SNAKE EYES LPDFအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
အကြမ်းဖက်စစ်တပ်သည် ပေါက်ချိုင်ကျေးရွာရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး နောက်တစ်နေ့ ဇွန်လ၁၂ရက်နေ့တွင် ပေါက်ချိုင်ကျေးရွာမှ ထူးကြီးကျေးရွာ၊တည်ပင်ကျေးရွာနှင့် သန်းတောကျေးရွာဘက်သို့ ဦးတည်ရာ ထပ်မံ၍ မိုင်းများဖြင့် တိုက်ခိုက်ခဲ့သည်ဟုသိရသည်။
ညနေပိုင်းတွင် နာရီဝက်ခန့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ဇွန်လ ၁၃ ရက်နေ့တွင်လည်း အဆိုပါစစ်ကြောင်းနှင့် ထပ်မံ၍ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်တပ်ဘက်မှ အထိနာခဲ့သည်ဟု SNAKE EYES LPDFအဖွဲ့က အသိပေးသည်။
အထိနာခဲ့သော အကြမ်းဖက်စစ်တပ်သည် ဇွန်လ ၁၄ ရက်နေ့တွင် ရဟတ်ယာဥ်တစ်စင်းဖြင့် လေကြောင်းထောက်ပို့ အသုံးပြုခဲ့ပြီး တည်ပင်ကျေးရွာမှ ရေကြည်ဝကျေးရွာနှင့် မူးကမ်းကြီးကျေးရွာသို့ တရစပ် ပစ်ခတ်ဝင်ရောက်ခဲ့ရာ ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် ထပ်မံ၍ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။စစ်ကောင်စီတပ်သေဆုံးမှုအခြေအနေကို People’s Spring ကသီးခြားအတည်မပြုနိုင်ပါ။ စစ်ကောင်စီကလည်း ၎င်းတို့အထိနာလျှင်သတင်းမထုတ်ပြန်ဘဲ သတင်းအမှောင်ချထားသည်။
အကြမ်းဖက်စစ်တပ်သည် မူးကမ်းကြီးကျေးရွာနှင့်ရေကြည်ဝ ကျေးရွာရှိ နေအိမ်များကို ထပ်မံ၍ မီးရှို့ဖျက်ဆီးခဲ့ပြီး ဇွန်လ၁၅ ရက်နေ့တွင် ရွှေဘိုမြို့အတွင်းသို့ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။
“သူတို့က တိုက်ပွဲဖြစ်နေတုန်းမှာပဲအနောက်မှာအင်အားထပ်ဖြည့်နေတာတွေရှိပါတယ်။ သေတဲ့အကြမ်းဖက်စစ်သားတွေကိုတော့ သူတို့သယ်မသွားတော့ဘဲ မီးရှို့သွားကြတယ်။ ပြည်သူတွေအနေနဲ့ တော်လှန်ရေးကို ကိုယ်နိုင်တဲ့ဘက်ကနေ များများပါဝင်ပေးကြဖို့ ပြောချင်ပါတယ်ဗျ။”ဟု SNAKE EYES LPDFအဖွဲ့တာဝန်ရှိသူက ပြောသည်။
အထက်ပါ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်တပ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ ရွှေဘိုခရိုင် တပ်ရင်း (၅) တပ်ခွဲ (၃)၊ ရွှေဘိုခရိုင် တပ်ရင်း (၉)၊ C & T Shwebo LPDF၊ Snake Eyes LPDF၊ Alpha 7 LPDF၊ ဒေါင်းမာန် LPDF၊ F. D. F LPDF၊ B.F.D.F (နဂါးတပ်စိတ်)၊ MDF-Shwebo၊ အရာတော် ရွှေဂျိုးဖြု၊ မဟူရာဇီးကွက် LPDF၊ ပြုံးရွှင် LPDF၊ Shwebo Justice Force နှင့် ပ.က.ဖ အဖွဲ့များ ပူးပေါင်း၍ တိုက်ခိုက်ခဲ့သည်။
အကြမ်းဖက်စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ပေါက်ချိုင်ကျေးရွာ၊ တည်ပင်ကျေးရွာ၊ သန်းတောကျေးရွာ၊ ရေကြည်ဝကျေးရွာ၊ မူးကမ်းကြီးကျေးရွာတို့မှ နေအိမ် ၂၇၀ ကျော် မီးလောင်ကျွမ်းပျက်စီးခဲ့ပြီး ပြည်သူတစ်ဦး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံခဲ့ရသည်။
မှတ်ချက်-သတင်းကို ၁၁ နာရီခွဲတွင်ပြန်လည် ပြင်ဆင်ဖြည့်စွက်ထားပါသည်။


















































