ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်ပြည်သူများနေထိုင်ရာနေရာကို စစ်ကောင်စီက လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ရာ စစ်ရှောင်တစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိကြောင်း ဒေသခံများက ပြောသည်။
ယမန်နေ့(မတ်လ ၂၈ ရက်) ညနေ ၆ နာရီခန့်က စစ်ကောင်စီသည် တိုက်လေယာဥ်အသုံးပြု၍ စစ် ရှောင်ပြည်သူများနေရာသို့ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။
“ဒေါရောက်ခူ ရွာလေးကို လေယာဉ်နဲ့ အကြမ်းဖက်အုပ်စုက ဗုံကြဲသွားတာပါ။အဲဒီမှာ ဘာတိုက်ပွဲမှလည်းရှိတာ မဟုတ်ဘဲနဲ့ကို သပ်သပ်လာပစ်တာ”ဟု ဒီးမော့ဆိုမြို့ခံတစ်ဦးက ရှင်းပြသည်။
ယခုလ ၂၄ ရက်ကလည်း တိုက်ပွဲမရှိသည့် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းသို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်ရာ အရပ်သားပြည်သူနှစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။

Public Service Announcement

အလားတူ မတ်လ ၂၃ ရက်က ဘောလခဲမြို့နယ်ရှိ ပုဂ္ဂလိကသစ်ထုတ်လုပ်ရေး လုပ်ငန်းနေရာအား စစ်ကောင်စီတပ်က တိုက်လေယာဥ်ဖြင့်တိုက်ခိုက်၍ ပြည်သူနှစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။
လက်ရှိ စစ်ကောင်စီတပ်၏ ကရင်နီဒေသသို့ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ဖေဖော်ဝါရီ ၂၇ ရက်မှ မတ်လ ၁၂ ရက်အထိ နှစ်ပတ်တာကာလအတွင်း ကရင်နီ ဒေသ၌ အရပ်သား ၄၁ဦးကို သတ်ဖြတ်ကာ ၁၄ဦးကို စစ်ကောင်စီတပ်က ဖမ်း ဆီးကျူးလွန်ခဲ့ကြောင်း ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်က ဆိုသည်။
ထို့အပြင် ဒီးမော့ဆို၊ လွိုင်ကော်၊ဘောလခဲ၊ ဖရူဆိုမြို့နယ်များနှင့်ရှမ်း-ကယားနယ်စပ် ဖယ်ခုံ၊ပင်လောင်းမြို့နယ်များမှ စစ်ဘေးရှောင် ၅၀,၀၀၀ ကျော်မှာ အရေးပေါ်ထွက်ပြေးရှောင်တိမ်းနေကြရပြီး ပြည်နယ် အတွင်း စုစုပေါင်း စစ်ဘေးရှောင် နှစ်သိန်းခွဲ အထိရှိလာသည်။


















































