Connect with us

Hi, what are you looking for?

သတင်း

မုံရွာ GTC ကျောင်းမှထွက်လာသည့် စစ်ကောင်စီယာဥ်နှစ်စီးအား PDF အနီးကပ်ပစ်ခတ်တိုက်ခိုက်

စစ်ကောင်စီအား တုံ့ပြန်တိုက်ခိုက်နိုင်ရန် မောင်းပြန်သေနတ် အစစ်ဝယ်နိုင်ရန်အတွက် ကူညီပေးကြရန် Area 71 PDF Monywa အဖွဲ့မေတ္တာရပ်ခံထားသည်။

အာဏာသိမ်းစ ၂၀၂၁ မတ်လအတွင်းက အကြမ်းဖက် စစ်ကောင်စီတပ်များအား မုံရွာမြို့ပေါ်တွင် တွေ့ရစဥ်။ ဓာတ်ပုံ-Cj
အာဏာသိမ်းစ ၂၀၂၁ မတ်လအတွင်းက အကြမ်းဖက် စစ်ကောင်စီတပ်များအား မုံရွာမြို့ပေါ်တွင် တွေ့ရစဥ်။ ဓာတ်ပုံ-Cj

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် GTC ကျောင်းမှ ထွက်လာသော အရပ်ဝတ်ဖြင့် စစ်ကောင်စီတပ်ဖွဲ့လိုက်ပါလာသည့် ယာဥ်နှစ်စီးအား အနီးကပ်ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးသေဆုံးကြောင်း Area 71 PDF Monywa အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

မုံရွာမြို့နယ်၊ မြေနဲကျေးရွာ၊ မိုးညှင်းသံဗုဒ္ဓေဘုရားအနီးရှိ GTC ကျောင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်က အရပ်ဝတ်များဖြင့် ပြည်သူများ၏ ကားများ အသုံးပြုကာ လက်နက်များ သယ်ယူပို့ဆောင်နေကြောင်း တပ်တွင်းသတင်းရ၍ Area 71 PDF Monywa အဖွဲ့က ငါးရက်ခန့် ကြိုတင်စောင့်ကြည့်လေ့လာခဲ့သည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ကို Area 71 PDF Monywa အဖွဲ့က ယမန်နေ့ (ဇန်နဝါရီ ၁၅ရက်) နံနက် ၅နာရီခန့်တွင် GTC ကျောင်းသို့ သွားရာလမ်းဘေး တစ်နေရာ၌ ကင်းပုန်းဝပ်ပြီး စောင့်ဆိုင်းခဲ့သည်။

ထို့နောက် နံနက် ၉ နာရီ မိနစ် ၂၀ခန့်တွင် GTC ကျောင်းအတွင်းမှ အရပ်ဝတ်များ‌ဖြင့် ဒိုင်နာကားတစ်စီး၊ ပါဂျဲရိုးကားတစ်စီး ထွက်ခွာလာရာ ပစ်ခတ်မှုစတင်ဖြစ်ပွားခဲ့သည်။

