လက်နက်အပြည့်အစုံဖြင့် လာရောက်ပူးပေါင်းကာ စစ်ကောင်စီအား CDFနဲ့အတူတိုက်ထုတ်လိုသူနှင့် CDMဝင်ရောက်လာသူ တပ်မတော်သားများ၊ရဲတပ်ဖွဲ့ဝင်များအား ဆုငွေ ကျပ်သိန်း၆၀ ပေးအပ်မည်ဖြစ်ပြီး ကိုယ်လက်ဗလာပူးပေါင်းလာပါက ခိုလှုံခွင့်နှင့် လုံခြုံသည့်နေရာ ရောက်ရှိသည်အထိ တာဝန်ယူမည်ဖြစ်ကြောင်း CDF-Thantlangက ယနေ့ (စက်တင်ဘာ ၆) သတင်းထုတ်ပြန်သည်။
“အချိန်မနှောင်းခင်တွင် ပြည်သူများနှင့် အတူပူးပေါင်းပြီး အကြမ်းဖက်စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရာတွင်ပါဝင်ကြဖို့ လေးလေးနက်နက်တိုက်တွန်း လိုပါသည်”ဟု CDF-Thantlangက မေတ္တာရပ်ခံထားသည်။
တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် စစ်ကောင်စီ၏ ပြည်သူများအပေါ် မတရားဖိနှိပ် ချုပ်ခြယ်သတ်ဖြတ်ရာတွင် လက်ပါးစေ အသုံးချခံဘဝအဖြစ်မှ ပြည်သူ့ဘက်တော်သားများအဖြစ်နှင့် အများပြည်သူအားကိုးထိုက်သောသူ အဖြစ်သို့ ကူးပြောင်းလိုသူ မည်သူမဆို CDF-Thantlangအနေဖြင့်လက်လှမ်းကြိုဆိုမည်ဖြစ်ကြောင်း အသိပေးထားသည်။
CDM ပြုလုပ်သောတပ်မတော်သား နှစ်ထောင်ဝန်းကျင်ရှိနေပြီဖြစ်သည်။ ထို့အပြင် ယခုရက်ပိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီမှ စွန့်ခွာ၍ CDM ပြုလုပ်ကာ ပြုသူ့ရင်ခွင်ခုံလှုံသူများလာကြောင်း CDM တပ်မတော်သားများကိုကူညီနေသော ပြည်သူ့ရင်ခွင်အဖွဲ့ မှသိရသည်။

Public Service Announcement


















































