မကွေးတိုင်း ပခုက္ကူမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် ပခုက္ကူမြို့ပြ ပြောက်ကျားတပ်ဖွဲ့(P.U.G.F) ၊ Pakokku North Defense (PKU N PDF) နှင့်အတူ စစ်ကြောင်းတစ်ခုဖွဲ့စည်းကြောင်း Earthquake People’s Defense Force က ယနေ့(ဇူလိုင် ၂၃ ရက်)တွင် ထုတ်ပြန်သည်။
ယခုလ ၂၁ ရက်တွင် တွေ့ဆုံဆွေးနွေးမှုဆုံး ဖြတ်ချက်အရ ပခုက္ကူမြို့နယ်သီးသန့် စစ်ကြောင်း ဖွဲ့စည်းရန် သဘောတူညီမူရရှိခဲ့ခြင်းဟု ဆို သည်။

“အရင်ကတည်းက တစ်ဖွဲ့ချင်းအလိုက် စစ်ကောင်စီကို တိုက်ခိုက်ခဲ့ကြတယ်။ဒါပေမယ့်လို့ တစ်လကို နှစ်ကြိမ်လောက်ဝင်လာနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို သေချာစုဖွဲ့ပြင်ဆင်ပြီးတိုက် ဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။mission plan တွေအားလုံးကိုလည်း အသေးစိတ် ရေးဆွဲထားပါတယ်”ဟု Earthquake People’s Defense Force အဖွဲ့တာဝန်ရှိသူက People’s Springသို့ ပြောသည်။
မြန်မာပြည်သူလူထုအားလုံး၏ အခြေခံဘုံရည်မှန်းချက်ပန်းတိုင်မှာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရန် ဖြစ်ကြောင်း အသိပေးသည်။

Public Service Announcement
ဖက်ဒရယ်ဒီမိုကရေစီအကောင်အထည်ဖော်နိုင်ရေးအတွက် နိုင်ငံရေးနည်းလမ်း ဖြင့် ကြိုးပမ်း အဖြေရှာခဲ့ကြသော်လည်း ယနေ့အထိ အဖြေရှာ၍မရနိုင်သေး သောကြောင့် လူမျိုးအသီးသီးတို့သည် ခုခံတော်လှန်စစ်များကို ဆင်နွှဲပြီး တိုက်ပွဲဝင်နေကြရဆဲဖြစ်သည်ဟု အသိပေးထားသည်။
ထို့ကြောင့် ယခုဖွဲ့စည်းခဲ့သည့် စစ်ကြောင်း၏ ဘုံသဘောတူညီချက်များမှာ နွေဦးတော်လှန်ရေး ခုခံစစ်ကို အရှိန်မြှင့်ဆောင်ရွက်နိုင်ရန်၊မိမိတို့ဘက်မှ ပြန်လည်ထိုးစစ် စတင်နိုင်ရန်၊ ယခင်ထက် ပိုမိုတိကျသော စစ်ဆင်ရေးများကို ဆောင် ရွက်နိုင်ရန်နှင့်နယ်မြေစိုးမိုးမှုကို တွင်ကျယ်စွာ ရရှိနိုင်ရန် ဆောင်ရွက်မည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။


















































