ကိုဗစ်-၁၉ တတိယလှိုင်းဒဏ်ခံနေရတဲ့ မြန်မာနိုင်ငံမှာ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် အကြမ်းဖက်စစ်တပ်က ထိတွေ့တိုက်ပွဲတွေကို ချက်ချင်းရပ်တန့်ဖို့ ဗြိတိန်က တောင်းဆိုလိုက်ပါတယ်။
မနေ့က ကျင်းပခဲ့တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေးတံခါးပိတ်အစည်းအဝေးမှာ ဗြိတိန်က တောင်း ဆိုလိုက်တာဖြစ်ပြီး အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဆိုးရွားလာတဲ့ ကိုဗစ်-၁၉ အခြေအနေ၊ လူ သားချင်းစာနာမှုအကူအညီတွေပေးရေးတွေကို အဓိကထားဆွေးနွေးခဲ့ကြပါတယ်။
ကောင်စီရဲ့တံခါးပိတ်အစည်းအဝေးကို အဖွဲ့ဝင်နိုင်ငံတွေနဲ့အတူ ကုလအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်၊ ကုလသမဂ္ဂလူသားချင်း စာနာမှုဆိုင်ရာဒုတိယအကြီးအကဲ၊ မကြာသေးမီကခန့်အပ်ခဲ့တဲ့ အာဆီယံအထူး ကိုယ်စားလှယ်တို့လည်း အွန်လိုင်း ကနေတက်ရောက်ခဲ့ကြပါတယ်။
ကုလဆိုင်ရာ ဗြိတိန်ဒုတိယသံအမတ် James Kariuki က ကောင်စီအစည်းအဝေးအပြီးမှာ လူသားချင်းစာမှု အကူအညီပေးရေးနဲ့ အာဆီယံအထူးကိုယ်စားလှယ် Erywan Yusof ကို နိုင်ငံတကာက အခိုင်အမာထောက်ခံတဲ့ အကြောင်း ပြောကြားခဲ့ပါတယ်။

Public Service Announcement
အထူးကိုယ်စားလှယ် Christine Schraner Burgener နဲ့ ကုလလူသားချင်းစာနာမှုဆိုင်ရာဒုတိယအကြီးအကဲ Ramesh Rajasingham တို့က မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာမှုအကျပ်အတည်းဟာ နေ့စဉ်ပိုမိုဆိုးရွားလာနေ တယ်လို့ ကောင်စီကို တင်ပြခဲ့တယ်လို့ ဗြိတိန်သံအမတ်က ပြောပါတယ်။
“အာဏာမသိမ်းခင်က မြန်မာနိုင်ငံဟာ အားကောင်းတဲ့ကာကွယ်ဆေးထိုးနှံရေးမှတ်တမ်းတွေနဲ့ တိုးတက်နေတဲ့ ကိုဗစ်-၁၉ အစီအစဉ်တွေ ရှိခဲ့ပါတယ်” လို့ သံအမတ် Kariuki က ပြောပါတယ်။
“အခုအချိန်မှာတော့ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစနစ်က ရပ်တန့်လုနီးပါးဖြစ်နေပြီး ဆေးရုံတွေ၊ ဆရာဝန်တွေနဲ့ သူနာပြုတွေအပေါ် တိုက်ခိုက်မှုဆက်ဖြစ်နေတာကလည်း လက်ခံနိုင်ဖွယ်မရှိပါဘူး။ လူဦးရေရဲ့ ၃ ရာခိုင်နှုန်းကိုပဲ ကာကွယ်ဆေးထိုးနှံထားပါတယ်” လို့ သူက ဆက်ပြောပါတယ်။
ဗြိတိန်ရဲ့အထက်ပါ တောင်းဆိုမှုနဲ့ပတ်သက်ပြီး ကောင်စီအဖွဲ့ဝင်နိုင်ငံတွေက အရေးယူလုပ်ဆောင်ဖို့ တုံ့ပြန်တာ မရှိခဲ့ဘူးလို့ ဆိုပါတယ်။
ကာကွယ်ဆေးတွေဟာ ကာကွယ်ခြင်းနည်းလမ်းတွေသာဖြစ်ပြီး နိုင်ငံရေးမဟုတ်ဘူးလို့ ဗြိတိန်သံအမတ်က ပြော ပါတယ်။
ကိုးကား – The National News


















