Public Service Announcement

Public Service Announcement

“အမှန်တကယ် ကျွန်တော်တို့ သတင်းရတာက ပါဂျဲရိုးကား အပြာရောင်တစ်စီးပဲဗျ။ ပစ်ခတ်မှု မလုပ်ခင်မှာ အဲ့ပါဂျဲရိုး ကားရဲ့ အရှေ့မှာ အရပ်ဝတ်နဲ့ လူတွေပါလာတဲ့ ဒိုင်နာကားပါ တွေ့ရတော့ ရဲဘော်တွေကို ပစ်မိန့်မပေးပဲထားလိုက်တယ်။ သူတို့လည်း ကျွန်တော်တို့ရှိမှန်းသိသွားတယ်။ အဲ့အချိန် ပြည်သူ့ကားလို့ထင်ထားတဲ့ ဒိုင်နာကားမောင်းသူဆီက ပစ်ကွာဆိုတဲ့ပစ်မိန့်ပေးသံကြားလိုက်ရတယ်။ အဲ့အချိန်မှာ ရဲဘော်အချို့ရဲ့ လက်လုပ်ရှော့ဂန်းတွေထဲမှာ ကျည်နှုတ်ပြီးဖြစ်နေတော့ ပစ်ချိန်မရလိုက်ဘူး။ ကျွန်တော်တို့ကို ဒိုင်နာကားပေါ်က စပြီးပစ်တာခံလိုက်ရတယ်။”ဟု Area 71 PDF Monywa အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အဆိုပါ နှစ်စီးကို ရဲဘော်များက လက်လုပ်ရှော့ဂန်းများဖြင့် အနီးကပ် ပစ်ခတ်ရာ စစ်အုပ်စုကလည်း ပြန်လည်ပစ်ခတ်ခဲ့ကြောင်း၊ စစ်အုပ်စုလိုက်ပါလာသော ကားနှစ်စီးအနက် ဒိုင်နာကားပေါ်က စစ်သားတစ်ဦး နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း Area 71 PDF Monywa အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“သူတို့မြင်တာက ကျွန်တော်တို့ ကင်းပုံးဝပ်တဲ့ ရဲဘော်များဘက်ကို မဲပစ်ချိန်မှာသူတို့နဲ့ဆယ်ပေအကွာလောက်မှာရှိတဲ့ ရဲဘော် သုံးယောက်ကို မသိကြဘူးဗျ။ အဲ့ချိန် ကျွန်တော်တို့က အနီးကပ် အသေအချာ ဒိုင်နာကားပေါ်က တစ်ယောက်ကို အသေပစ်နိုင်ခဲ့တယ်။သူတို့ သေနတ်သံနဲ့ သူတို့လုံးနေချိန်ဆိုတော့ ကျွန်တော်တို့ရဲ့အနီးကပ်ပစ်သံ သူတို့မကြားတာဖြစ်မယ်။ ကျွန်တော်တို့ရဲဘော်လည်း အဲ့တစ်ယောက်ကို ပစ်ပြီးတာနဲ့အမြန်ပြန်ထွက်ခဲ့တာ။”ဟု Area 71 PDF Monywa အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်အုပ်စုဘက်က အော်တိုမောင်းပြန်သေနတ်များ​သာမက (၄၀) မမ လက်နက်ကြီးဖြင့်ပြန်လည်ခုခံပစ်ခတ်ခဲ့၍ လက်နက်အင်အား မယှဥ်သာသောကြောင့် ပြန်လည်ဆုတ်ခွာခဲ့ကြောင်း၊ ရဲဘော်များ ပွန်းပဲ့ဒဏ်ရာသာရရှိခဲ့ကြောင်း၊ သေဆုံးသည့် စစ်သားကိုမူ မိုးကာအစိမ်းဖြင့် အုပ်ပြီး ဒိုင်နာကားပေါ် တင်ဆောင်သွားသည်ကို တွေ့မြင်ခဲ့ရကြောင်း အထက်ပါ တာဝန်ခံက ပြောသည်။

“အမှန်တကယ်ဆိုရင် မောင်းပြန်အစစ် လေးလက်လောက်နဲ့ ပစ်နိုင်ရင် စစ်ကောင်စီဘက်က အသေများပြီး လက်နက်ပါရနိုင်ပါတယ်ဗျ။ သူတို့အင်အားက စုစုပေါင်းမှ ၆ယောက်လောက်သာပါတာ။”ဟု Area 71 PDF Monywa အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်ကောင်စီအား တုံ့ပြန်တိုက်ခိုက်နိုင်ရန် မောင်းပြန်သေနတ် အစစ်ဝယ်နိုင်ရန်အတွက် ကူညီပေးကြရန် Area 71 PDF Monywa အဖွဲ့မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုဇုန်မှာ တပ်စွဲထားတဲ့ စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ ၄ ဦး သေဆုံးကြောင်း မုံရွာခရိုင်တပ်ရင်းတွေက ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

မုံရွာမြို့အ​ခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ရဲ့ပတ်ဝန်းကျင်က မြို့တွေမှာ စစ်ရေးတင်းမာနေပြီး စစ်‌တပ်က အရပ်သားတွေနဲ့ အိမ်ယာတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖျက်ဆီးနေတယ်လို့ ​ဒေသခံ နဲ့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေက​ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။