စစ်ကောင်စီတပ်ပစ်လိုက်သည့် လက်နက်ကြီး ၎င်းတို့ဘက်ပြန်ကျဟုဆို
စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းကြား ဧရာဝတီမြစ်လယ်ကျွန်းပေါ်ရှိ စစ်ကောင်စီတပ်အား တိုင်းနှစ်တိုင်း PDFများ ပူးပေါင်းတိုက်ခိုက်ရာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများပြားကြောင်း Tiger King အဖွဲ့က သတင်းထုတ်ပြန်သည်။
ယနေ့(စက်တင်ဘာ ၁၂ ရက်) နံနက် ၉ နာရီခန့်ကစတင်ကာ မတ္တရာမြို့နယ် ရှင်လှ၊အေးကျွန်း၊ရေလယ်ကျွန်းရွာများရှိ စစ်ကောင်စီတပ်များနှင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းတို့က PDF ပူးပေါင်းအဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

တပ်ရင်း -၁၅ ( Tiger King)က အဝေးပစ်လက်နက်ကြီးဖြင့် (၁၂)ကြိမ်တိုင်တိုင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အပြန်အလှန်ပစ်ခတ်မှု နာရီဝက်ခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁၃ ဦးသေဆုံး၍ ၁၅ဦး ဒဏ်ရာရရှိသွားကြောင်း Tiger King အဖွဲ့က အသိပေးသည်။
စုံစမ်းသိရှိမှုအရ စစ်ကောင်စီတပ်များသည် ၎င်းတို့ပစ်သော လက်နက်ကြီး နှစ်လုံးမှာ ၎င်းတို့အနားပြန်ကျ၍ အထိအခိုက်အများအပြားရှိခဲ့သည်ဟု Tiger King အဖွဲ့က ဆိုသည်။

Public Service Announcement

ယနေ့မွန်းလွဲပိုင်းအထိ စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်နေဆဲဟု သိရသည်။
အဆိုပါ စစ်ဆင်ရေးအား ရွှေဘိုခရိုင်တပ်ရင်း -၁၅ ( Tiger King)၊ ကောင်းကင်တော်လှန်ရေးအင်အားစု မတ္တရာ၊ ရွှေဘိုခရိုင်တပ်ရင်း (၁၇)၊ ရွှေဘိုခရိုင် တပ်ရင်း (၁၈)၊ ဧရာဝတီညီအကို မတ္တရာအဖွဲ့၊ GZ Special Task Force၊ ဒေါင်းနီ အဖွဲ့၊စစ်က်ိုင်းတပ်ရင်း (၂) တပ်ခွဲ -၁ ၊ ရွှေဘိုခရိုင် တပ်ရင်း (၂)၊ G Fatt အဖွဲ့နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ယခင်ရက်ပိုင်းအတွင်းကလည်း ရေလယ်ကျွန်းရွာတွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များ တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဘက်က အထိအခိုက်များခဲ့သည်။


















































