ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယမြို့အထွက် စစ်ကောင်စီကင်းစခန်းတစ်ခု ယနေ့ နံနက်ပိုင်းတွင် တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးကာ တစ်ဦးဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။
ပင်းတယ – ရပ်စောက်လမ်းမှ ပင်းတယမြို့အထွက် မြောက်ကျောင်းကြီးရဲကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့က နံနက် ၁၀နာရီခန့်တွင် လျှပ်တပြက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“စစ်သားတစ်ကောင် သေတယ်။ တစ်ကောင်ကိုတော့ ကားနဲ့တင်ခေါ်သွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ယင်းတိုက်ခိုက်မှု မဖြစ်မီ မိနစ်ပိုင်းက လမ်းမပေါ်သွားလာနေသည့် အရပ်သားတစ်ဦးကို မြောက်ကျောင်းကြီးရဲကင်းစခန်းထဲမှ လှမ်းပစ်ခတ်ခဲ့သည်။ ထိုနောက် မိနစ်အနည်းငယ်အကြာတွင် မြို့ပြပြောက်ကျားအဖွဲ့ဟု ယူဆရသောအဖွဲ့တစ်ဖွဲ့က ရဲကင်းသို့ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဟု သိရှိရကြောင်း ဒေသတွင်း တော်လှန်ရေးသတင်းဌာနတစ်ခုဖြစ်သော Voice of Pindayaက ထုတ်ပြန်ထားသည်။

Public Service Announcement
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သော ပင်းတယနှင့်ရွာငံမြို့နယ်တွင် စစ်ကောင်စီနှင့် စစ်ကောင်စီထောက်တိုင်များ တိုက်ခိုက်မှုများ မကြာခဏဖြစ်ပေါ်နေသည်။
ပင်းတယမြို့တွင် စစ်ကောင်စီနှင့် ပူးပေါင်းကာ ပျုစောထီးနှင့်ပြည်သူ့စစ်ဖွဲ့ရန် ကြိုးစားနေသည့် ပြည်ခိုင်ဖြိုးပါတီအမတ်ဟောင်း ဦးကျော်ငြိမ်းလည်း ဇွန်လ ၁၈ရက်က သုတ်သင်ရှင်းလင်းခံခဲ့ရသည်။


















































