ဂျာမဏီနိုင်ငံ Oldenburg မြို့မှာ ကျင်းပနေတဲ့ နိုင်ငံတကာရုပ်ရှင်ပြပွဲမှာ ဒါရိုက်တာဏကြီး ရိုက်ကူးတဲ့ What happened to the wolf? ဇာတ်ကားနဲ့ အိန္ဒြာကျော်ဇင် ဟာ Seymour Cassel Award for Best Performance ဆုကို ရရှိသွားပါတယ်။
အဓိကသရုပ်ဆောင် ၂ ဦး ဟာ ( အိန္ဒြာကျော်ဇင်နဲ့ ပိုင်ဖြိုးသု ) မြန်မာနိုင်ငံက အကယ်ဒမီဆုရှင်တွေဖြစ်ပြီး ကြည့်ရှုသူပရိသတ်ကို မှင်သက်ငေးမော ၊အသက်ရှုမှားစေအောင် သရုပ်ဆောင်နိုင်ခဲ့ပါတယ်လို့ ဆုပေးပွဲမှာကြေညာခဲ့ပါတယ်။
ဒါအပြင်သရုပ်ဆောင်ရဲ့ ရိုးရှင်းလှပမှု ၊ ပင်ကိုယ်စိတ်ထား ၊တန်ဖိုးဖြတ်မရတဲ့ ရုပ်ရှင်လောကအတွက် သူမရဲ့ပါရမီကို အသိအမှတ်ပြုတဲ့အနေနဲ့ ဆုကို ချီးမြှင့်တာလို့လည်းဆိုပါတယ်။
ဒီဆုကို ချီးမြှင့်တဲ့အချိန်မှာတော့ အိန္ဒြာကျော်ဇင်ဟာ စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့အတွက် အင်းစိန်အကျဉ်းထောင်မှာ ဖမ်းဆီးချုပ်နှောင်ခံထားရချိန်လည်းဖြစ်ပါတယ်။
ဒါအပြင် ဒါရိုက်တာဏကြီးတို့ဇနီးမောင်နှံကိုလည်း စစ်ကောင်စီက အမှုဖွင့်ထားပါသေးတယ်။